နှစ်ပေါင်း ခြောက်ဆယ်ကျော်အတွင်း တစ်ကျော့ပြန်အဖြစ် ရခိုင်ပြည်နယ်
ကျောက်ဖြူမြို့တွင် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ ကျင်းပသည့်
ရခိုင်အမျိုးသား ညီလာခံတွင် ရခိုင်ပြည်နယ် လုံခြုံရေးအတွက်
ရခိုင်လက်နက်ကိုင် တပ်ဖွဲ့များကို တာဝန်ပေးရန် ရခိုင်ပြည်သူများက
တောင်းဆိုခဲ့ကြရာ ရခိုင်ပြည်နယ်တွင် လုံခြုံရေး
တာဝန်ယူရန်လုပ်ဆောင်နေမှုနှင့် ပတ်သက်၍ ကချင်ပြည်နယ် အခြေစိုက်
ရက္ခိုင့်တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး ကျော်ဟန်ကို The Voice က တွေ့ဆုံ
မေးမြန်းထားမှုကို ပြန်လည် ဖော်ပြအပ်သည်။
Voice : ရခိုင်အမျိုးသား ညီလာခံက ရခိုင်တစ်မျိုးသားလုံးကို ကိုယ်စားပြုနိုင်လား။
KH : တစ်နေရာတည်းမှာ စုပြီးတော့ ရခိုင်သားအားလုံးရဲ့ အသံကို ရဖို့ဆိုတာ ကမ္ဘာမှာ တစ်ခါမှရနိုင်မှာ မဟုတ်ဘူး။ ဘယ်နေရာမှာမဆို လူထုက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေနဲ့ အဆုံးအဖြတ် ပေးကြတာ ဖြစ်တယ်။ မြို့နယ်ပေါင်းစုံက ကိုယ်စားလှယ်တွေ ပါဝင်တယ်။ အခြားအဖွဲ့အစည်း လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း၊ နိုင်ငံရေးပါတီ အဖွဲ့အစည်း ပါဝင်တဲ့အတွက် ဒီညီလာခံဟာ ရခိုင်တစ်မျိုးသားလုံးကို ကိုယ်စားပြုတယ်လို့ ပြောလို့ရပါတယ်။
Voice : ရခိုင်အမျိုးသား ညီလာခံမှာ ရက္ခိုင့်တပ်မတော်က ဘာတွေ ဝင်ရောက် ဆွေးနွေးခွင့်ရခဲ့လဲ။ ဘယ်လို အခန်းကဏ္ဍ ချပြခွင့်ရခဲ့လဲ။
KH : ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အစိုးရ တက်လာတဲ့ နောက်ပိုင်းမှာ ပွင့်လင်းမြင်သာတဲ့ အနေအထားတွေ ရှိလာတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်လာတယ်။ နိုင်ငံရေး တွေ့ဆုံဆွေး နွေးမှုတွေလုပ်ဖို့ သဘောတူညီချက်တွေ ရလာတယ်။ ဦးရွှေမန်းတို့၊ သမ္မတဦးသိန်းစိန်တို့ ကိုယ်တိုင်ကလည်း ဖက်ဒရယ်ဆိုတဲ့ အနေအထားကို ပြောလာတာရှိတယ်။ တစ်ဖက်မှာလည်း အစိုးရတပ်နဲ့ လက်နက်ကိုင်တပ်တွေ ထိပ်တိုက်ရင် ဆိုင်မှုဖြစ်တဲ့ နေရာတွေမှာ ဖြစ်နေရင်လည်း မဖြစ်ဖို့အတွက် အပြန်အလှန် မူဘောင်တွေ ချမှတ်ဖို့ သဘောတူညီမှုတွေ ရှိနေတယ်။ အဲဒီအပေါ်မှာ ရက္ခိုင့် တပ်မတော်အနေနဲ့ အစိုးရကို ပြောထားတာ ရှိတယ်။ ရခိုင်ပြည် လုံခြုံရေး ကင်းမဲ့နေတဲ့အချိန်၊ အစိုးရဘက်ကလည်း ခေတ်အဆက်ဆက် စစ်အစိုးရက ပြည်သူတွေကို နှိပ်စက်ခဲ့တဲ့အတွက် အဲဒီအနေအထားမှာ ပြည်သူတွေက စစ်တပ်ကို မယုံကြည်တာ ရှိတယ်။
