ဆင်းရဲနွမ်းပါးမှုနှင့် ကလေးပြည့်တန်ဆာ

ထက်ခေါင်လင်း/Myanmar Now
Wed, 2015-08-19
ရန်ကုန်မြို့ရှိ ပြည့်တန်ဆာအချို့ ကျက်စားရာနေရာတစ်ခုဖြစ်သည့် အင်းလျားကန်ပေါင်၏ ညဘက်မြင်ကွင်း/ဓာတ်ပုံ − ခွန်းလတ်/Myanmar Now
နေအိမ်တွင် မောင်ငယ်ဖြစ်သူကို ထိန်းကျောင်းနေရသည့် အသက် (၁၆)နှစ်အရွယ် မိန်းကလေးတစ် ဦးသည် တစ်ပတ်ကြာပျောက်နေ သည့် မိခင်ဖြစ်သူ အိမ်ပြန်ရောက် လာသဖြင့် ၀မ်းသာပျော်ရွှင်သွားသည်။ သို့သော်လည်း ထိုအပျော် က ကြာကြာမခံပါ။

 မိခင်က သူ့အတွက် တုန်လှုပ်ဖွယ် သတင်းဆိုးနှစ်ခု ယူလာသည်။ မိခင်ဖြစ်သူသည် ပြည့်တန်ဆာအလုပ် လုပ်ကိုင်ကာ မိသားစုကို ရှာဖွေကျွေးမွေးနေသူဖြစ်ပြီး သူ၏အပျိုစင်ကိုလည်း အမျိုးသားတစ်ဦးထံ သိန်းဆယ်ဂဏန်းဖြင့် ရောင်းချရန်  သဘောတူခဲ့ပြီးပြီဟူ သော အချက်နှစ်ခုဖြစ်သည်။
မ၀တ်ရည်(အမည်လွှဲ)သည် ဖခင်နောက်အိမ်ထောင်ပြု၍ မိခင် အိမ်အပြင်ထွက်အလုပ်လုပ်သော ကြောင့် အိမ်မှုကိစ္စများနှင့်မောင်ငယ်ဖြစ်သူကို စောင့်ရှောက်ခြင်း တာဝန်များယူရန် သတ္တမတန်းတက်နေစဉ်မှာပင် ကျောင်းထွက်လိုက်ရသည်။ ရန်ကုန်မြို့ ဆင်ခြေဖုံးရှိသူတို့၏ မိုးမလုံသည့် ဓနိမိုးအိမ်ကို မိုးတွင်းအမီပြုပြင်ရေး၊ ပဉ္စမတန်းကျောင်းသား မောင်ငယ်ကို ကျောင်းအပ်ရေး စသည့် စရိတ်စကများ၊ တင်နေသည့် အကြွေးတချို့တို့အတွက် သူ့အပျိုစင်ဘ၀ကို ပွဲရုံပိုင်ရှင်တစ်ဦးထံ ရောင်းချရန် မိခင်က ဆုံးဖြတ်ခဲ့ကြောင်း မ၀တ်ရည်က ပြောသည်။
 ‘‘ရမှာက သိန်းသုံးဆယ်တောင်တဲ့။ ညည်းက တစ်ခါမှမလုပ်ဖူးတော့ နာမှာစိုးလို့ မသွားခင်ကတည်းက လမ်းထိပ်က ဆေးခန်းမှာ ထုံဆေးထိုးပေးဖို့လည်း ငွေကြိုပေးထားပြီးပြီတဲ့။ ဟိုလူကြီး ပေးတဲ့ငွေလည်း ကြိုယူထားပြီးပြီ တဲ့။ အဲဒီညက သမီး တစ်ညလုံးငိုတယ်’’ဟု သူက ဆက်လက်ပြောသည်။
ထိုဖြစ်ရပ်နှင့် မိသားစုစား ၀တ်နေရေးအခြေအနေတို့က သူ့ ကို ပြည့်တန်ဆာတစ်ဦးဖြစ်လာစေ ရန် တွန်းပို့ခဲ့ပြီး ဘုရင့်နောင်ဈေး အနီးရှိ အနှိပ်ခန်းတစ်ခုသို့ ရောက် သွားသည်။ အနှိပ်ခန်းပိုင်ရှင်၏ ခေါင်းပုံဖြတ်မှု၊ ဘ၀တူလုပ်ဖော်ကိုင်ဖက်တို့နှင့် အဆင်မပြေမှုများကြောင့် ထိုနေရာတွင် နှစ်လကြာလုပ်ကိုင်ခဲ့ပြီးနောက် မ၀တ်ရည်သည် လမ်းပေါ်တွင် ဖောက်သည်မျှော်သူတစ်ဦး ဖြစ်လာသည်။ သူ့ဖောက်သည်အများစုက သူ့ထက် အသက်နှစ်ဆကြီးကြရာ မျက်နှာ သေးသေးဝိုင်းဝိုင်း၊ အရပ်လေးပေကျော်ကျော် မ၀တ်ရည်သည် တည်းခိုခန်းများသို့ သူ့အဖေအရွယ် လူကြီးတစ်ဦးဦးနှင့် ရောက်သွားတတ်သည်။
