သီလကထာ
ဝါဆိုလပြည့်နေတွင် ရွှေတိဂုံစေတီတော်၌ ဥပုသ်သီလစောင့်တည် ၀တ်ပြုနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
သီလရနံ့ မွှေးပျံ့ကြိုင်စွာ
သီလဆင်သိုင်း ရှုတိုင်းလှပါ။
သီလစောင့်ငြား မလားပါယ်ရွာ
မြတ်သီလ စိတ်ချကိုးကွယ်ရာ။
(မဟာစည်ဆရာတော်)
ဒါနနဲ့ ပြည့်စုံရင် ဘောဂသမ္ပတ္တိ-စည်းစိမ်ဥစ္စာနဲ့ ပြည့်စုံတယ်။ သီလနဲ့ ပြည့်စုံရင် ဘ၀သမ္ပတ္တိ-ဘ၀နဲ့ ပြည့်စုံတယ်။ ဘ၀နဲ့ ပြည့်စုံတယ်ဆိုတာ လူ့ဘ၀၊ နတ်ဘ၀၊ ကောင်းရာသုဂတိဘ၀ ရရှိတာကို ပြောတာ။ နောက်ပြီး သီလနဲ့ ပြည့်စုံတဲ့သူဟာ အသက်ရှည်တယ်၊ ကျန်းမာတယ်၊ ရုပ်ဆင်းဥပဓိ ကောင်းမွန်တယ်။ ဒါနက အထူးသဖြင့် လောဘကို နည်းစေတဲ့၊ ပယ်သတ်တဲ့ တရား။ သီလက ဒေါသကို နည်းစေတဲ့၊ ပယ်သတ်တဲ့ တရား။
ယနေ့ ဖွံ့ဖြိုးဆဲနိုင်ငံ အများစု အလိုရှိနေ၊ တောင့်တနေတာက ငြိမ်းချမ်းရေး။ မငြိမ်းမချမ်း ဖြစ်နေရတာတွေက လောဘ ဒေါသတွေကြောင့်။ ဒါနက လောဘကို လျော့နည်းစေတယ်။ ပယ်ရှားတယ်။ ဒါန- ပေးသင့်ပေးထိုက်တာတွေကို ပေးကြမယ်ဆိုရင် ငြိမ်းချမ်းပါမယ်၊ ငြိမ်းချမ်းရေးရပါမယ်။
သီလ- သူတစ်ပါးကို ထိခိုက်နစ်နာစေမယ့် ကိုယ်မှုနှုတ်မှုတွေကို စောင့်စည်းထိန်းသိမ်းကြမယ်ဆိုရင် ငြိမ်းချမ်းပါမယ်၊ ငြိမ်းချမ်းရေးရပါမယ်။ ဒါနက တစ်ကိုယ်ရေငြိမ်းချမ်းစေတယ်။ ပတ်ဝန်းကျင်ကို ငြိမ်းချမ်းစေတယ်။ သီလက ပတ်ဝန်းကျင်ကို ငြိမ်းချမ်းစေတယ်၊ တစ်ကိုယ်ရည်အတွက် ချမ်းသာစေတယ်။
သီလဆိုတာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်တဲ့ တရားပဲ။ သီလဆိုတာ စစ်ပွဲတွေကို ရပ်စေနိုင်တယ်။ ထောင်တံခါးတွေကို ပိတ်စေနိုင်တယ်။ စကြမင်းများရဲ့ ဓမ္မသတ်ဥပဒေဆိုတာ ငါးပါးသီလပဲ။ ဒါကြောင့် ငါးပါးသီလကို စက္က၀တ္တိဓမ္မသတ်လို့ ခေါ်တယ်။ စကြမင်းများဟာ တိုင်းပြည်ကို ငါးပါးသီလနဲ့ပဲ အုပ်ချုပ်တယ်။ ပါဏာတိပါတသိက္ခာပုဒ် လုံခြုံရင် လူသတ်မှုတွေ မရှိတော့ဘူး။ အဒိန္နာဒါနသိက္ခာ ပုဒ်လုံခြုံရင် သူခိုးတွေ မရှိတော့ဘူး၊ မုသာဝါဒ သိက္ခာပုဒ်လုံခြုံရင် လူလိမ်တွေ မရှိတော့ဘူး။ ဒီသိက္ခာပုဒ် သုံးခုနဲ့တင် တိုင်းပြည်က အတော်ငြိမ်းချမ်းနေပါပြီ။