စစ်တပ် ရောက်လာရင် စိုးရိမ်ရတယ်ဆိုတဲ့ အနေအထား ရှိတယ်။ အဲဒီအနေအထားမှာ ရခိုင်ပြည် လုံခြုံရေးအတွက်၊ မြို့ရွာဒေသ လုံခြုံရေးအတွက် ရက္ခိုင့် တပ်မတော်က တစ်ထောင့်တစ်နေရာက ပါဝင်ပြီးတော့ တာဝန်ယူပါရစေ။ တာဝန်ယူဖို့ အတွက်လည်း အဆင်သင့်ရှိတယ် ဆိုတာကို အစိုးရကို ရက္ခိုင့်တပ်မတော်က ပြောထားတာတွေ ရှိပါတယ်။ တစ်ဖက်မှာလည်း စစ်တွေတို့ တခြားဒေသတွေမှာ မလိုလားအပ်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်တာရှိတယ်။ အဲဒီနေရာတွေမှာ တစ်စုံတစ်ရာ ရက္ခိုင့် တပ်မတော် ဝင်ရောက် ထိန်းခွင့်ရရင် ပြည်သူတွေကလည်း ရက္ခိုင့်တပ်မတော် ပြောတဲ့စကားကို အတိုင်းအတာ တစ်ခုအထိ လက်ခံလိမ့်မယ်လို့ မျှော်လင့်တယ်။ ယုံလည်းယုံကြည်တယ်။ အဲ့ဒါကြောင့် အဓိက လုံခြုံရေးအတွက် ရက္ခိုင့် တပ်မတော်က ရခိုင်ပြည်နယ်မှာ လုံခြုံမှုကင်းမဲ့နေတဲ့ နေရာမျိုးမှာ တာဝန်ယူဖို့ အဆင်သင့်ရှိတယ်။ အဲဒီအတွက် လွှတ်တော်မှာလည်း တောင်းဆိုကြပါ။ ပြည်သူတွေ အနေနဲ့လည်း တောင်းဆိုကြပါ။ ရက္ခိုင့် တပ်မတော်လည်း အစိုးရနဲ့ ချိတ်ဆက်ပြီးတော့ ချဉ်းကပ်နေတယ် ဆိုတာကို ဒီနေရာမှာ (ရခိုင်အမျိုးသား ညီလာခံ) မှာ ဆွေးနွေးခွင့်ရတယ်။ ချပြခွင့်ရတယ်။
Voice : အစိုးရက ဘယ်လို သဘောထားရှိလဲ။ ရခိုင်ပြည်နယ်မှာ ရက္ခိုင့် တပ်မတော်ကို လုံခြုံရေး တာဝန်ပေးမယ်လို့ အစိုးရက ကတိပေးထားတာ ရှိလား။
KH : အစိုးရကတော့ MPC (မြန်မာငြိမ်းချမ်းရေးစင်တာ) မှာ တင်ပြတာ ရှိတယ်။ ကျောက်ဖြူ ညီလာခံ (ရခိုင် အမျိုးသားညီလာခံ) ကို ရောက်လာတဲ့ ဝန်ကြီး ဦးအောင်မင်းတို့ အဖွဲ့ကိုလည်း တင်ပြတယ်။ တင်ပြတဲ့အချိန်မှာ ရခိုင်ပြည်နယ်က တာဝန်ရှိတဲ့ ဦးအေးသာအောင်၊ ဒေါက်တာအေးမောင်၊ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေလည်း အခန်းထဲမှာ ရှိတယ်။ တောင်းဆိုတာတွေဟာ မျှတလား မမျှတလား ဆိုတာကိုလည်း အစိုးရအဖွဲ့ အနေနဲ့ စဉ်းစားပါ။ ကျွန်တော်တို့ကလည်း ဒီနေ့အချိန်မှာ အစိုးရနဲ့ မိတ်ဆွေဆိုတဲ့ အနေအထားကို တိုင်းရင်းသား ပေါင်းစုံက သွားနေတဲ့ အနေအထားမှာ အရင်လို ရန်သူ မဟုတ်တော့ဘူး။ ကိုယ့်ဒေသ လုံခြုံဖို့အတွက် ဒီနေ့အချိန်မှာ အရေးကြီးနေတယ်။ အဲဒါကြောင့် တစ်စုံတစ်ရာ ကိုယ့်ပြည်နယ်အတွက် တာဝန်ယူချင်တယ်ဆိုပြီး ပြောထားတယ်။ ဒါပေမဲ့ အစိုးရက အကြောင်း ပြန်ကြားမှုတော့ မရှိသေးဘူး။ ဒီက ပြန်ရင်တော့ ဆက်ပြီးတော့ MPC မှာ တွေ့မယ့် အခြေအနေရှိတယ်။
Voice : တစ်ခုတည်းသော ရခိုင် အမျိုးသား တပ်မတော် ဖြစ်အောင် လုပ်နေတဲ့ အခြေအနေ ဘယ်လို အတိုင်းအတာ ရောက်နေပြီလဲ။
