ထိုင်းနိုင်ငံမှ သတိပေး ခေါင်းလောင်းသံ

ထိုင်းနိုင်ငံမှ သတိပေး ခေါင်းလောင်းသံ

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဖြစ်သူ ယင်လတ်ရှင်နာဝပ်ကို အာဏာအလွဲသုံးစားပြုလုပ်မှု၊ မိမိပါတီအကျိုးအတွက် ရာထူးကို အသုံးချခဲ့မှုများဖြင့် ရာထူးမှ ဆင်းပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက မေလ ၇ ရက်တွင် ဆုံးဖြတ်ပေးလိုက်သည်။ အလားတူပင် အစိုးရအဖွဲ့ဝင် ကိုးဦးကိုလည်း တာဝန်မှရပ်စဲရန် ဆုံးဖြတ်လိုက်သည်။

တရားသူကြီးများ၏ အဆိုအရ ယင်လတ်သည် အမျိုးသားလုံခြုံရေးအကြီးအကဲဖြစ်သူ တာဝယ်ပီဆန်လရီကို ၂၀၁၁ ခုနှစ်အတွင်း ရာထူးမှပြောင်းရွှေ့ခဲ့ကာ ပါတီအကျိုးအတွက် စွက်ဖက်မှုများပြုလုပ်ခဲ့သည်ဆိုကာ ရာထူးမှ ဆင်းစေခဲ့ပြီး နိုင်ငံရေးစင်မြင့်မှ ငါးနှစ်တာဆင်းပေးရန် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။

သင်ခန်းစာယူစရာများအဖြစ် ထိုင်းနိုင်ငံ၏ တရားစီရင်ရေးစနစ်ကို အတုယူစရာဖြစ်လာသည်။ နိုင်ငံတစ်နိုင်ငံ၏ ရာထူးအကြီးဆုံး၊ အုပ်ချုပ်ရေးအဖွဲ့၏ ဦးသျှောင်ကို တရားစီရင်ရေးနယ်ပယ်က ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်သည်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဟူသည့် နိုင်ငံတစ်နိုင်ငံ၏ မဏ္ဍိုင် သုံးရပ်တွင် တရားစီရင်ရေး မဏ္ဍိုင်က သူ့အလုပ်သူလုပ်သွားခြင်းဟုလည်း ဆိုနိုင်သည်။

အိမ်နီးချင်းနိုင်ငံ၏ အထက်ပါဖြစ်ရပ်ကို မိမိတို့နိုင်ငံ အခြေအနေနှင့် ချိန်ထိုးကာ သင်ခန်းစာယူကာ ပြုပြင်ရန်ရှိပါက ပြုပြင်ရန် လိုအပ်လှသည်။ အကြောင်းမှာ စစ်အစိုးရလက်ထက်တွင် နိုင်ငံရေးအကျဉ်းသားများကို တရားစီရင်ရာ၌ အုပ်ချုပ်ရေးပိုင်းက ၀င်ရောက်စွက်မှုများကြောင့် မတန်တဆ ထောင်ဒဏ်များသို့တည်း မဟုတ်လွဲမှားသော တရားစီရင်ခဲ့မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ထောက်ပြပြောဆိုရခြင်း ဖြစ်သည်။

သင်ခန်းစာယူစရာကောင်းလှသည့် ထိုင်းတရားစီရင်ရေးစနစ်အပြင် ထပ်မံသတိပြုဖွယ် အချက်တစ်ခုမှာ အာဏာအလွဲသုံးစားမှု သို့တည်းမဟုတ် လုပ်ပိုင်ခွင့်ကို ကိုယ်ကျိုးအတွက် အသုံးချမှု၊ အာဏာ ပါဝါပြမှု စကားရပ်၊ စကားစုများကိုလည်း ထပ်မံထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။

လုပ်ပိုင်ခွင့်အာဏာကို အသုံးချမှားခဲ့ကြခြင်းများကြောင့် မိမိတို့နိုင်ငံတွင် လယ်ယာမြေသိမ်းယူမှုများ ပေါ်ပေါက်ခဲ့ပြီး ယနေ့အချိန်တွင် လွှတ်တော်အသီးသီးတွင် ကော်မတီများ ဖွဲ့ဖြေရှင်းနေရပြီး ဆန္ဒပြပွဲများ နိုင်ငံအနှံ့ အကြိမ်ကြိမ်အလီလီ ပေါ်ပေါက်လာသည့်အခြေအနေ ရောက်ရှိလာခြင်းဖြစ်သည်။ ထို့ကြောင့် ထိုင်းနိုင်ငံ၏ ဖြစ်ရပ်သည် မိမိတို့နိုင်ငံအတွက် ခေါင်းလောင်းထိုး သတိပေးလိုက်သကဲ့သို့ရှိသည်။

သမ္မတဦးသိန်းစိန်က အောက်ခြေအုပ်ချုပ်ရေးမှူးများကို အာဏာမပြရန် သတိပေးထားပြီး ကောင်းမွန်သည့် အစိုးရ၊ သန့်ရှင်းသည့် အုပ်ချုပ်ရေးဟုဆိုကာ အမည်ခံအရပ်သား အုပ်ချုပ်ရေးစင်မြင့်ပေါ်သို့ ကြွေးကြော် တက်ရောက်လာခဲ့သည်။ အုပ်ချုပ်ရေးပိုင်း၏ အပြောနှင့်အလုပ် လက်တွေ့ကျရန်လိုအပ်ပြီး တရားစီရင်ရေးဘက်မှလည်း သန့်ရှင်း၊ မျှတသည့် စီရင်မှုများဖြစ်ရန် လိုအပ်ပါသည်။

http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-59/item/21455-2014-05-08-03-12-36
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။