အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအပါအ၀င် အချက်သုံးချက်တောင်းဆိုကာ လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ဆန္ဒထုတ်ဖော်

May 4, 2014
Written by:
အောင်ကျော်မျိုး(ဟင်္သာတ)

ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်၍ လေးမျက်နှာမြို့နယ်တွင် မေ ၃ ရက်က ဆန္ဒထုတ်ဖော်နေကြစဉ် (ဓာတ်ပုံ )အောင်ကျော်မျိုး(ဟင်္သာတ)

အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအပါအ၀င် အချက်သုံးချက် တောင်းဆိုကာ လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ကာ မေ ၃ ရက်က ဆန္ဒထုတ်ဖော်ခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို နံနက် ၉ နာရီအချိန်တွင် လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးရှေ့မှစတင်ကာ အခြေခံဥပဒေပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး၊ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး၊ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေး လက်ကိုင်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြာ်သံများဖြင့်  မြို့တစ်ပတ် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခဲ့ကြကာ နေ့လယ် ၁၁ နာရီအချိန်တွင် ဆန္ဒထုတ်ဖော်မှုကို ပြည်ခိုင်ဖြိုးပါတီရုံး၌ အဆုံးသတ်ခဲ့သည်။

“ပါတီအနေနဲ့ ပြည်သူတွေတင်ပြတဲ့ ဆန္ဒနဲ့ တစ်ထပ်တည်းကျတဲ့အတွက် တောင်းဆိုချက် သုံးချက်ကို အဓိကတောင်းဆိုခြင်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကုန်လုံးမပြင်ဆင်သင့်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ပုဒ်မ ၅၉(စ) ကိုပဲ ပြောချင်တာပါ။ ပုဒ်မ ၅၉(စ)က  ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ ၁၉၄၇ ဥပဒေပါ ပုဒ်မ ၇၄ ကိုအခြေခံထားတဲ့အတွက် ပြင်ဆင်ဖို့ မလိုအပ်ပါဘူး။ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးဆိုတဲ့ တောင်းဆိုချက်က မဘသ တော့ မပါပါဘူး။ ပုဒ်မ ၅၉(စ)ရဲ့အခြေခံဖြစ်တဲ့အတွက် ထည့်သွင်းတောင်းဆိုတာပါ။ တည်ငြိမ်အေးချမ်းရေးဆိုတာကတော့ ပြည်သူအားလုံးရဲ့လိုလားချက်ဖြစ်ပြီး ၂၆ မြို့ နယ်အနက် ကမ္ဘာ့ဘဏ်က ထောက်ပံ့မှုရရှိမယ့် လေးမျက်နှာမြို့နယ်အတွက် လိုအပ်တဲ့ အချက်ပါ။ ဒီတောင်းဆိုချက်တွေဟာ လိုအပ်ပြီး လုပ်သင့်လုပ်ထိုက်တဲ့အတွက် တောင်းဆိုခြင်းဖြစ်ပါတယ်။ လေးမျက်နှာတစ်မြို့နယ်လုံးက အုပ်စုတိုင်းလာရောက်ပါတယ်။ ခွင့်ပြုတဲ့လူဦးရေကိုချိန်ပြီး ဆောင်ရွက်ပေမယ့် အယောက်သတ်မှတ်ချက်နဲ့ လာရောက်စေတာမျိုး မရှိပါဘူး။ ဒီနေ့ဆန္ဒပြတဲ့သူတွေထဲ မှာ ပြည်ခိုင်ဖြိုးက နည်းပါတယ်။ ပြည်သူတွေက များတာပါ။ ထမင်းထုပ်နဲ့ ရေသန့် ပေးမယ်ဆိုတာ သူတို့ဒီရောက်မှ သိကြတာပါ။ လူအင်အား ၁၀၀၀ ခွင့်ပြုပေမယ့် လိုက်ပါအားပေးသူနဲ့ဆိုရင် ၁၇၀၀ လောက် ရှိပါတယ်”ဟု ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်သူများက ဆိုသည်။

(ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ လေးမျက်နှာမြို့နယ်တွင် ဆန္ဒထုတ်ဖော်နေကြစဉ်  (ဓာတ်ပုံ  -  အောင်ကျော်မျိုး(ဟင်္သာတ)))

“အဘွားက သဲနုကုန်းရွာနားက ဖိုးဆိပ်ကြီးကုန်းမှာ မြေးလေးနဲ့နေတယ်။ မြေးလေးက အသက် ၁၂ နှစ်ရှိပြီ။ ပဲကောက်လိုက်တယ်။ အဘွားက ဘာမှမလုပ်နိုင်ဘူး။ မြေးလေးက နေမကောင်းဘူး။ အိမ်မိုးဖို့ကလည်း ပိုက်ဆံမရှိတော့ လေးမျက်နှာကို မေးစမ်းလာပြီး ဒီပတ်ပတ်လည် အဘွားပတ်ပြီး တောင်းတယ်။ လမ်းဆုံတစ်ခုနားမှာ ဒီအဖွဲ့ထဲက လူတွေက ထမင်းထုပ်ပေးမယ်ပြောလို့ လိုက်လာတာ။ သူတို့ဘာအတွက်လုပ်တာလဲ အဘွားမသိဘူး”ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ ဒေါ်ကြင်က ဆိုသည်။

ထိုသို့ ဖြေကြားပြီးချိန်တွင် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူတစ်ဦးက ဒေါ်ကြင်သည် ဆန္ဒပြသည့်အဖွဲ့မှ မဟုတ်ဟုဆိုကာ နှင်ထုတ်ခဲ့သည်။

ယခုကဲ့သို့ ပြည်ခိုင်ဖြိုးပါတီ၏ ဆန္ဒထုတ်ဖော်မှုသည် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး မေ ၂ ရက်က လေးမျက်နှာမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ကာ ဆန္ဒပြသူ နှင့် လိုက်ပါအားပေးသူအင်အား ၁၂၀၀ ခန့် က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြခဲ့ပြီးနောက် ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။
- See more at: http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။