ထိုင်းဝန်ကြီးချုပ်ယင်လက်ကို အာဏာအလွဲသုံးမှု စွဲချက်ဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တရားရုံးက ရာထူးမှဖယ်ရှား


၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် ဘန်ကောက်ရှိ အစိုးရအိမ်တော်၌ သတင်းစာရှင်းလင်းပွဲအပြီး ထိုင်းဝန်ကြီးချုပ်ယင်လက်ကို ရိုက်ကူးထားသော ဓာတ်ပုံ (Photo:AFP)

ထိုင်းဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်ကို အာဏာအလွဲသုံးမှု စွဲချက်ဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက မေ ၇ ရက်တွင် ရာထူးမှဖယ်ရှားသည့် စီရင်ချက် ချမှတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်သည် ထိုင်းနိုင်ငံတွင် နိုင်ငံရေး မငြိမ်သက်မှုလှိုင်းလုံး ထပ်မံဖြစ်ပေါ်စေရန် ခြိမ်းခြောက်နေကြောင်း သိရသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော ထိုင်းနိုင်ငံရေး မငြိမ်သက်မှုများတွင် သက်ဆင်နှင့်ဆက်နွှယ်သော အစိုးရများကို ရာထူးမှဖြုတ်ချရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သည့် ယင်းတရားရုံးက ယင်လက်သည် ၂၀၁၁ ခုနှစ်တွင် ထိပ်တန်းလုံခြုံရေး တာဝန်ရှိသူတစ်ဦးကို ဌာနရွှေ့ပြောင်းရာတွင် တရားမ၀င် လုပ်ဆောင်ခဲ့ကြောင်း တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့သည်။ ယင်းအတွက်ကြောင့် ယင်လက်၏ ၀န်ကြီးချုပ်ရာထူး အဆင့်အတန်းမှာ အဆုံးသတ်ခဲ့ပြီး ယင်လက်သည် အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်အဖြစ် ဆက်လက်ထမ်းဆောင်ခွင့် မရှိတော့ကြောင်း စီရင်ချက်ကို ချမှတ်ရာတွင် ဦးဆောင်သည့် တရားသူကြီး ချာရွန်အင်တာချန်က ပြောကြားခဲ့သည်။ ထိပ်တန်းလုံခြုံရေး တာဝန်ရှိသူ တာဝီကို ဌာနရွှေ့ပြောင်းမှုအား ထောက်ခံသည့် ၀န်ကြီးကိုးဦးသည်လည်း ရာထူးမှ ဖယ်ရှားခံခဲ့ရကြောင်း သိရသည်။

ယင်လက် ရာထူးမှ ဖယ်ရှားခံခဲ့ရပြီးနောက် ချက်ချင်းဆိုသလို ထိုင်းအစိုးရက အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်သစ်အဖြစ် သမ၀ါယမ ၀န်ကြီးဖြစ်သူ နီဝတ်တမ်ရောင်ဘွန် ဆောင်ပိုင်ဆန်ကို ခန့်အပ်ရန် သဘောတူခဲ့ကြောင်း ဒုတိယ၀န်ကြီးချုပ် ဖောင်သက်သက်ကန်ဂျာနာက ပြောကြားခဲ့သည်။

၂၀၀၆ ခုနှစ်တွင် သက်ဆင်ရာထူးမှ ဖြုတ်ချခံရပြီးနောက်ပိုင်း ပြင်ဆင်ရေးဆွဲခဲ့သော အခြေခံဥပဒေကို ချိုးဖောက်သည့် အမှုများကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တရားရုံးက စစ်ဆေးပြီး ဆုံးဖြတ်ချက် ချမှတ်ပေးသည်။ ၂၀၀၈ ခုနှစ်တွင် သက်ဆင်နှင့်ဆက်နွှယ်သော ၀န်ကြီးချုပ်နှစ်ဦးကို တရားရုံးက ရာထူးမှ ဖယ်ရှားခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီတွင် ယင်လက်အစိုးရက ခေါ်ယူခဲ့သော ရွေးကောက်ပွဲရလဒ်ကိုလည်း တရားမ၀င်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

အာဏာရပါတီ တာဝန်ရှိသူများသည် ဇူလိုင် ၂၀ တွင် ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ရန် လုပ်ဆောင်မည်ဟု ကတိပြုခဲ့သည်။ သို့သော် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ထိုင်းဘုရင်က အတည်ပြုချက် မပေးသေးပေ။