KH : ရက္ခိုင့်တပ်မတော်ရဲ့ ရည်ရွယ်ချက် ကိုယ်တိုင်က ရခိုင်လူမျိုးအတွက် တပ်မတော် တစ်ခုတည်းပဲ ရှိရမယ်။ အဲဒါကြောင့် တစ်ခုတည်းသော အမျိုးသား တပ်မတော်ဖြစ်ဖို့ စည်းရုံးရေးအရဖြစ်စေ၊ ပူးပေါင်း ဆောင်ရွက်မှုအရ ဖြစ်စေ ကြိုးစားနေတဲ့ အနေအထား ရှိတယ်။ လက်ရှိ အခြေအနေမှာ ရခိုင်ပြည်နယ် လွတ်မြောက်ရေး (ALP) နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ၂၀၁၃ စက်တင်ဘာလ ၃၀ ရက်နေ့က စပြီးတော့ အစည်းအဝေး သုံးကြိမ် လုပ်ပြီးခဲ့တော့ Join Committee ဖွဲ့ဖို့ သဘောတူညီချက် ရခဲ့တာရှိတယ်။ နောက်တစ်ဖက်မှာလည်း လွန်ခဲ့တဲ့လက ကြီးလေးကြီးဖြစ်တဲ့ RNDP (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ)၊ ALD (ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်)၊ AA ၊ ALP ထိပ်ပိုင်း ခေါင်းဆောင်သုံးဦးစီ တွေ့ပြီးတော့ ချင်းမိုင်မြို့မှာ ရခိုင်ပြည်နယ် လုံခြုံရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ တည်ငြိမ်ရေးတို့အပေါ် အခြေခံပြီးတော့ ဆွေးနွေးတာတွေ ရှိတယ်။ ရက္ခိုင့် တပ်မတော်က ရခိုင်ပြည်နယ် လုံခြုံရေး၊ တည်ငြိမ်ရေးအတွက် အဓိက အားသွန်ခွန်စိုက် ကြိုးစားနေသလို တစ်ဖွဲ့တစ်ပါတီ ဖြစ်ရေးဆိုတဲ့ အနေအထားမှာ ALP နဲ့ AA ကနေပြီးတော့ တစ်ဖွဲ့တစ်ပါတီ ဖြစ်သွားလို့ရှိရင် ကျန်တဲ့ အဖွဲ့ငယ်တွေကိုလည်း တွဲခေါ် ဆွဲခေါ်သွားမယ် ဆိုပြီးတော့ ဆွေးနွေး ညှိနှိုင်းနေတာ ရှိတယ်။
Voice : ALP နဲ့ AA ဘယ်တော့လောက် အပြီးပေါင်းနိုင်မယ် ဆိုပြီးတော့ Target Date သတ်မှတ်ထားတာရှိလား။
KH : Join Committee ဖွဲ့ပြီးမှ နောက်တစ်ဆင့်ကို ဘယ်အချိန်မှာ တစ်ဖွဲ့တစ်ပါတီဖြစ်ရေး ဆိုတဲ့အပိုင်းကို ဆက်ပြီးဆွေးနွေးရမယ်။ Join Committee ဖွဲ့ပြီးတော့ ပူးတွဲလုပ်ငန်းစဉ်တွေ ဘာတွေ လုပ်မလဲ။ ပူးတွဲလုပ်ငန်းစဉ်တွေ လုပ်လို့ ယုံကြည်မှုတွေ ရပြီဆိုရင် ပူးပေါင်း ဆောင်ရွက်ရေးကို ဘယ်အချိန်မှာ လုပ်မယ်ဆိုပြီး Time Frame သတ်မှတ်ပြီးတော့ တစ်ဖွဲ့တစ်ပါတီ ဖြစ်ရေးကို လုပ်ရမယ်။ အဲဒါကတော့ ရှိကို ရှိလာမှာပါ။
Voice : အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ လုပ်နေတဲ့ တပ်ဖွဲ့တွေထဲမှာ ရက္ခိုင့် တပ်မတော် မပါဘူးလို့ သိရပါတယ်။ အပစ်အခတ် ရပ်စဲရေးထဲမှာ ပါဝင်ခွင့်ရဖို့ ရက္ခိုင့်တပ်မတော် ဘယ်လို ကြိုးပမ်းနေလဲ။
