၁။ ဥက္ကဋ္ဌ- ဦးသုဝေ
၂။ ပါတီဝင်အရေအတွက် -ငါးသောင်း
၃။ မဲဆန္ဒနယ်-ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်း၊ တနင်္သာရီ စသည့်တိုင်းဒေသကြီးခြောက်ခုတွင် ၀င်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ-နိုင်ငံသားများ အားလုံးအနိုင်ရရှိရေး (Win-Win Policy)
၅။ ဆောင်ပုဒ် - လူဖြစ်ကျိုးနပ်ရေး ဒို့အရေး
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက်-ပါတီကိုယုံကြည်ပြီး ကြိုးကြိုးစားစား လုပ်ကိုင်နေသူ။ သက်ဆိုင်ရာဒေသများတွင် ပြည်သူလူထု၏ ကြည်ညိုလေးစားခံရသူ။ရွေးကောက်ပွဲနှင့် ပတ်သက်၍ မိမိကုန်ကျစရိတ်ကို မိမိဘာသာစိုက်ထုတ်နိုင်သူ။(လက်ရှိ၌ ကိုယ်စားလှယ်လောင်း ၅၀ ကျော်ရှိ)
၇။ ရန်ပုံငွေ-ပါတီဝင်အများစုငွေဖြင့် လည်ပတ်နေ။ မဲဆွယ်ကာလတွင် အကူအညီ တရားဝင်ပေးလာပါက လက်ခံသွားမည်။
၈။ ပါတီနောက်ခံသမိုင်းကြောင်း -၂၀၀၉ တွင်ပါတီတည်ထောင် ရန် စတင်ပြင်ဆင်ခဲ့။ ၂၀၁၀ ရွေး ကောက်ပွဲအတွက် ပါတီအသစ် အနေဖြင့် ပထမဆုံးမှတ်ပုံတင်ခဲ့။
ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုးစွမ်းဆောင်နိုင်မလဲ။
အခြေခံဥပဒေဆိုတာ စဆွဲကတည်းက စဆွဲတဲ့ခေါင်းဆောင်၊ လုပ်ပေးတဲ့ အစိုးရအဖွဲ့ဟာ အဲဒီအစိုးရ ယန္တရားကြီးလည်ပတ်အောင်၊ အနှောင့်အယှက်မဖြစ်အောင် ရေးရတာထုံးစံပဲ။ ဥပဒေစဆွဲတဲ့အခါ အားလုံးအ ပြည့်အ၀ လက်ခံတယ်ဆိုတာ ဘယ်တိုင်းပြည်မှာမှ မရှိဘူး။ ဆွဲကတည်းကကို ပြင်ရမယ့်အချိန်ရောက်ရင် ပြင်ရမယ်ဆိုတာ ရှိပြီးသား။ နောက်ပြီး အခြေအနေ၊ အချိန်အခါဆိုတာ ပြောင်းနေတာ။ ပြောင်းနေတဲ့အခါကျတော့ ဒီဥပဒေကို ပြင်သင့်ရင် ပြင်ရမှာပေါ့။ ဆိုလိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ တခြားတိုင်းပြည်တွေမှာလည်း ဒီလိုပဲ ပြင်ခဲ့တာပဲ။ ကျွန်တော်တို့တိုင်းပြည်လည်း ပြင်ရမှာပေါ့။ ဘာတွေပြင်ရမလဲဆိုတာ ကတော့ အခုလည်း ပြင်နေတာပေါ့။ အခု လွှတ်တော်ထဲရောက်နေတဲ့ ကိုယ်စားလှယ်တွေလည်း ပြင်နေကြတာ။ အဲဒီလို ပြင်တဲ့နေရာမှာ ဥပမာအားဖြင့် ၄၃၆ ပေါ့။ ၄၃၆က ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်လို့ရတယ်ဆိုတော့ အခက်အခဲရှိတာပေါ့။ အဲဒီအခက်အခဲကိုပြင်ရမယ်။ ဖျက်ရမယ်။ လျှော့ရမယ်။ ၄၃၆လိုဟာမျိုးက တခြားတိုင်းပြည်တွေမှာလည်းရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရှိသည်မှာ လွယ်လွယ်လေး ပြင်လို့ဘယ်ရမလဲ။ ကျွန်တော်တို့နိုင်ငံမှာ အခက်အခဲရှိသွားတာက လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း တပ်မတော်က အဓိကလိုဖြစ်နေတယ်။ ၇၅ ရာခိုင်နှုန်းကျော်မှဆိုတော့ သူတို့မပါဘဲ မရဘူး။ ကျွန်တော်တို့လုပ်သင့်တာက တပ်မတော် ၂၅ရာခိုင်နှုန်းဟာ ဒီမိုကရေစီနဲ့လည်း မကိုက်တာကြောင့် လွှတ်တော်ထဲမှာ သူတို့မပါရေးကို လုပ်ရမှာ။

လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါသလဲ။
အခုလည်းပဲ ကျွန်တော်တို့က ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အဖွဲ့မှာ သမ္မတနဲ့ရော၊ လက်နက်ကိုင်အဖွဲ့နဲ့ရော နိုင်ငံရေးပါတီတွေ တွေ့တာသုံးလေးကြိမ်ရှိသွားပြီပေါ့။ ငြိမ်ျးမ်းရေးရအောင် တိုက်တွန်းတယ်။ ငြိမ်းချမ်းရေးရဖို့ဆိုတာက တစ်ယောက်နဲ့ တစ် ယောက် ယုံကြည်မှုရဖို့လည်း လိုတာပေါ့။ နောက်ပြီး ငြိမ်းချမ်းချင်မှ ငြိမ်းချမ်းတာပေါ့ဗျာ။ ဆိုလို တာက ငြိမ်းချမ်းရေးလုပ်ဖို့က အရမ်းခက်တယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက ပိုခက်တယ်။ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်ရင် ဘာကိုစဆွေးနွေးရမလဲဆိုရင် တူညီတဲ့သဘောထားရှိတာကို အရင်စဆွေးနွေးရမှာပေါ့။ တူ ညီတာကို အရင်စလုပ်မှ ငြိမ်းချမ်း ရေးရမှာပေါ့။ ကွဲပြားတာကို အရင်စလုပ်ရင် ဘယ်လိုလုပ်ရမှာလဲ။ ကွဲပြားမှုက ရှိမှာပဲ။ ကွဲပြားမှုထဲမှာမှ ညီညွတ်မှုတစ်ခုကိုရှာပြီး လုပ်ဖို့တိုက်တွန်းတယ်။ အခုလက်ရှိက ကျွန်တော်တို့တိုင်းပြည်မှာ ခက်ခဲတာကြီးကို အရင်ဆွေးနွေးနေကြတယ်။ ဥပမာ- ဖက်ဒရယ်မူ၊ တပ်မတော်ဖက်ဒရေးရှင်းလုပ်ဖို့ဆို တော့ အခက်အခဲကြီးကို ရှေ့တန်းကလာတင်တယ်။ အဲဒီလိုဆိုတော့ ပြေလည်ဖို့ ခက်တာပေါ့။ သဘောတူညီလွယ်ဖို့က တူညီနိုင်သော အချက်အလက်တွေကို အရင်လုပ်လိုက် ပါ။ ကျွန်တော်တို့ အဲဒါကိုတိုက်တွန်းတယ်။

ပြည်သူတွေရဲ့ ၀င်ငွေ/ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားလား။