ယင်လက်သည် ဆုံးရှုံးမှု ကြီးမားခဲ့သော အငြင်းပွားဖွယ် ဆန်စပါးဝယ်ယူမှု မူဝါဒနှင့် ပတ်သက်ပြီး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး တာဝန်ရှိသူများက တာဝန်လစ်ဟင်းမှု စွဲချက်လည်း ရင်ဆိုင်နေရပြီး ပြစ်မှုထင်ရှားပါက နိုင်ငံရေးလောကမှ ငါးနှစ်ပိတ်ပင်ခံရနိုင်ကြောင်း သိရသည်။

တရားရုံး၏ ဆုံးဖြတ်ချက်ကြောင့် နှစ်နှင့်ချီ ကြာမြင့်နိုင်သော ထိုင်းနိုင်ငံရေး ပဋိပက္ခကို ပိုမိုဆိုးရွားသွားစေနိုင်ပြီး ဘန်ကောက်ရှိ လမ်းများပေါ်တွင် ဆန္ဒပြနေဆဲဖြစ်သော အစိုးရဆန့်ကျင် ဆန္ဒပြသူများနှင့် ယင်လက်ကို ကာကွယ်မည်ဟု ပြောကြားထားသော အစိုးရထောက်ခံသည့် ရှပ်နီများအကြား ထိပ်တိုက်တွေ့ပြီး ပဋိပက္ခဖြစ်ပွားမည်ကို စိုးရိမ်မှု မြင့်တက်နေသည်။ ယင်လက်သည် ခြောက်လကြာမြင့်ခဲ့သော လမ်းပေါ်ထွက် ဆန္ဒပြမှုများ ကြုံတွေ့ခဲ့ရပြီး သေနတ်ဖြင့် ပစ်ခတ်မှုနှင့် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်း လူ ၂၅ ဦး သေဆုံးခဲ့ပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Ref:AFP

ခြောက်လ ကြာမြင့်ခဲ့သော ထိုင်းအစိုးရဆန့်ကျင် ဆန္ဒပြမှု

၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၃၁ - ပြည်ပတွင် တိမ်းရှောင်နေသော ယင်လက်၏အစ်ကို ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ရည်ရွယ်သည်ဆိုသော ဥပဒေကြမ်းကို ကန့်ကွက်ဆန္ဒပြမှု ဖြစ်ပွား။

နိုဝင်ဘာ ၂၅ - အတိုက်အခံ ထောက်ခံသူများက အစိုးရ အဆောက်အအုံများဆီ ချီတက်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနကို ထိန်းချုပ်။

ဒီဇင်ဘာ ၈ - အတိုက်အခံ လွှတ်တော်အမတ် အများအပြား ပါလီမန်မှနုတ်ထွက်။

ဒီဇင်ဘာ ၉ - ရွေးကောက်ပွဲကို စောပြီးခေါ်ယူမည်ဟု ယင်လက်ကြေညာ။ အတိုက်အခံများက သပိတ်မှောက်မည်ဟု ကြေညာ။

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၁၃ - ဘန်ကောက်ကိုပိတ်ဆို့ရန် ထောင်နှင့်ချီသော ဆန္ဒပြသူများက အဓိကလမ်းများကို သိမ်းပိုက်။

ဇန်န၀ါရီ ၂၁ - ဘန်ကောက်နှင့် အနီးဝန်းကျင် ဒေသများတွင် အစိုးရက အရေးပေါ် အခြေအနေကို ရက် ၆၀ ကြာ ကြေညာ။

ဖေဖော်ဝါရီ ၂ - ဆန္ဒပြသူများက မဲရုံ ၁၀၀၀၀ ကို ပိတ်ဆို့မှုကြောင့် လူသန်းနှင့်ချီ မဲပေးခွင့်မရရှိ။

ဖေဖော်ဝါရီ ၁၁ - မဲပေးမှုများ နှောင့်ယှက်ခံရသော မဲဆန္ဒနယ်များတွင် ဧပြီ ၂၇ ရက်၌ ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည်ဟု ရွေးကောက်ပွဲ ကော်မရှင်ကြေညာ။

မတ် ၁၈ - ဘန်ကောက်တွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားမှုကို ရုပ်သိမ်း။

မတ် ၂၁ - ဖေဖော်ဝါရီတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲရလဒ်များ တရားမ၀င်ကြောင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ်ချက်ချမှတ်။

ဧပြီ ၃၀ - ဇူလိုင် ၂၀ ရက်တွင် ရွေးကောက်ပွဲသစ် ကျင်းပမည်ဟု အစိုးရကြေညာ။

Ref:AFP
- See more at: http://news-eleven.com
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။