ရခိုင်အမျိုးသားညီလာခံမှ ချမှတ်သော မူဝါဒများအား အကောင်အထည်ဖော်ရန် အစိုးရနှင့် လွှတ်တော်သို့ တင်ပြမည်

 May 3, 2014
Written by:
သန်းလှိုင်(စစ်တွေ)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ဧပြီ ၂၇ ရက်မှ မေ ၁ ရက်အထိ ပြုလုပ်ခဲ့သော ရခိုင်အမျိုးသားညီလာခံကို တွေ့ရစဉ်

ညီလာခံမှ ချမှတ်သော ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်သွားမည့် အချက်အပါအ၀င် အချက်ငါးချက်ပါ ကြေညာချက်ကို ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ)  ဦးဆောင်ကော်မတီမှ မေ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ) ကို ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပီပြင်စွာဖော်ဆောင်ရေးလုပ်ငန်းစဉ်များတွင် ညီနောင်တိုင်းရင်းသားများနှင့်အတူ ပါဝင်နိုင်ရေးတို့ကို အဓိကဦးတည်ကာ ၂၀၁၄ ခုနှစ် ဧပြီ ၂၇ ရက်မှ မေ ၁ ရက်ထိ ငါးရက်တိုင်တိုင် ကျောက်ဖြူမြို့၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း ရေးသားထားသည်။

ကြေညာချက်နှင့် ပတ်သက်၍ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးခိုင်ပြည်စိုးက “ညီလာခံမှာ ကျွန်တော်တို့ မူဝါဒတွေ ချမှတ်နိုင်ခဲ့ပြီး ဖြစ်တယ်။ ခေါင်းစဉ်ကြီးလေးခုနဲ့ အချက် ၁၆ ချက် ခွဲလိုက်တယ်။ အဲဒီ ၁၆ ချက်ကို မူဝါဒထပ်ခွဲလိုက်တော့ ၉၁ ချက် ထွက်လာတယ်။ အဲဒါကို ကဏ္ဍကြီးသုံးခု ခွဲထားတယ်။နောက်ပိုင်းမှာ ကျွန်တော်တို့က တောင်းဆိုသင့်တာတွေကို နိုင်ငံတော်အဆင့်ထိ တောင်းဆိုသွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ညီလာခံကြီးသို့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်နှင့် ပလက်ဝမြို့နယ်မှ ကိုယ်စားလှယ်များ၊ ပြည်ပမှကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ သံဃာတော်များ၊ အမျိုးသမီးကိုယ်စားလှယ်များ၊ လူငယ်ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရခိုင်မျိုးနွယ်စုများ၊ ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ နိုင်ငံတော်အကြီးအကဲများ၊ သံတမန်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် လေ့လာသူများ စုစုပေါင်း ၁၅၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း၊ ရခိုင်အမျိုးသားညီလာခံတွင် ညီလာခံကြီး၏ ရည်မှန်းချက်ဖြစ်သော “လုံခြုံ၊ငြိမ်ချမ်း၊ ဖွံ့ဖြိုးရန် ရခိုင်အမျိုးသားညီလာခံ” ဆောင်ပုဒ်နှင့်အညီ နိုင်ငံရေးကဏ္ဍ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကဏ္ဍ၊ လူမှုစီးပွားရေးကဏ္ဍနှင့် သဘာဝသယံဇာတ ခွဲဝေသုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုကဏ္ဍဟူ၍ ကဏ္ဍကြီးလေးခု၊ ခေါင်းစဉ်ခွဲ ၁၆ ခုနှင့် မူဝါဒရေးဆွဲရာတွင် အဓိကထည့်သွင်းစဉ်းစားရမည့် အချက်ပေါင်း ၉၁ ချက် တို့ကို ဘုံသဘောထားရပ်တည်ချက်များအဖြစ် စုပေါင်းချမှတ်နိုင်ခဲ့ကြသည်။

မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကို သွန်းလုပ်ပြီးစီးခဲ့သည့် ကဆုန်လပြည့်ကျော် ၁ ရက်နေ့ကိုလည်း ရခိုင်အမျိုးသားနေ့အဖြစ် အများသဘောတူ သတ်မှတ်နိုင်ခဲ့သည်။