သီလဆိုတာ ပါဠိသက်ဝေါဟာရ မြန်မာမွေးစားစကားလုံးပါပဲ။ သီလသဒ္ဒါဟာ နဂိုသဘောဆိုတဲ့အနက်၊ ကောင်းတဲ့အကျင့်ဆိုတဲ့အနက် အနက်နှစ်မျိုး ထွက်ပါတယ်။ နဂိုသဘောဆိုတဲ့ အနက်ကို ‘အလေ့အထ’ လို့လည်း သုံးနှုန်းကြပါတယ်။ လူတိုင်းမှာ အကျင့်ဆိုးလေးတစ်ခုမဟုတ် တစ်ခုတော့ ရှိတတ်တယ်။ အဲအကျင့်ဆိုးလေးဟာလည်း နဂိုသဘော အလေ့အထဆိုတဲ့ အနက်အရ ‘သီလ’ လို့ ခေါ်ဆိုရတာပါပဲ။
ဒါပေမဲ့ အများနားလည် လက်ခံမှုအရ သီလဆိုတာ မကောင်းတဲ့အကျင့် မဟုတ်ဘူး၊ ကောင်းတဲ့အကျင့် သက်သက်ပဲ။ ကောင်းတဲ့အကျင့်ဆိုတာ ကောင်းစွာဆောင်ရွက်ခြင်း၊ ကောင်းစွာထားရှိခြင်းပါပဲ။ ကောင်းစွာထားရှိခြင်းဆိုတာ ကာယကံဝစီကံတွေကို ဖရိုဖရဲ မဖြစ်စေခြင်းပါပဲ။ သီလမစောင့်ထိန်းတဲ့သူတွေမှာ ကာယကံဝစီကံတွေဟာ အထိန်းမရှိတဲ့ ချည်ငင်ပမာ ဖရိုဖရဲ ဖြစ်ချင်တိုင်း ပရမ်းပတာ ဖြစ်နေတတ်တယ်။ သီလစောင့်ထိန်းထားရင် ကာယကံဝစီကံတွေဟာ ဖရိုဖရဲ ပရမ်းပတာ မဖြစ်တော့ဘူး။
ယခုဆိုခဲ့တဲ့ အနက်နှစ်မျိုးသည်သာ သီလသဒ္ဒါအတွက် သဒ္ဒါဆရာတို့ ခွင့်ပြုအပ်တဲ့ အနက်များ ဖြစ်တယ်။ အပရေဆရာတို့ကတော့ သီလသဒ္ဒါကို အနက်အဓိပ္ပာယ် ၁၂ မျိုးမျှ ပြကြတယ်။
ဦးခေါင်းနဲ့တူလို့ မြင့်မြတ်သောကြောင့် ‘သီလ’ လို့ ခေါ်တယ်။ လူ့ခန္ဓာကိုယ်မှာ ဦးခေါင်းဆိုတာ အမြတ်ဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်တယ်။ သီလကုသိုလ်ဟာလည်း ဦးခေါင်းလိုမြင့်၍ မြတ်သောကြောင့် ‘သီလ’ လို့ ခေါ်ဆိုတယ်။
လူတိုင်းဟာ ရာထူးဂုဏ်သိန်စည်းစိမ်ဥစ္စာအားဖြင့် မြင့်လည်းမြင့်လိုကြတယ်။ မြတ်လည်းမြတ်လိုကြတယ်။ ဒါဆိုရင်ဖြင့် သီလစောင့်ပါ၊ သီလစောင့်ရင် မြင့်လည်းမြင့်ပါတယ်၊ မြတ်လည်းမြတ်ပါတယ်။ ငြိမ်းချမ်း အေးမြသောသဘော ရှိသောကြောင့် ‘သီလ’ လို့ ခေါ်ဆိုရတယ်။