အပျိုစင်ဈေးကွက်
မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ပြဿနာများကြောင့် ပြည့်တန်ဆာ လောကအတွင်း ရောက်သွားသည့် မိန်းကလေးများထဲတွင် မ၀တ်ရည်ကဲ့သို့ အပျိုစင်ရောင်းစားခံရသူများလည်း ပါဝင်သည်ဟု ကျန်းမာရေးပညာပေးလုပ်ငန်းများ လုပ်ကိုင်နေသည့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်း Marie Stopes International Myanmar  ၏ မြန်မာပြည်ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်ကပြောသည်။ အပျိုစင်မိန်းကလေးနှင့် လိင်ဆက်ဆံလျှင် နုပျိုသည်၊ ကျန်းမာသည်၊ အသက်ရှည်သည်၊ HIVပိုး ပျောက်တတ်သည်ဟု တလွဲယုံကြည်နေသူအချို့ကြောင့် အပျိုစင်ဈေးကွက် ရှိနေမြဲဖြစ်သည်ဟု သူကသုံးသပ်သည်။
‘‘ကလေးတစ်ယောက်ကို အလုပ်ကြမ်းခိုင်းတာတောင် လုံးဝမ ဖြစ်သင့်ဘူးလို့ အားလုံးကလက်ခံ နေကြချိန်မှာ လိင်ကိစ္စမှာ အသုံးချတာဟာ လုံးလုံးမဖြစ်သင့်ဘူး’’ဟု ဒေါက်တာစစ်နိုင်ကပြောသည်။
အသက်မပြည့်သေးသူ အများစုသည် ၀င်ငွေကောင်းသည့် အလုပ်အကိုင်အခွင့်အလမ်းရှား ပါးမှုနှင့် မိသားစုအခက်အခဲများကြောင့် မြို့ကြီးများသို့ရောက်လာကြခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ တစ်ဝန်း ပြည့်တန်ဆာများ ပါဝင်သော ကွန်ရက်အဖွဲ့တစ်ခုဖြစ်သည့် Sex Worker In Myanmar Network မှ ဒေါ်သူဇာဝင်းက သုံး သပ်သည်။
‘‘ကလေးပြည့်တန်ဆာတွေ အများစုက အပျိုစင်ကိုတစ်နည်း နည်းနဲ့ အကြမ်းဖက်ခံရပြီးတော့မှ ဒီလောကထဲကို ရောက်လာတဲ့သူ တွေပါ။ သူတို့ရဲ့ အပျိုစင်ကိုလည်း မိဘကသော်လည်းကောင်း၊ အုပ်ထိန်းသူကသော်လည်းကောင်း  အသုံးချပြီး ရောင်းကြတာတွေများတယ်’’ဟု ဒေါ်သူဇာဝင်းကပြောသည်။
 အပျိုစင်ရောင်းဝယ်မှုတွင် ကာယကံရှင်မိန်းကလေးက ငွေကြေးအနည်းစုသာ ရကြသည်ဟု ဒေါ်သူဇာဝင်းက ဆက်လက်ပြောသည်။
‘‘ကြားထဲက ချိတ်ဆက်ပေးတဲ့ ပွဲစားတွေ၊ ပြည့်တန်ဆာခေါင်းတွေ၊ လုပ်ငန်းရှင်တွေကပဲ များ များယူသွားကြတာ’’
မြန်မာနိုင်ငံတွင် အသက် (၁၅)နှစ်မှ (၄၉)နှစ်ကြား အမျိုးသမီးများအနက်  ၀ ဒသမ ၄၅ ရာခိုင်နှုန်းသည် အခကြေးငွေကို တိုက်ရိုက်ယူပြီး လုပ်ကိုင်နေကြသည့် လိင်အလုပ်သမများအဖြစ် ရှိနေသည်ဟု ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံအစိုးရတို့ ၂၀၁၃ခုနှစ်က ကောက်ခံထားသည့် ခန့်မှန်းခြေစာရင်းများအရသိရသည်။ အရေအတွက်အားဖြင့် လေးသောင်းမှ ရှစ်သောင်းကြားရှိမည်ဟု ခန့်မှန်းထားသည်။ သောင်းနှင့်ချီရှိသော ပြည့် တန်ဆာများထဲတွင် အသက်မ ပြည့်သေးသူ အချို့လည်း ပါဝင်သည်ဟု ဒေါက်တာစစ်နိုင်က ယူဆသည်။
