ထိုင်းတွင် ရစ်ခ်ျတာစကေး ၆ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် လူတစ်ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရ


ထိုင်းမြောက်ပိုင်းချင်းရိုင်ပြည်နယ်တွင် ငလျင်ကြောင့်ပျက်စီးသွားသောလမ်းတွင် မေ ၅ ရက်က ကားများသွားနေစဉ် Photo:AP

ထိုင်းမြောက်ပိုင်းတွင် မေ ၅ ရက်က အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘန်ကောက်ရှိ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေးဌာန တာဝန်ရှိသူတစ်ဦးက မေ ၆ ရက်တွင် ပြောကြားခဲ့သည်။

ပြင်းအား ရစ်ခ်ျတာစကေး ၆ အဆင့်ရှိ ငလျင်တစ်ခု မေ ၅ ရက် ဒေသစံတော်ချိန် ညနေပိုင်း၌ လှုပ်ခတ်ပြီးနောက် နေအိမ်နံရံ ပြိုကျမှုကြောင့် အသက် ၈၃ နှစ်ရှိ အဆိုပါအမျိုးသမီး သေဆုံးခဲ့ကြောင်း သိရသည်။


ထိုင်းမြောက်ပိုင်း ချင်းရိုင်ပြည်နယ်ဖန်းခရိုင်ရှိ ပျက်စီးသွားသော လမ်းမတစ်ခုပေါ်တွင် အမျိုးသားတစ်ဦး မတ်တပ်ရပ်နေသည်ကို မေ ၅ ရက်က တွေ့ရစဉ် (Photo:AP)

ငလျင်သည် ချင်းရိုင်ပြည်နယ်၏ ဝေးလံခေါင်သီသော ဖန်းခရိုင်တွင် မြေအောက်အနက် ၇ ဒသမ ၄ ကီလိုမီတာ(၄ ဒသမ ၅ မိုင်) ကို ဗဟိုပြုလှုပ်ခတ်ပြီး ငလျင်လှုပ်ရှားမှုသည် ဗဟိုချက်နှင့် မိုင်ရာနှင့်ချီဝေးသော ဘန်ကောက်တောင်ပိုင်းနှင့် မြန်မာနိုင်ငံမြို့တော် ရန်ကုန်တို့၌ပင် သက်ရောက်ခဲ့သည်။ ထို့ပြင် ချင်းရိုင်အနောက်တောင်ဘက် ကီလိုမီတာ ၁၆၀ အကွာရှိ ခရီးသွားအချက်အချာ ချင်းမိုင်မြို့၌လည်း သက်ရောက်ခဲ့သည်။

ငလျင်ကြောင့် အဆောက်အအုံ မျက်နှာစာများ ကွဲအက်ခဲ့ပြီး ဈေးဆိုင်ခန်းပြတင်းကွဲခဲ့ကာ လမ်းများပျက်စီးခဲ့ကြောင်း၊ ဖန်းခရိုင်တွင် နာရီများစွာ မီးပြတ်ခဲ့ကြောင်း ဒေသခံများက မေ ၅ ရက်တွင် ပြောကြားခဲ့သည်။ ဖန်းခရိုင်သည် မြန်မာနှင့် လာအိုတို့နှင့် ထိစပ်နေသော နယ်စပ်အနီး ဝေးလံခေါင်သီသော တောင်တန်းဒေသတစ်ခုဖြစ်ပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည်များအကြား ရေပန်းစားသည်။

ထိုင်းတွင် နိုင်ငံမြောက်ပိုင်း၌ အင်အားနည်းငလျင် မကြာခဏ လှုပ်ခတ်လေ့ရှိသော်လည်း အင်အားပြင်းငလျင် လှုပ်ခတ်ခြင်း ရှားပါးကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်မတ်က မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်တွင် ပြင်းအားရစ်ချတာစကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ထိုင်းနှင့်လာအိုနယ်စပ်အနီး လူဒါဇင်နှင့်ချီ သေဆုံးခဲ့ပြီး နေအိမ်နှင့် ရုံးအဆောက်အအုံများ ပြိုကျပျက်စီးခဲ့သည်။ ယင်းငလျင်လှုပ်ခတ်ရာ အရပ်သည် ချင်းရိုင်နှင့်နီးကပ်ကြောင်း သိရသည်။

Ref:AFP


ထိုင်းမြောက်ပိုင်း ချင်းရိုင်ပြည်နယ်တွင် မေ ၅ ရက်က ငလျင်ဒဏ်ခံခဲ့ရသော စတိုးဆိုင် (Photo:AP)


ထိုင်းမြောက်ပိုင်း ချင်းရိုင်ပြည်နယ်တွင် ငလျင်ကြောင့်တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသော အိမ်တစ်လုံး (Photo:AP)


ထိုင်းမြောက်ပိုင်း ချင်းရိုင်ပြည်နယ်တွင် မေ ၅ ရက်က ငလျင်လှုပ်ခတ်ပြီးနောက်ပျက်စီးသွားသော ဟိုတယ်အဆောက်အအုံတစ်လုံး (Photo:AP)


ထိုင်းမြောက်ပိုင်းချင်းရိုင်ပြည်နယ်တွင် မေ ၅ ရက်က ငလျင်လှုပ်ခတ်ပြီးနောက် အဆောက်အအုံတစ်ခုအတွင်းမှ အပြင်ဘက်သို့ လူများထွက်လာပုံ (Photo:AP)


ထိုင်းမြောက်ပိုင်းချင်းရိုင်ပြည်နယ်တွင် မေ ၅ ရက်က ငလျင်ကြောင့်ပျက်စီးသွားသော လမ်းမတစ်ခုတွင် ခရီးသွားဧည့်သည်များ လိုက်ပါလာသောကားများ ဖြတ်သန်းနေစဉ် (Photo:AP)
http://news-eleven.com
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။