ယနေ့ ဖွံ့ဖြိုးဆဲနိုင်ငံ အများစုမှာ ပြဿနာ အထွေထွေနဲ့ မငြိမ်းမချမ်း ပူပူလောင်လောင် ရှိလှတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး...ငြိမ်းချမ်းရေးလို့ ပါးစပ်တွေကတော့ တွင်တွင်အော်နေကြတာပါပဲ။ ငါးပါးသီလမှ မလုံဘဲ၊ ငါးပါးသီလမှ မထိန်းဘဲနဲ့တော့ ဘာငြိမ်းချမ်းရေးမှရမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးကို တကယ်ယူချင် တကယ်ရချင်ရင်တော့ ငါးပါးသီလ လုံခြုံကြဖို့ပါပဲ။
ကာယကံဝစီကံတို့ကို ကောင်းစွာထားခြင်းကြောင့် ‘သီလ’ လို့ ခေါ်ဆိုရတယ်။ လူတိုင်း အကောင်းကြိုက်ကြတယ်။ အ၀တ်ကောင်းကောင်း၊ အစားကောင်းကောင်း၊ တိုက်ကောင်းကောင်း၊ ကားကောင်းကောင်း၊ ၀င်ငွေကောင်းကောင်း ရှိလိုကြတယ်။ အဲဒီ ‘ကောင်း’ ဟူသမျှဟာ ကာယကံကောင်းတွေ၊ ၀စီကံကောင်းတွေက လာတာပဲ။ ကာယကံ ၀စီကံကို ကောင်းစေတာလည်း သီလသာ ဖြစ်တယ်။ ဒါကြောင့် အကောင်းကြိုက်ရင်ဖြင့် သီလစောင့်ဖို့ လိုပါတယ်။
ကုသိုလ်တရားအားလုံးရဲ့ တည်ရာဖြစ်သောကြောင့် ‘သီလ’ လို့ ခေါ်ဆိုရတယ်။ လူတိုင်း ကောင်းကျိုးရချင်တယ်၊ ကောင်းကျိုးကို မျှော်ကိုးကြတယ်။ ကောင်းကျိုးဟူသမျှ ကောင်းကြောင်းက လာတယ်။ အဲဒီ ကောင်းကြောင်းဆိုတာ ကုသိုလ်ပဲ။ ကောင်းမှုပဲ၊ ကုသိုလ်ကောင်းမှုတို့ရဲ့ တည်ရာက သီလပဲ။ ဒါကြောင့် ကောင်းကျိုးလိုလားရင် သီလစောင့်ရမယ်။
အကုသိုလ်တရားတွေကို အိပ်စက်စေတတ်သောကြောင့် ‘သီလ’ လို့ ခေါ်ဆိုရတယ်။ လူတိုင်း ချမ်းသာချင်ကြတယ်။ ချမ်းသာကို လိုလားတောင့်တကြတယ်။ ဒါပေမဲ့ ဆင်းရဲမှာတော့ ကြောက်တယ်။ မဆင်းရဲချင်ဘူး၊ ဒုက္ခမရောက်ချင်ဘူး။ အဲဒီဒုက္ခတွေကို ဘယ်သူသယ်လာသလဲ။ ဒုက္ခတွေကို အကုသိုလ်က သယ်လာတယ်၊ ဒုက္ခပေးတာ အကုသိုလ်က ပေးတာ။ အဲဒီ ဒုက္ခပေးတတ်တဲ့ ကုသိုလ်တွေကို အိပ်စက်ငြိမ်သက်စေနိုင်တာက သီလပဲ။ ဒါကြောင့် မဆင်းရဲချင်ရင် ချမ်းသာချင်ရင် သီလစောင့်ရမယ်။
သူတော်ကောင်းတို့ မှီဝဲအပ်သောကြောင့် သူတော်ကောင်းတို့ သန္တာန်မှာ ဖြစ်သောကြောင့် ‘သီလ’ ခေါ်တယ်။ လူဆိုတာ တော်လည်းတော်၊ ကောင်းလည်းကောင်းဖို့ လိုပါတယ်။ သူတော်ကောင်းဖြစ်ရတာ လူဖြစ်ရကျိုး နပ်တာပါပဲ။ လူဖြစ်ကျိုးနပ်ဖို့အတွက် ဆိုရင်လည်း သူတော်ကောင်းဖြစ်ဖို့ လိုပါတယ်။ သူတော်ကောင်းဖြစ်ဖို့အတွက် လိုအပ်တာက သီလပါပဲ။
