စံမောင်သန်း
စစ်တွေ၊ သြဂုတ် ၁၈

ရခိုင်ရေဘေးသင့် ပြည်သူများအတွက် သြဂုတ်လ ၁၇ ရက်နေ့က စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ပြုလုပ်သော ရခိုင်အနုပညာရှင်များ၏ စင်တင် ဂီတ ဖြေဖျော်ပွဲမှ ရန်ပုံငွေ ကျပ်သိန်း ၂၂၀ ရရှိခဲ့သည်ဟု စီစဉ်သူ ဦးစံမော်သိန်းက နိရဉ္စရာသို့ ပြောကြားသည်။
“ ရခိုင်ရေဘေးအတွက် စင်တင်ဂီတ ဖြေဖျော်ပွဲ တစ်ခုကို စစ်တွေမှာ ဒီလ ၁၇ ရက်နေ့ ညနေပိုင်းက ပြုလုပ် ခဲ့ပါတယ်။ စုစုပေါင်း အလှူထည့်ဝင်တာရော၊ လက်မှတ်ရောင်းရတာရော စုစုပေါင်း သိန်း ၂၂၀ ရရှိပါတယ်” ဟု သူက ဆိုသည်။
ယင်းစင်တင်ဂီတဖျော်ဖြေပွဲအား ရခိုင်ရေဘေးသင့် ပြည်သူများ ရန်ပုံငွေ အတွက် ရည်ရွယ်ပြုလုပ်ခဲ့ပြီး လက်မှတ်စောင်ရေ ၈၀၀ ထိ ရောင်းချခဲ့ရသည်ဟု သိရသည်။
ယခုဖျော်ဖြေပွဲသို့ ဝေဠုကျော်ဖေါင်းဒေးရှင်းမှ အလှူငွေ ကျပ်သိန်း ၅၀၊ ရွှေပြည်တန်အမြန်ယာဉ်မှ ၁၀ သိန်းကျပ်၊ ကမ္ဘောဇဘဏ် (အနာဂတ်အလင်းတန်း ဖေါင်ဒေးရှင်း) မှ ၁၀ သိန်းကျပ်၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နေတိုးမှ ၁၀ သိန်းကျပ်၊ ခန့်စည်သူထံမှ ၅ သိန်းကျပ် အပါအ၀င် အခြားအလှူရှင်များမှ ကျပ်သိန်း ၁၀၀ ကျော် လှူဒါန်းခဲ့ကြသည်။
ဖြေဖျော်ခဲ့ကြသော ရခိုင်အဆိုတော်များအထဲတွင် ကိုမြတ်ခိုင်ကျော်၊ ဒိုးရ်ရီ၊ ကိုဝင်းကိုခိုင်၊ ကိုကိုနိုင်၊ ဦးမောင်သိန်း၊ ကိုခိုင်ကျော်လင်း၊ ညှာစိမ်းခိုင်၊ ရီလှိုင်းပြာနှင့် ရခိုင်တစ်ပြည်နယ်လုံးမှ တစ်ခြား နာမည်ကြီး အဆိုတော်များလည်း ပါဝင်ကြသည်ဟု သိရသည်။ ဧည့်သည်အဆိုတော်များ အနေဖြင့် ထူးအိမ်လင်း၊ L လွန်းဝါနဲ့ L ကိုလင်းတို့ ၀င်ရောက် သီဆို ဖြေဖျော်ခဲ့ကြသည်။
အဆိုစင်တင် ဂီတ ဖြေဖျော်ပွဲကို ရခိုင်ပြည်နယ်ဂီတအစည်းအရုံး (ယာယီ)မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အထူးတန်းအတွက် ၁၀၀၀၀ ကျပ်နှင့် ရိုးရိုးတန်းအတွက် ၇၀၀၀ ကျပ်ဖြင့် ရောင်းချခဲ့သည်ဟု သိရသည်။
“ ယာယီ ကော်မတီဖွဲ့ပြီး ပြုလုပ်တဲ့ ရန်ပုံငွေ စင်တင် ဂီတပွဲ က အောင်မြင်တယ်လို့ ပြောလို့ပေမယ့် ရန်ကုန်က အဆိုတော်တွေ အလှူ လာလုပ်ရင်း ၀င်ဆိုမယ်လို့ ပြောဆိုထားတဲ့ နေရာမှာ လေယာဉ်လက်မှတ် အခက်အခဲကြောင့် အပြောင်းအလဲ ဖြစ်ပြီး အဆင်မပြေတဲ့ အပေါ်မှာတော့ တောင်းပန်ချင်ပါတယ်” ဟု ဦးစံမော်သိန်းက ပြောဆိုသည်။
(ရခိုင် အဆိုတော် ညှာစိမ်းခိုင်- Photo by Narinjara)
___Ref: Narinjara

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။