ရန်ကုန်၊ သြဂုတ် ၂၄

ဇူလှိုင်လ ၃၀ ရက်နေ့က တိုက်ခတ်ခဲ့သော ကိုမန်မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာ အထက်တန်းကျောင်း ရှိ ကျောင်းဆောင်အများအပြား ပျက်စီးသွားခဲ့ပြီး၊ ယခုအချိန်ထိ ပျက်စီးသွားသော ကျောင်းဆောင်များကို ပြန်လည် ပြုပြင်နိုင်ခြင်း မရှိသေးသဖြင့် ကျောင်းသားများ ပုံမှန် ကျောင်းမတက်ရဘဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။
“ ကျောင်းဆောင် ၅ ဆောင် ပျက်စီးသွားပါတယ်။ ရွာသားတွေက တတ်နိုင်တဲ့ ကျောင်းဆောင် နှစ်ခုကိုတော့ ကိုယ်ထူ ကိုယ်ထ ပြန်လည် ပြုပြင်ထားပါတယ်။ နောက်ထပ် ကျောင်းဆောင် သုံးခုက အကြီးစား ပြန်လည် ပြုပြင်ရမှာ ဖြစ်တဲ့ အတွက် ရွာသားများ မနိုင်တာကြောင့် အခုအချိန်ထိ မပြုပြင်နိုင်ဘဲ ရှိနေပါသေးတယ်။ ဒီအတွက် ကျောင်းသားတွေ ပုံမှန် ကျောင်းမတက်ရဘဲ ဖြစ်နေပါတယ်” ဟု စေတီပြင်ကျေးရွာမှ ဦးမောင်စောဝင်းက ပြောသည်။
အကြီးစား ပြိုပျက်သွားသော ကျောင်းဆောင်သုံးဆောင်ကို ပြန်လည်
ပြုပြင်နိုင်ခြင်း မရှိသေးသဖြင့် အထက်တန်းကျောင်းရှိ ကျောင်းသား တစ်ထောင်ကျော်ကို နှစ်သုတ်ခွဲကာ မနက်တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ် သင်ကြားပို့ချနေရကြောင်း၊ သို့သော်လည်း မိုးရွာလျှင် ကျောင်း မတက် ရဘဲ ဖြစ်နေကြောင်း သူက ပြောဆိုသည်။
ကျောင်းဆောင်များ ပြိုပျက်ပြီး ကလေးငယ်များ၏ ပညာရေး ထိခိုက်နေသဖြင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ အနေဖြင့် အမြန်ဆုံး စစ်ဆေး ပြုပြင် ရန် လိုအပ်နေကြောင်း ကျေးရွာသားများက ပြောဆိုသည်။
အလားတူ စေတီပြင် ကျေးရွာအုပ်စုရှိ သာယာကုန်း မူလတန်း ကျောင်းနှင့် စေတီပြင် အနောက်တောင် မူလတန်းကျောင်းဆောင် များမှာလည်း လေမုန်တိုင်းကြောင့် ပြားပြား ၀ပ်သွားပြီး ယခု အချိန်ထိ ကျောင်းများကို ပြန်လည် တည်ဆောက်နိုင်ခြင်း မရှိသေး၍ ကျောင်းသားများအနေဖြင့် ဘုန်းကြီးကျောင်းအောက်တွင် သင်ကြားနေကြရကြောင်း သိရသည်။
စေတီပြင်ကျေးရွာနှင့် မေယူကမ်းရှိ ကျေးရွာ အများအပြားသည် ကိုမန် မုန်တိုင်းဒဏ်ကို အကြီးအကျယ် ထိခိုက် ခံခဲ့ရပြီး စေတီပြင် ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ အဆောက်အအုံ ၆၀ ရာခိုင်နှုန်းမှာလည်း ပျက်စီးသွားခဲ့သည်ဟု သိရသည်။
(ပျက်စီးသွားသော စေတီပြင် အထကကျောင်းဆောင်များ)

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။