 အသက်မပြည့်သေးသူနှင့် လိင်ဆက်ဆံလျှင် အပေးအယူမျှ တမှု မရှိနိုင်သဖြင့် စိတ်ကျေနပ်မှု ပြည့်ဝနိုင်မည် မဟုတ်သည့်အပြင် လူ့ဘောင်အသိုင်းအ၀ိုင်းတွင် မ သင့်လျော်သော လုပ်ရပ်တစ်ခုဖြစ် ကြောင်း ရန်ကုန်၊ လှိုင်သာယာမြို့ နယ်နေ အသက်(၂၁)နှစ်အရွယ်ရှိ ပြည့်တန်ဆာ မပို့ပို့(အမည်လွှဲ)ကဆိုသည်။ အပျိုစင်ဈေးကွက်သို့ ရောက်ရှိပြီး လိင်လုပ်ငန်းတွင် ဆက်လက် ပါဝင်လာကြသူတို့ သည် ပြည့်တန်ဆာလောကမှ ရုန်း ထွက်ရန် ခဲယဉ်းကြောင်း၊ အသက်  ငယ်ရွယ်သူ ပြည့်တန်ဆာတို့သည် လမ်းပေါ်တွင် ဖောက်သည်ရှာရ သည်ထက် ပိုမိုလုံခြုံသောအလှ ပြင်ဆိုင်၊ အနှိပ်ခန်းအမည်တပ် ထားသည့်နေရာများကို ပိုမိုအမှီပြု လုပ်ကိုင်ကြကြောင်း မပို့ပို့ကပြော သည်။
‘‘အဖမ်းခံရတဲ့အတွေ့အကြုံ ရှိထားသူတွေကတော့ တစ်မျိုး ပေါ့။ ကျွန်မတို့အနေနဲ့ လမ်းပေါ် ကို ထွက်လုပ်ရမှာကြောက်တယ်’’ ဟု ယမန်နှစ်က အိမ်ထောင်ကွဲပြီး ပြည့်တန်ဆာလောကသို့ ရောက်လာသည့် ကလေးတစ်ဦးမိခင် မပို့ပို့က ရှင်းပြသည်။
ပြည့်တန်ဆာနှင့်ဥပဒေ
ပြည့်တန်ဆာများကို ဖမ်းဆီးအရေးယူနေသော်လည်း ပပျောက်သွားမည်မဟုတ်ကြောင်း ဒေါက်တာ စစ်နိုင်ကပြောသည်။
‘‘ဒီပြည့်တန်ဆာတွေကို  တရားဝင် လုပ်တာ၊ မလုပ်တာ ကျွန် တော် ဘာမှမပြောလိုပါဘူး။ ကျွန် တော်တို့ လုပ်နိုင်တာကတော့ ရှိနေတဲ့ဟာကို အရှိအတိုင်းလက်ခံ ပြီးတော့ သူတို့အတွက် ဆိုးရွားတဲ့ ဒုက္ခတွေမဖြစ်အောင် ကျွန်တော်တို့ဘက်ကတော့ လုပ်နေရဦးမှာပဲ’’ဟု ဒေါက်တာစစ်နိုင်က ပြော သည်။
ကျန်းမာရေးစောင့်ရှောက်မှု တန်းတူညီမျှရရှိရေး၊ ဥပဒေစိုးမိုး ရေးဝန်ထမ်းတို့၏ အနိုင်ကျင့်မှုမှ ကင်းလွတ်ရေးတို့အတွက် လက်ရှိ ပြည့်တန်ဆာဥပဒေက အာမခံ ထားခြင်းမရှိဟု လေ့လာသူတို့က ထောက်ပြကြသည်။
လိင်လုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်းပြုသူများ ကွန်ရက်ဖြစ်သည့် တော်ဝင်ခရေအဖွဲ့ ကမူ ပြည့်တန်ဆာဥပဒေကို ပြန် လည်လေ့လာစိစစ်ပြီး အသစ်ပြန် လည်ရေးဆွဲပေးရန် တောင်းဆို လျက်ရှိသည်။ ပြည်သူ့လွှတ်တော် တွင်လည်း လက်ရှိကျင့်သုံးနေ သည့် ၁၉၄၉ခုနှစ် ပြည့်တန်ဆာနှိပ် ကွပ်ရေးဥပဒေကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှုတချို့ရှိသော်လည်း အောင်မြင်မှုမရသေးပေ။
