ရခိုင်တိုင်းရင်းသားများ ယခုထက် ပိုမိုစည်းရုံးရန်နှင့် ဥပဒေကို လေးစားလိုက်နာရန် လိုအပ်ကြောင်း သူရဦးရွှေမန်း ပြောကြား

May 1, 2014
Written by:
ရဲမင်းနိုင်၊ သန်းလှိုင်
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ရခိုင်အမျိုးသားညီလာခံ နောက်ဆုံးနေ့တွင် အမှာစကား ပြောကြားစဉ်

ရခိုင်တိုင်းရင်းသားများ ယခုထက်ပိုမို စည်းရုံးရန်၊ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စည်းကမ်းရှိရန်နှင့် ဥပဒေကို လေးစားလိုက်နာရန် လိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ရခိုင်အမျိုးသား ညီလာခံ (ကျောက် ဖြူ) နောက်ဆုံးနေ့ မေ ၁ ရက်တွင် ပြောကြားသည်။

ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ)ကို ဧပြီ ၂၇ ရက်မှ စတင်ကျင်းပခဲ့ပြီး မေ ၁ ရက်တွင် ပြီးဆုံးခဲ့သည်။ ယင်းညီလာခံ နောက်ဆုံးနေ့တွင် သူရဦးရွှေမန်း တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ခြင်းဖြစ်သည်။

သူရဦးရွှေမန်းက ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် တရားဥပဒေ စိုးမိုးရေးမှာ အရေးပါလှကြောင်း၊ မိမိတို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံအဖြစ် ရည်မှန်းချက်ထား တည်ဆောက်နေကြောင်း၊ ယင်းနေရာတွင် ရခိုင်ပြည်သူ ပြည်သားများ၏ အခန်းကဏ္ဍလည်း မြင့်မားစွာပါဝင်ကြောင်း၊ ရခိုင်အမျိုးသား ညီလာခံဖြစ်မြောက်ရေးအတွက် ခွင့်ပြုပေးသော ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရကိုလည်း ကျေးဇူးတင်ကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေပေါင်း ၉၈ ခုကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြဋ္ဌာန်းခြင်းများကို ပြုလုပ်ထားခဲ့ပြီးဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်အတွင်း ဆွေးနွေးနေသော ဥပဒေ ၄၅ ခုရှိကြောင်း၊ ပြည်ထောင်စု အစိုးရနှင့်ဆိုင်သော ဥပဒေများဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေ ၂၀၀ နီးပါးခန့်မှာ ပယ်ဖျက်၊ ပြင်ဆင်၊ ဖြည့်စွက်ရန် လိုအပ်နေသည်ကို တွေ့ရကြောင်း၊ ဖက်ဒရယ် ဆိုသည်ကို မိမိတို့ငယ်ငယ်တည်းက ကြားခဲ့ကြောင်း၊ အချို့က ဖက်ဒရယ်ကို ခွဲထွက်သွားသည်ဟု ယုံကြည်ကြောင်း၊ အမှန်က ဖက်ဒရယ်ဆိုသည်မှာ စုစည်းပြီး နိုင်ငံတော်ကို ကာကွယ်ခြင်းသာဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

"ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တည်ငြိမ်အေးချမ်းဖို့လိုတယ်။ တည်ငြိမ်အေးချမ်းဖို့ အတွက်လည်း တရားဥပဒေစိုးမိုးရေးဟာ အရေးကြီးတယ်။ တရားဥပဒေ စိုးမိုးမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် များမှာလည်း တာဝန်ရှိပါတယ်။ ဥပဒေပြဋ္ဌာန်းပြီးပြီ ဆိုရင် ဥပဒေကို လိုက်နာဖို့လိုတယ်။ ဥပဒေကို ချိုးဖောက်ရင် အရေးယူရမယ်။ အရေးမယူရင် အဲဒီပုဂ္ဂိုလ်ဟာလည်း ဥပဒေချိုးဖောက်တာပါပဲ။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နိုင်ငံသားများ စိတ်ဓာတ်ခိုင်မာဖို့လိုတယ်။ စည်းကမ်းနဲ့ ဥပဒေကို လိုက်နာဖို့လိုတယ်။ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ဖို့လိုတယ်။ ဒါဆိုရင် ကျွန်တော်တို့ ဖြစ်ချင်တာတွေ ဖြစ်လာမှာပါ။ ဒါကြောင့် ရခိုင်မျိုးသားညီလာခံ ကျောက်ဖြူမှာ စကားပြောခွင့်ရတဲ့ အတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်" ဟုလည်း ၎င်းက ပြောကြားသည်။