အကုသိုလ်တရားတို့ကို တုန်လှုပ်စေတတ်သောကြောင့်၊ အကုသိုလ်တရားတွေ မဖြစ်ပွားအောင် စောင့်စည်းတတ်သောကြောင့် ‘သီလ’ ခေါ်ပါတယ်။ အကုသိုလ်ဆိုတာ ဒုက္ခပေးတတ်တဲ့ တရားပါ။ ဒုက္ခကိုကြောက်ရင် အကုသိုလ်ကို ကြောက်ရပါမယ်၊ ဒုက္ခကိုမုန်းရင် အကုသိုလ်ကို မုန်းရပါမယ်။ ဒုက္ခမရောက်ချင်ရင် အကုသိုလ်ကို ရှောင်ရပါမယ်။ အကုသိုလ် မဖြစ်ဖို့အတွက် မိမိမှာရှိမယ့် တရားက သီလတရားပါပဲ။
ကုသိုလ်တရားတွေ ၀င်ရောက်နားခိုရာ ဇရပ်တန်ဆောင်းနဲ့ တူသောကြောင့် ‘သီလ’ ခေါ်ပါတယ်။ ကုသိုလ်တရားတွေကို နှောင်ဖွဲ့တတ်သောကြောင့် ‘သီလ’ ခေါ်ပါတယ်။ သီလဆိုတာ ကုသိုလ်တရားတွေ ၀င်ရောက်နားခိုရာ ဇရပ်တန်ဆောင်းပါ။ သီလဆိုတာ ကုသိုလ်တရားတွေကို မိမိဆီမှာ နှောင်ဖွဲ့တတ်ပါတယ်။ လူ့ဘ၀ရဲ့ အနှစ်သာရ၊ အဓိပ္ပာယ်၊ တန်ဖိုးကား ကုသိုလ်ပါ။
ဘ၀ဆိုတာ ကုသိုလ်ရနေရင် အနှစ်သာရ ရှိပါတယ်၊ အဓိပ္ပာယ်ရှိပါတယ်၊ တန်ဖိုးရှိပါတယ်။ ကုသိုလ်ရဖို့အတွက် ဘာအဓိကလိုလဲ၊ သီလပဲလိုပါတယ်။
သီလနဲ့ ပြည့်စုံသူမှာ များစွာသော စည်းစိမ်ဥစ္စာတို့ကို ရရှိနိုင်ပါတယ်၊ ကောင်းသတင်း ကျော်စောစေပါတယ်၊ အဘယ် ပရိသတ်သို့မဆို ရဲတင်းစွာ ၀င်ထွက်နိုင်ပါတယ်။ မတွေမဝေ စုတေရပါတယ်။ သုဂတိဘ၀ ရောက်ရပါတယ်။ ဒါ သီလရဲ့ အကျိုးတရား ငါးပါးပါ။
သီလံ ကိရေ၀ ကလျာဏံ၊ သီလံ လောကေ အနုတ္တရံ။ (ဇာတက)
လောက၌ အကောင်းဆုံးအရာကား သီလသာဖြစ်သည်၊ လောက၌ အတုမရှိသော အရာကား သီလသာဖြစ်သည်။
သီလံ ယာဝ ဇရာ သာဓု။ (သံယုတ်)
ဘ၀ဆည်းဆာ နေ၀င်ချိန်ရောက်သည့်တိုင် အကောင်းဆုံးအရာကား သီလသာ ဖြစ်သည်။
သင်တို့အား ကျွန်ုပ်ပြောခဲ့ပါရစေ။ အကျင့်သီလသည် ငွေကြေးမှလာသည်မဟုတ်၊ လူတစ်ဦးတစ်ယောက်အတွက်ရော နိုင်ငံအတွက်ပါ ငွေကြေးနှင့် အခြားကောင်းရာမွန်ရာ ဟူသမျှတို့သည် အကျင့်သီလမှနေ၍ လာကြလေ၏။ (ဆော်ခရတ္တိ)

Writer:
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
http://www.news-eleven.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။