ပြည့်တန်ဆာတို့ကို အရေးယူရာတွင် ၎င်းတို့၏ ဖောက်သည်အ မျိုးသားတို့ကို ဖမ်းဆီးထိန်းသိမ်းရန် ဥပဒေက ခွင့်ပြုထားခြင်းမရှိဘဲ ပညာပေးဆုံးမခြင်းသာ အများဆုံးပြုလုပ်နိုင်သည်ဟု ရန်ကုန် တိုင်းရဲဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်းစာရင်းဌာနမှ ဒုတိယရဲမှူး ဒေါ်သီသီမြင့်ကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး တွံ တေးမြို့နယ်တွင် အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေး ဌာနကို ၂၀၀၂ ခုနှစ်က ဖွင့်ခဲ့ပြီး ယခုနှစ် ဆန်းပိုင်းကလည်း မန္တလေးတွင် တစ်ခုထပ်ဖွင့်ထားသည်ဟု ပြည် ထဲရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ပြည်သူ့ လွှတ်တော်သို့ သွားရောက်ရှင်း လင်းခဲ့သည်။
လိုအပ်နေတဲ့လိင်ပညာပေး
အသက်မပြည့်လျှင် လိင်အင်္ဂါဖွံ့ ဖြိုးမှုအားနည်းနေတတ်သဖြင့် ထိ ခိုက်ပွန်းပဲ့မှုပိုမိုဖြစ်လွယ်ပြီး ရောဂါ ကူးစက်ခံရနိုင်ခြေပိုများကြောင်း၊ လိင်နှင့်ပတ်သက်သည့် ဗဟုသုတ နည်းပါးနေသေးသဖြင့် မိမိကိုယ်မိ မိ ကာကွယ်စောင့်ရှောက်မှုလည်း အားနည်းကြကြောင်း ဒေါက်တာ စစ်နိုင်ကပြောသည်။
 ပြည့်တန်ဆာများအတွက် ကျန်းမာရေးအသိပညာနှင့် ဥပဒေပိုင်းဆိုင်ရာ အကူအညီပေးနေ သော Sex Worker In Myanmar Network အဖွဲ့မှ ဒေါ်သူဇာဝင်းကလည်း လူငယ်များအတွက် လိင်ပညာပေးမှုမရှိသလောက်ပင်ဖြစ်သည်ဟု သုံးသပ်သည်။
‘‘အသက်မပြည့်သေးတဲ့ပြည့်တန်ဆာတွေမှ မဟုတ်ဘူး။ အသက်မပြည့်သေးတဲ့ အမျိုးသားတွေကပါ လိင်မှုအသိပညာကို များများသိနေဖို့လိုတယ်။ HIV ပိုးမှ မဟုတ်ဘူး။ တခြားကာလသား ရောဂါတို့ကအစ ဖြန့်ဖြူးမှုတွေမ ဖြစ်အောင် အသိပညာဖွံ့ဖြိုးနေဖို့ လိုတယ်’’ဟု ဒေါ်သူဇာဝင်းကဆို သည်။
 ‘‘ပြည့်တန်ဆာလောကထဲ နည်းအမျိုးမျိုးကြောင့် ရောက်လာတဲ့ ကလေးတွေကို မိဘ၊ လုပ်ငန်းရှင်တွေကအစ အားလုံးက အကာအကွယ်ပေးဖို့လိုအပ်တယ်။ သူတို့ တွေဟာ တကယ်တော့ အသုံးချခံလိုက်ကြရလို့ ရောက်လာကြတာ’’
လိင်ပညာပေးအစီအစဉ်များကို မကြုံတွေ့ခဲ့ဖူးသည့် မ၀တ်ရည်သည် လူစည်ကားရာ လမ်းမ ပေါ်တွင် ဖောက်သည်ရှာရှင်း တစ်နေ့ကျပ် သုံးသောင်းခန့်ရသည့် အနေအထားကို ကျေနပ်ခဲ့သော်လည်း သူ့အလုပ်အကိုင်ကို အကြောက်ကြီးကြောက်အောင် ဖြစ်စေခဲ့သည်ကတော့ သူ့မိခင်၏  ကျန်းမာရေးဆိုးရွားလာသည့် အခြေအနေပင်ဖြစ်သည်ဟု ဆိုသည်။ သူ့မိခင်တွင် HIV ရောဂါပိုးရှိနေပြီဟူသော တွေ့ရှိချက်က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ထွက်လာသည်။