တိုင်းပြည်တစ်ခုမှာ ပြည်သူ၊ ပြည်သားတွေ လူဖြစ်ကျိုးနပ်ဖို့ဆိုတာက ၀င်ငွေ၊ ထွက်ငွေမျှရမှာပေါ့။ မမျှရင် ဒီလူဟာ ဘယ်လိုလုပ် တည်တည်တံ့တံ့နဲ့ ငြိမ်းချမ်းရေးရနိုင်မလဲ။ ၀င်ငွေ၊ ထွက်ငွေ မျှအောင် လုပ်ပေးရမယ်။ မျှအောင်လုပ်ပေးရမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်မှာ စီးပွားရေးဖွံ့ဖြိုးအောင် လုပ်ရမှာ။ စီးပွားရေးဖွံ့ဖြိုးမှလည်း နိုင်ငံသားတွေက ဒီနိုငံကိုမှီခိုပြီးနေမယ်။ အားကိုးပြီးနေမယ်။ ကျွန်တော်တို့ တိုင်းပြည်က ဆင်းရဲနေတော့ လူထုက အစိုးရအပေါ် မမှီခိုဘူးပေါ့ဗျာ။ ဒါတို့တိုင်းပြည်ကွ၊ တို့အစိုးရကွလို့ မပြောကြဘူး။ ဒီမိုကရေစီလည်း အပြည့်အ၀မရ သေးတော့ တို့နိုင်ငံသားဆိုတဲ့ စိတ်ဓာတ်ပျောက်နေသေးတယ်။ စီးပွားရေးဖွံ့ဖြိုးဖို့ လုပ်နေတာလည်း ရှိပါတယ်။ ဒါပေမဲ့ ၀င်ငွေ၊ ထွက်ငွေမမျှသေးဘူး။ အဲဒီတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့ အဓိကစဉ်းစားထားတယ်။

ပြည်သူတွေက ဒီမိုကရက်တစ်ပါတီ(မြန်မာ)ကို ဘာကြောင့် မဲပေးသင့်လဲ။
ကျွန်တော်တို့က နိုင်ငံသားအားလုံး အနိုင်ရရှိရေး (Win-Win Policy)ကို ရှေးရှုတယ်။ နံပါတ်တစ်က ကျွန်တော်တို့နိုင်ငံကို ဒီမိုကရေစီဖွံ့ဖြိုးအောင် လုပ် ချင်တာပေါ့။ ဖွံ့ဖြိုးမှလည်း တိုင်းပြည်က သာယာမယ်။ တိုးတက် မယ်။ လူတွေလည်း လွတ်လပ်မယ်ပေါ့။ နောက်တစ်ခုက ဥပမာအား ဖြင့် အခုကာလမှာ ကျွန်တော်တို့ တိုင်းပြည်မှာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးသင့်တယ်လို့ ထင်တယ်။ ဒီကာလမှာ ဖက်ဒရယ် နိုင်ငံတည်ဆောက်ချင် တယ်။ ဘာကြောင့် တည်ဆောက်ချင်လဲဆိုတော့ ဖက်ဒရယ်စနစ်ဆိုတာ ဒီမိုကရေစီစနစ်ရဲ့ နည်းလမ်းတစ်ခုပဲ။ အုပ်ချုပ်ရေးအာဏာကို ပြည်နယ် တွေကို ခွဲပေးတဲ့နည်းပေါ့။ ဒါတွေကို အောင်အောင်မြင်မြင်လုပ်စေချင် တယ်။ ကျွန်တော်တို့ပါတီက တိုင်းပြည်မှာ အကောင်းဆုံးဖြစ်မယ့် ဒီမို ကရေစီနည်းကိုလည်း ထွန်းကားအောင်လုပ်မယ်။ နောက်ပြီးအားလုံး ကျေနပ်နိုင်သော ဖက်ဒရယ်စနစ်ကိုလည်း ထူထောင်မယ်။ အဲဒီတော့ ကျွန်တော်တို့ပါတီကို အားပေးပါပေါ့ဗျာ။

သမ္မတလောင်း ရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