“ဆုံးဖြတ်ချက်ချထားခဲ့မှုနဲ့ ပတ်သက်ပြီး တိုက်တွန်းသင့်တာတွေကိုလည်း ကျွန်တော်တို့ တိုက်တွန်းသွားဖို့ ရှိတယ်။ သံဃာတော်တွေ၊ ပြည်သူတွေ၊ လူမှုအဖွဲ့အစည်းတွေအားလုံးနဲ့ ပူးပေါင်းပြီးလည်း လုပ်ဆောင်သင့်တာ လုပ်သွားဖို့ ရှိတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လုပ်ဆောင်ချက်တွေကိုလည်း ပြောဆိုသင့်တာတွေ၊ တိုက်တွန်းသင့်တာတွေကို တိုက်တွန်းသွားဖို့ ရှိတယ်။ စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီး SEZ အထူးစီးပွားဇုန် တည်ဆောက်ရေးလုပ်ငန်းအပြင် အခြားသော စီးပွားရေးလုပ်ငန်းဆိုင်ရာ ထိခိုက်မှုများကိုလည်း အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်ဖို့ တိုက်တွန်းသွားဖို့ ရှိတယ်” ဟု ဦးခိုင်ပြည်စိုးက ပြောကြားသည်။

အလားတူ ကြေညာချက်၌ ညီလာခံကြီးမှ ချမှတ်လိုက်သော ဘုံသဘောထား ရပ်တည်ချက်များ၊ ဆုံးဖြတ်ချက်များ အထမြောက်အောင်မြင်လာစေရန်အတွက် ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ တင်ပြတောင်းဆိုသွားရန်နှင့် ရခိုင်တစ်မျိုးသားလုံးကလည်း မိမိတို့ တာဝန်ကျရာ အခန်းကဏ္ဍမှ လက်တွေ့ ကျကျ တစည်းတလုံးတည်း ကြိုးပမ်းဆောင်ရွက်သွားကြရန် သဘောတူဆုံးဖြတ်ခဲ့ကြကြောင်းနှင့် ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ) သည် နှစ်ပေါင်းခြောက်ဆယ်ကျော်အတွင်း ရခိုင်တစ်မျိုးသားလုံး ရက္ခိတစိတ်ဓာတ်အပြည့်ဖြင့် စုစည်းညီညွတ်စွာ  ပြုလုပ်ကျင်းပခဲ့သော ညီလာခံကြီးဖြစ်၍ ရက္ခိတလမ်းစဉ်ကို ဖော်ဆောင်နိုင်ခဲ့သဖြင့် ရခိုင်သမိုင်းတွင် ထူးခြားလေးနက်စွာ မော်ကွန်းတင်ထိုက်သည့် ညီလာခံကြီးဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါကြောင်း ရေးသားဖော်ပြထားသည်။

မူဝါဒ အချောသပ်ထုတ်ပြန်ရေးနှင့် ပတ်သက်၍ ဦးခိုင်ပြည်စိုးက “ကျွန်တော်တို့ အစောဆုံးဖြစ်အောင် လုပ်ဆောင်နေပါတယ်။ အဲဒီမှာ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး မူတစ်ခုတည်းဖြစ်အောင် အချိန်ပေးသင့်တယ်လို့လည်း အကြံပြုချက်တွေ ပေးလာတယ်။ တစ်ပတ်လောက်အတွင်းမှာတော့ ထွက်လာမှာပါ။ ဒါပေမဲ့ အချိန်ရရင်တော့ မြို့နယ်တိုင်းမှာ လူထုရှင်းလင်းပွဲလုပ်ပြီး ညီလာခံက ဆုံးဖြတ်ချက်ကို မြို့နယ်က တင်ပြချက်တွေကို ဖြည့်စွက်လို့ရအောင် စဉ်းစားနေပါတယ်။ အခုတော့ မူကြမ်းပဲဖြစ်တဲ့အတွက် အကောင်းဆုံးမူဝါဒတစ်ခုဖြစ်အောင် အချိန်ယူရမလားလို့ စဉ်းစားနေတာလည်း ရှိပါတယ်” ဟု ပြောကြားသည်။

ညီလာခံ မူဝါဒမူကြမ်း ထွက်ရှိပြီး ဖြစ်သော်လည်း စာသားများနှင့် တူညီနေသော အချက်များကို ပြန်လည်တည်းဖြတ်နိုင်ရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်းနှင့်  အချက် ၉၁ ချက်တွင် ပါဝင်သောစကားလုံးများကို ကျစ်လျစ်ခိုင်မာအောင် လုပ်ဆောင်သွားရန်သာရှိကြောင်း သိရသည်။
 http://news-eleven.com
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။