သာသနာရေး ညွှန်ကြားရေးမှူးချုပ် ဖုန်းအတွင်းမှ ဓမ္မာစရိယမေးခွန်းတွေ့ရှိပြီး မေးခွန်းပေါက်ကြားမှုကြောင့် သမ္မတရုံးမှ ရာထူးရပ်နား၍ ကော်မတီဖွဲ့စစ်ဆေး

သာသနာရေး ညွှန်ကြားရေးမှူးချုပ် ဖုန်းအတွင်းမှ ဓမ္မာစရိယမေးခွန်းတွေ့ရှိပြီး မေးခွန်းပေါက်ကြားမှုကြောင့် သမ္မတရုံးမှ ရာထူးရပ်နား၍ ကော်မတီဖွဲ့စစ်ဆေး
==========================
ရန်ကုန်၊ ဧပြီ ၂၇

သာသနာရေး ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေ၏ ဖုန်းအတွင်းမှ ဓမ္မာစရိယ မေးခွန်းတွေ့ ရှိပြီး မေးခွန်း ပေါက်ကြားမှုကြောင့် သမ္မတရုံးမှ ရာထူးရပ်နား၍ ကော်မတီဖွဲ့ စစ်ဆေးလျက် ရှိဟု မြောက်ဥက္ကလာ ဓမ္မရောင်ခြည် ဆရာတော်က ဧပြီ ၂၆ ရက် မြန်မာသံတော်ဆင့်သို့ မိန့်ကြားခဲ့သည်။

ဓမ္မာစရိယ မေးခွန်း ပေါက်ကြားမှုကြောင့် သာသနာရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေနှင့် ညွှန်ကြားရေးမှူးချုပ်(လက်ရှိ ချင်းပြည်နယ်သို့ တာဝန်ပြောင်းရွှေ့ ခံထားရသူ) ဦးမျိုးထွန်းတို့အား ဒုဝန်ကြီး မောင်မောင်ဌေး အပါအ၀င် ကော်မတီဝင် ၅ ဦး ဖွဲ့စည်း၍ စစ်ဆေးလျက်ရှိသည်။

““ပထမနေ့က ညွှန်ကြားရေးမှူး ဖုန်းထဲမှာ မေးခွန်းတွေ တွေ့တယ်။ သူ့ကိုမေးတော့ စစ်ကိုင်းက စာဖြေမယ့် သီလရှင် ဖုန်းထဲကတွေ့လို့ ကူးယူလာတယ်လို့ ပြောတယ်။ သူ လူကြီးတစ်ယောက်အနေနဲ့ မေးခွန်း ဘယ်က ထွက်လဲဆိုတာ လိုက်ရမှာလေ။ ပထမနေ့မှ မေးခွန်းပေါက်တယ်။ ဒုတိယနေ့မှာလည်း အင်တာနက် အတင်ခံ လိုက်ရတယ်။ အဲဒီမေးခွန်းက စာမေးပွဲဖြေတော့လည်း အဲဒီအတိုင်း ပါလာတယ်။ နောက်ရက်တွေမှာ မေးခွန်း အကုန် ပြောင်းလိုက်ရတယ်။ တွေ့ရှိချက်တွေကို သာသနာရေး ၀န်ကြီးထံကို တိုင်တန်းခဲ့တယ်””ဟု ဓမ္မရောင်ခြည် ဆရာတော်က မိန့်တော်မူခဲ့သည်။

အဆိုပါ မေးခွန်းပေါက်ကြားမှု၊ လက်ကိုင်ဖုန်းထဲတွင် မေးခွန်းတွေ့ရှိမှု တို့ကြောင့် စစ်ဆေးခံနေရသော သာသနာရေး ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေအား မြန်မာသံတော်ဆင့်မှ ဆက်သွယ် မေးမြန်းရာတွင် ၎င်းက ““ကျွန်တော့်အနေနဲ့ကတော့ အဲဒီကိစ္စကို မပြောချင်ဘူး””ဟုပြောသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စစ်ဆေးခဲ့ပြီးသော အစိုးရ ဓမ္မာစရိယ စာမေးပွဲ ပထမရက်၊ ဒုတိယ ရက်များတွင် မေးခွန်းများ ပေါက်ကြားခဲ့ပြီး စတင်စစ်ဆေးသည့် ရက်များတွင် မေးခွန်းပေါက်ခဲ့၍ နောက်ရက် စာမေးပွဲများတွင် နိုင်ငံတော် သံဃနာယကအဖွဲ့ ဆရာတော်ကြီးများက မေးခွန်းထပ်မံ မပေါက်ကြား စေရန်အတွက် စာမေးပွဲ ဖြေဆိုမည့် အချိန်နှင့်ကိုက်၍ Fax (ဖက်စ်)ဖြင့် မေးခွန်းပို့သော စနစ်ကို ကျင့်သုံး ခဲ့ရသည်။

သာသနာရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးတစ်ဦးက ““ဧပြီ ၁၀ ရက်နေ့က စတင်ပြီး စစ်တယ်။ သမ္မတရုံးကတော့ အမြန်စစ်ပြီး အမြန်တင်ပြပါလို့ ပြောထားတယ်။ ယခုထိတော့ စစ်နေဆဲပါ။ တွေ့ရှိချက် တွေကိုတော့ တင်ပြထားတယ်””ဟု ပြောသည်။

သာသနာရေး ၀န်ကြီးဌာနမှ ကြီးမှူးကျင်းပခဲ့ပြီးသည့် ၁၃၇၅ ခုနှစ် ဓမ္မာစရိယ စာမေးပွဲကို ၂၀၁၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှ စတင် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်းလုံးရှိ ဓမ္မာစရိယ စာဖြေဌာန ၅၀ တွင် စာဖြေရဟန်း၊ သာမဏေ၊ သီလရှင် စာရင်းသွင်း ၁၃၆၀၄ ပါးအနက် ၉၁၆၉ ပါး ဖြေဆိုခဲ့ကြသည်။

သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေသည် တပ်မတော်ဗိုလ်မှူးကြီး(ငြိမ်း)တစ်ဦး ဖြစ်ပြီး သာသနာရေးဌာနတွင် နှစ်ပေါင်း ၁၀ နှစ်ကျော် ၀န်ကြီးအဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

ကျော်စိုးဦး

Myanmartandawsint Newspaper
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။