ဖက်ဒရယ်ဆိုသည်မှာ ယနေ့ပြည်ထောင်စုသားများ ပြောဆိုနေသည့်အတိုင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူညီမျှ အခွင့်အရေး စသောအချက်သုံးချက်ကို ပြောကြောင်း၊ ထို့အပြင် ဗဟိုဦးစီးစနစ်ကို လျှော့ခြင်းလည်းဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် ဗဟိုဦးစီးချုပ်ကိုင်မှု များပြားနေသည့်အတွက် အောက်ခြေတွင် လုပ်ပိုင်ခွင့်နည်းပါးကြောင်း၊ ယင်းအတွက် ဒေသကောင်းကျိုး ချမ်းသာများကို လုပ်ပေးရန်အတွက် အခွင့်အလမ်းများ နည်းပါးသွားခဲ့ကြောင်း၊ ထို့ကြောင့် အောက်ခြေတွင် လုပ်ပိုင်ခွင့်ပိုပေးရန် လိုအပ်ကြောင်းလည်း အမှာစကားပြောကြားရာတွင် သူရဦးရွှေမန်းက ထည့်သွင်းပြောကြားသည်။

"ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း လုပ်ပိုင်ခွင့်နည်းနေတယ်။ ဗဟိုချုပ်ကိုင်မှု များနေတဲ့အတွက် ပါဝါတွေနည်းသွားတယ်။ ဒါကြောင့် သယံဇာတ အရင်းအမြစ် ပိုင်ဆိုင်မှုတွေကိုလည်း ဗဟိုက ချုပ်ကိုင်ထားတဲ့အတွက် အောက်ခြေမှာ စီမံခန့်ခွဲရတာဟာ ခက်နေပါတယ်" ဟု သူရဦးရွှေမန်းက ပြောကြားသည်။

ရခိုင်တိုင်းရင်းသားများ၏ ထူးခြားချက်မှာ အခြားတိုင်းရင်းသားများနှင့် နှိုင်းယှဉ်လျှင် နိုင်ငံ၏အချုပ်အချာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ထိန်းသိမ်းဆောင်ရွက်ရာတွင် အနောက်တံခါးကို ကာကွယ်ရာ၌ ခက်ခဲစွာ ရုန်းကန်နေရကြောင်း၊ ထိုမျှမကသေးဘဲ ရခိုင်တိုင်းရင်းသားများ အနေဖြင့် အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ စာပေမပျက် ပျောက်သွားအောင်၊ ဆက်လက်တည်တံ့အောင် ခက်ခဲစွာ ဆောင်ရွက်နေကြခြင်း ဖြစ်သည့်အတွက် ပြည်ထောင်စုအနေဖြင့်၊ တိုင်းရင်းသားအနေဖြင့် အသိအမှတ်ပြုရုံတင်မကဘဲ ချီးမြှောက်ရမည်၊ အားပေးရမည်၊ ကူညီရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း ရခိုင်တိုင်းရင်းသားများ၏ တွေ့ကြုံခံစားနေရသော အခက်အခဲ အခြေအနေများကိုသိအောင် လေ့လာနိုင်ခွင့်ရပြီး ရခိုင်တိုင်းရင်းသားများ ကြိုးပမ်းအားထုတ်မှု၊ ပြည်ထောင်စုအပေါ်တွင် စေတနာထားမှု၊ အမြော်အမြင်များကို ပေါင်းစပ်ဆောင်ရွက်ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့် လွှတ်တော်တွင် တာဝန်အရှိဆုံး ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဆက်လက်ဆောင်ရွက် သွားပါမည်ဟု ဦးစွာကတိပေး ပြောကြားလိုကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။
- See more at: http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။