ထိုင်းရဲတပ်ဖွဲ့သည် ဘန်ကောက်မြို့ပြင်ဘက် တိုက်ခန်းတစ်ခုကို ဝင်ရောက်စီးနင်းရာ ဧရာဝဏ် နတ်ကွန်း ဗုံးခွဲမှုနှင့် ဆက်စပ်ပြီး ဗုံးလုပ်သည့် ပစ္စည်းများကို သိမ်းယူရရှိခဲ့ကြောင်း သိရသည်။
ဘန်ကောက် ဆင်ခြေဖုံး ရပ်ကွက်တစ်ခုရှိ တိုက်ခန်းတစ်ခုကို ဝင်ရောက်ရှာဖွေခြင်းသည် နတ်ကွန်း ဗုံးခွဲမှုနှင့် ဆက်နွှယ်ပြီး ဒုတိယမြောက် စီးနင်းမှုဟု ရဲတပ်ဖွဲ့က ဩဂုတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။ ယင်းမတိုင်မီကလည်း ဘန်ကောက် ရဲများသည် ဗုံးပေါက်ကွဲမှုနှင့် စပ်လျဉ်းပြီး မသင်္ကာသူ နိုင်ငံခြားသား တစ်ဦးကို ထိန်းသိမ်းထားသည်။
သို့သော်လည်း အဝတ်အစား အပြင်အဆင် သေးသေးနုပ်နုပ် ရှိဟန်တူသည့် အဆိုပါ နိုင်ငံခြားသားကို ဩဂုတ် ၂၈ ရက်တွင် ထိမ်းသိမ်းထားလိုက်ကတည်းက မည်သည့် သတင်းအစအနမျှ မရသေးဟုလည်း သိရသည်။ ၎င်းသည် မည်သည့်နိုင်ငံသား ဖြစ်သည်ကို အတိအကျ မသိရသေးချေ။
နောက်ထပ်တိုက်ခန်း တစ်ခုကို စီးနင်းရာတွင် ပတ်စ်ပို့အတုများ၊ ဖောက်ခွဲရေး ပစ္စည်းများအပါအဝင် ဗုံးလုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ပြီးခဲ့သည့် သီတင်းနှစ်ပတ်ခန့်က ဖြစ်ပွားသော ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်ကွဲမှုတွင် လူပေါင်း ၂၀ သေဆုံးပြီး ရာနှင့်ချီ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဘန်ကောက်ရဲတပ်ဖွဲ့သည် အမှုကို စုံစမ်းမှုနှင့် ပတ်သက်၍ မည်သို့မည်ပုံ တိုးတက်မှု ရှိနေသည်ကို နှုတ်ဆိတ်နေဆဲ ဖြစ်သည်။ ၎င်းတို့သည် နတ်ကွန်းအနီးရှိ လုံခြုံရေး ကင်မရာများကို ကိုးကားပြီး သံသယရှိသူ တစ်ဦး၏ ပုံကြမ်းကို ရေးဆွဲ၍ ဆုငွေထုတ်ပြန်ခဲ့သလို ယခုထိန်းသိမ်းထားသည့် သံသယ တရားခံ၏ လက်ကိုင်ဖုန်းမှ DNA နမူနာများကို တိုက်ဆိုင် စစ်ဆေးခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ သို့သော်လည်း နောက်ဆက်တွဲ စုံစမ်းမှု ရလဒ်များကို သတင်းမထုတ်ပြန်ခဲ့ချေ။
မျက်မြင်များ၏ အဆိုအရ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးသည့် နိုင်ငံခြားသားသည် တစ်ဦးတည်း နေထိုင်ခြင်း မဟုတ်ခဲ့ဘဲ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အနည်းဆုံး အခြားသူတစ်ဦးသည် တိုက်ခန်းတွင် ငှားရမ်းနေထိုင်နေခဲ့ကြောင်း သိရသည်။ “အဲဒီတစ်ယောက်က အရပ်လည်းပိုရှည်တယ်”ဟု အနီးအနားတွင် နေထိုင်သူ တစ်ဦးက ဆိုသည်။ “သူတို့က အရမ်း သိုသိုသိပ်သိပ်နိုင်တယ်။ အရပ်ရှည်ရှည်နဲ့ လူကတော့ အစားအသောက်တွေ ဘာတွေဝယ်ဖို့ အဓိက အပြင်ကိုထွက်တတ်တယ်”ဟု အမည်မဖော်သူ မျက်မြင်က ပြောကြားခဲ့သည်။
နောင်ချောက်အရပ်ရှိ ဈေးပေါသော တိုက်ခန်းများတွင် ထိုင်းမွတ်ဆလင် အများအပြား ငှားရမ်း နေထိုင်ကြပြီး နိုင်ငံခြားသားများလည်း ရံဖန်ရံခါ လာရောက် နေထိုင်တတ်ကြောင်း သိရှိရသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။