တောဆင်ရိုင်းများကို အနီးကပ် ဓာတ်ပုံရိုက်သူ နှာမောင်းဖြင့် ရစ်ပေါက်ခံရသဖြင့် သေဆုံး

မန္တလေး၊ သြဂုတ် ၂၄
နတ်မောက်မြို့နယ်အတွင်း ကြိုးဝိုင်းတစ်ခုမှ ရွှေ့ပြောင်းသွားလာခဲ့သော တောဆင်ရိုင်း ခြောက်ကောင်သည် ၂၄ ရက်နေ့က ကျောက်ပန်းတောင်းမြို့နယ်မှ ညောင်ဦးမြို့နယ် အတွင်းသို့ ရောက်ရှိလာစဉ် အနီးကပ် ဓာတ်ပုံရိုက်သော ကျေးရွာသားတစ်ဦးကို ဆင်တစ်ကောင်က နှာမောင်းဖြင့် ရစ်ပေါက်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း ယင်းဆင်များကို စောင့်ကြည့်နေသူ တောင်သာမြို့ခံ တစ်ဦးထံမှ သိရှိရသည်။
ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စု ကံကျဲကျေးရွာတွင် နေထိုင်သော အသက် ၃၄ နှစ်ရှိ အမျိုးသားတစ်ဦးက ဆင်ကို အနီးကပ်ဓာတ်ပုံရိုက်ရာမှ ယင်းဆင်များထဲမှ ဆင်တစ်ကောင်က နှာမောင်းဖြင့် ရစ်ပတ်ကိုင်ပေါက်ခဲ့သဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
သြဂုတ်လ ၂၃ ရက်နေ့က ကျောက်ပန်းတောင်းမြို့နယ် အတွင်း ဖြတ်သန်းစဉ် သီးကုန်းကျေးရွာနှင့် မြင်သာတောင်ကျေးရွာမှ ကလေးငယ်နှစ်ဦး ထိခိုက်မှုများ ရှိခဲ့ကြောင်း ကျောက်ပန်းတောင်းမြို့နယ် သုံးအိမ်ကုန်းကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါ ဆင်ရိုင်းခြောက်ကောင်သည် သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၈ နာရီခန့်အချိန်က မိတ္ထီလာမြို့နယ် အနောက်ပိုင်း ညောင်ပင်လျှို ကျေးရွာအုပ်စု ဖက်တောကျေးရွာ အနောက်ဘက် နှစ်မိုင်အကွာရှိ လျှိုအတွင်း ခေတ္တနေထိုင်ခဲ့ပြီး အဆိုပါဒေသအတွင်း ဖြတ်သန်းသွားရာ ညနေ ၄ နာရီခန့်တွင် အဆိုပါဆင်အုပ်စုမှ ဆင်တစ်ကောင်၏ တိုက်ခိုက်မှုကြောင့် ဖက်တောကျေးရွာသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ ကျေးရွာသားများက ပြောကြားသည်။
ယင်းသို့ ဖြတ်သန်းသွားသော တောဆင်ရိုင်း ခြောက်ကောင်အုပ်စုတွင် ဆင်အကြီး လေးကောင်ခန့်နှင့် ဆင်အငယ် နှစ်ကောင်ခန့် ပါဝင်ကြောင်း မိတ္ထီလာမြို့နယ် သစ်တောဦးစီးဌာနနှင့် မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများထံမှ သိရသည်။
အဆိုပါ ဆင်အုပ်စုသည် သြဂုတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် မိတ္ထီလာနှင့် နယ်မြေချင်း ဆက်စပ်နေသော မလှိုင်မြို့နယ် ခင်သာကျေးရွာအနီး မြစိမ်းရောင် သစ်တောကြိုးဝိုင်း အတွင်းရှိ လျှိုအတွင်းသို့ ဆင်းသွားပြီးနောက် သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် မလှိုင်မြို့နယ် ဆည်တိုရွာ အနောက်ဘက်ရှိ အုတ်ကြီးကျေးရွာ လမ်းခွဲအနီးသို့ ရောက်ရှိခဲ့ကြောင်း၊ နံနက် ၁၁ နာရီခွဲအချိန်တွင် လယ်ဗျားကျေးရွာအုပ်စု ခေါင်းတောကျေးရွာ အနီးသို့ လည်းကောင်း၊ ၁၂ နာရီခန့်တွင် ဆင်ကျုံးကျေးရွာ အနီးသို့ လည်းကောင်း ရောက်ရှိခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျောက်ပန်းတောင်းမြို့နယ်ဘက်ကို ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း မလှိုင်မြို့နယ် သစ်တောဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

http://www.thevoicemyanmar.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။