‘‘အမေကလည်း ဒီအလုပ်ထဲကပဲဆိုတော့ တစ်နေ့နေ့ သူထိနိုင်မှာကို သူသိထားပြီးသား။ ဒါပေမဲ့ တကယ်လည်းထိရော၊ သမီး တော်တော်လေးကြောက်တယ်’’ဟု မ ၀တ်ရည်က ရှင်းပြသည်။
သူ့ဇာတိ ရန်ကုန်ဆင်ခြေဖုံး လှိုင်သာယာမြို့နယ်တွင် အလယ်တန်းအထိသာ ပညာသင်ခဲ့သည့် မ၀တ်ရည်အတွက် ပြည့်တန်ဆာ လုပ်ငန်းမှရသည့် ၀င်ငွေက မက်စရာဖြစ်သော်လည်း အခြားအလုပ်အကိုင်တစ်ခုသို့ ပြောင်းလိုက် သည်။
ရုန်းထွက်ခြင်း
ယခုတော့ မ၀တ်ရည်က ရန်ကုန် မြို့ ဖုန်းပစ္စည်းအရောင်းဆိုင်တစ်ခုအတွင်း ကောင်တာနောက်ဘက်တွင် မတ်တတ်ရပ်နေသော အရောင်းဝန်ထမ်းဖြစ်နေပြီး ဖုန်းအမျိုးအစား၊ ဈေးနှုန်းတို့အကြောင်း ကျွမ်းကျွမ်းကျင်ကျင် ရှင်းပြနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။ လုပ်သက် နှစ်လကျော်ပြီ ဖြစ်သော်လည်း ဖုန်းအမျိုးမျိုး၏ လုပ်ဆောင်ချက်ကွာခြားပုံ၊ အခေါ်အဝေါ်တို့က သူ့အတွက် ခက်ခဲလှသော်လည်း နောက်ပြန်မလှည့်တော့ဘူးဟု ဆုံးဖြတ်ထားသောကြောင့် လက်ရှိအလုပ်တွင် အဆင်ပြေလာစေရန် အာရုံစိုက်သင်ယူလေ့လာနေသည်။
‘‘အခုဝင်ငွေက တစ်လကို ကျပ်ရှစ်သောင်းဆိုပေမယ့် ကျွန်မ ပိုလုံခြုံမှုရှိတယ်’’ဟု မ၀တ်ရည်က ပြောသည်။
မိသားစုငွေကြေးအခက်အခဲ ရှိသဖြင့် ပြည့်တန်ဆာအဖြစ် ယာယီပြန်လည်လုပ်ကိုင်ရန် တစ်ခါ တစ်ရံ စဉ်းစားမိသော်လည်း မိခင် ဖြစ်သူက စိုးရိမ်တကြီးတားမြစ် သည်။ လူမှုရေးအဖွဲ့တစ်ဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနေသည့် မိခင်က ရပ်ကွက်အတွင်း ဈေးလှည့်ရောင်းသည်။ မ၀တ်ရည်၏မောင်လေးက ကျောင်းတက်နေဆဲဖြစ်ပြီး ၎င်းတို့နှစ်ဦး၏ လက်ရှိ ၀င်ငွေအနည်းငယ်ကို ချွေတာသုံးစွဲနေရသည်ဟု ဆိုသည်။
မ၀တ်ရည်က သူ၏ခင်ပွန်းသည်ဖြစ်လာမည့်သူကို အတိတ်ဘ၀အကြောင်း လျှို့ဝှက်မထားလို သော်လည်း လက်ရှိအရောင်းဆိုင်တွင်မူ အလုပ်အကိုင်တည်မြဲရေးအတွက် သူ့ဘ၀အကြောင်း ဖွင့်မပြောရန် သူဆုံးဖြတ်ထားသည်။
‘‘ကျွန်မ ဒီလိုဖြစ်ခဲ့အောင်လုပ်ခဲ့တာလို့လည်း အမေ့ကို အပြစ်မတင်ဘူး။ ကျွန်မ တစ်ချိန်အရွယ်ရောက်လို့ အိမ်ထောင်တွေဘာတွေကျဦးမှာပဲ။ အဲဒီအချိန်ကျမှ ကိုယ့်သားသမီးတွေကို ဒီလိုမဖြစ်အောင် ကြိုးစားဖို့ပဲ စဉ်းစားတယ်’’ဟု မ၀တ်ရည်ကပြောသည်။
(မှတ်ချက်- အမည်အချို့ကို ပြောင်းလဲထားပါသည်။ — အယ်ဒီတာ)
____Ref: 7day News Journal
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။