အဓိကကတော့ ပြည်သူလူထုက ရွေးတဲ့သူ သမ္မတဖြစ်မှာပေါ့။ သမ္မတဆိုတာ အုပ်ချုပ်ရေးကို လုပ်ရတာ။ ဘယ်လုပ်ငန်းမဆို လုပ်ငန်းကျွမ်းကျင်မှုဆိုတာလိုတယ်။ အုပ်ချုပ်ရေးပညာကို ကျွမ်းကျင်တဲ့သူ သမ္မတဖြစ်သင့်တာပေါ့။ ကိုယ့်တိုင်းပြည်အတွက် ကိုယ်ငယ်ငယ်လေးကတည်းက ဘယ်လောက်စိတ်ဝင်စားလဲ။ တိုင်းပြည်မှာ လိုအပ်နေတာတွေကို သူဝင်ခဲ့တယ်။ အသက်အရွယ်ရတော့လည်း ဘယ်လောက်ထိဝင်ပါခဲ့ တယ်၊ ဘယ်လောက်ထိ စွန့်စားခဲ့တယ်၊ အုပ်ချုပ်ရေးမှာ ဘယ်လောက်နားလည်လဲဆိုတာကြည့်ရမယ်။ နံပါတ်တစ်က နိုင်ငံရေးသမားစိတ်ရှိရမှာပေါ့။ တိုင်းပြည်အတွက် လုပ်ခဲ့ရမယ်။ တိုင်းပြည်အရေးအခင်းတွေရှိ တုန်းက ရှောင်နေသလား။ နားလည်သလား။ ကြည့်ရမှာပေါ့။ အကယ်၍ သူဟာဝင်ပါခဲ့မယ်ဆိုရင် အုပ်ချုပ်ရေးပညာကို အများကြီးလေ့လာခွင့် ရှိတာပေါ့။ အုပ်ချုပ်ရေးတတ်တော့ တိုင်းပြည်အတွက် ကောင်းတာပေါ့။ အုပ်ချုပ်ရေးတတ်တဲ့ ပုဂ္ဂိုလ်မျိုးကို သမ္မတခန့်ချင်တယ်။ ကျွန်တော်တို့က အကောင်းဆုံးကိုရွေးမှာပဲ။

ဥက္ကဋ္ဌအသက် -(၈၃) နှစ်
ပညာအရည်အချင်း- ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရရှိထား။
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- လွတ်လပ်ရေးကြိုးပမ်းမှုကာလ ကတည်းက ကျောင်းသားသမဂ္ဂ ကိုယ်တိုင်ထောင်ခဲ့။ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂအတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့။ နောက်ပိုင်းတွင် ဖဆပလအဖွဲ့ဝင်ဖြစ်ခဲ့။ ဦးကျော်ငြိမ်း၏ ကိုယ်ရေးအတွင်းဝန်အဖြစ် ခုနစ်နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့။ ၁၉၆၄တွင် ဦးနေ၀င်းအစိုးရကို ပုန်ကန်ပြီး ထိုင်းနိုင်ငံသို့ တိမ်းရှောင်ခဲ့။ ပြည်ပတွင် ပါလီမန် ဒီမိုကရေစီပါတီအဖြစ် လှုပ်ရှားခဲ့။ ၁၉၈၀ တွင် မြန်မာနိုင်ငံပြန်လာခဲ့။ ၁၉၈၈ တွင် ဒီမိုကရေစီပါတီအဖြစ် ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ခဲ့။၁၉၉၅ မှ ၂၀၀၅ အထိ ထိန်းသိန်းခံခဲ့ရ။ ၂၀၀၉ တွင် ဒီမိုကရစ်တစ်ပါတီ စတင်တည်ထောင်ခဲ့။
လက်ရှိအလုပ်အကိုင် - နိုင်ငံရေးသမား
စံပြပုဂ္ဂိုလ်-ဗိုလ်ချုပ်အောင်ဆန်း ခေတ်က နိုင်ငံရေးခေါင်းဆောင် များ။
ဆက်သွယ်ရန်-၀၁-၅၄၂၂၆၈
__http://7daydaily.com/election-2015
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။