KH : တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT Team ထဲမှာ ရက္ခိုင့်တပ်မတော် ပါတယ်။ ဒါပေမဲ့ အစိုးရဘက်က ပြောတာက အရင်တုန်းက အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့ ၁၆ ဖွဲ့ရှိတယ်။ အဲဒီအဖွဲ့တွေနဲ့ စာရင်းပိတ်ပြီးတော့ အပစ်အခတ်ရပ်စဲ ရေးပြီးတာနဲ့ တစ်ပြိုင်နဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲမှာ တစ်ခါတည်း ဝင်ရောက် ဆွေးနွေးလို့ ရတယ် ဆိုပြီးတော့ အစိုးရဘက်က ပြောနေတာတွေ ရှိတယ်။ ရက္ခိုင့် တပ်မတော်အနေနဲ့ တောင်းဆိုထားတာက ရက္ခိုင့် တပ်မတော်ဟာ NCCT Team ထဲမှာလည်းပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှာ ရက္ခိုင့် တပ်မတော်လည်း တစ်ပြိုင်တည်း တစ်ခါတည်း ပါချင်တယ်။ ပါဖို့အတွက်လည်း လိုအပ်တယ်ဆိုပြီး အစိုးရကို ပြောဆိုထားတာ ရှိပါတယ်။ NCCT မှာ လည်း ဒီသဘောထားအတိုင်း တောင်းဆိုဖို့အတွက် NCCT မှာ တင်ပြထားတာ ရှိတယ်။
Voice : ရက္ခိုင့်တပ်မတော်က ရခိုင်ပြည်နယ်မှာ လုံခြုံရေးတာဝန် ထမ်းဆောင်ခွင့် ရရှိခဲ့ရင် ဘယ်လောက် လုံခြုံမှု ကောင်းလာမယ်လို့ ယူဆပါလဲ။
KH : အထူးသဖြင့် ပြည်သူတွေက အရင်ခေတ် ကာလတွေက စစ်တပ်က လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေအပေါ် အခြေခံပြီး လက်ရှိ ရှိနေတဲ့ အစိုးရတပ်ကို အားကိုးယုံကြည်မှု နည်းပါးနေတယ်။ အစိုးရစစ်တပ်က အင်အား ၁၀၀ ရှိနေပါစေ ရခိုင်စစ်သား ၁၀ ရှိနေရင် ပြည်သူတွေက ငါတို့မှာ လုံခြုံမှု ရှိတယ်ဆိုတဲ့ အနေအထားကို ပိုပြီးယုံကြည်မှု ရှိလာမယ်။ ဘူးသီးတောင်၊ မောင်တော နယ်စပ်တွေမှာဆိုရင် လုံခြုံမှုမရှိ ဆိုပြီးတော့ အိမ်တွေကို ပစ်ထားခဲ့ပြီးတော့ မြို့ပေါ်ကို တက်ပြေးတာတွေ ရှိတယ်။ အဲလို အနေအထားမျိုး မဖြစ်ရအောင် ရက္ခိုင့် တပ်မတော်က တစ်စုံတစ်ရာ အတိုင်းအတာအထိ အဲဒီဒေသမှာ လုံခြုံမှု ပေးနိုင်မယ်ဆိုရင် ပြည်သူတွေကလည်း ယုံကြည်မှု အပြည့်အဝနဲ့ ကိုယ့်အလုပ်ကို ပုံမှန်လုပ်နိုင်မယ်။ ကျီးလန့်စာစား ဘဝလည်း မဟုတ်ဘဲနဲ့ ယုံယုံကြည်ကြည်နဲ့ ကိုယ့်အလုပ်ကို လုပ်လို့ရှိရင် ပြည်သူတွေက လုံခြုံမှုရှိတယ်လို့ ခံစားရမှာ ဖြစ်တယ်။ တစ်ဖက်မှာလည်း ဘင်္ဂါလီတွေက ဒီနေရာမှာ ရက္ခိုင့် တပ်မတော်ရှိတယ် ဆိုပြီးတော့ လုပ်ချင်တာကို မလုပ်ဘဲ ရပ်ထားတာတွေ၊ နောက်ဆုတ်တာတွေ ရှိသွားနိုင်တယ်။
Voice : ကမန် အစ္စလာမ် ဘာသာဝင်တွေကို ရက္ခိုင့်တပ်မတော်မှာ တာဝန်ပေးမယ်လို့ သိရပါတယ်။ အဲဒါကိုလည်း ရှင်းပြပေးပါ။
KH : ကမန်လူမျိုးကို ရခိုင် တပ်မတော်ကစပြီး အသိအမှတ်ပြုတာ မဟုတ်ဘူး။ ဘုရင်ခေတ်က စပြီး အသိအမှတ် ပြုလာတာ။ ဒီနေ့အခြေအနေမှာ ကမန်တွေကို ဘင်္ဂါလီတွေရဲ့ ရင်ခွင်ထဲကို ပို့မလား။ ဘင်္ဂါလီ မဖြစ်ရရေးကို စည်းရုံးရမလားဆိုတဲ့ အပိုင်းရှိမယ်။ နောက်တစ်ပိုင်းက ကမန် သုံးသောင်းလောက်ပဲ ရှိတာကို ငါတို့ အသိအမှတ် မပြုရင် အဲဒီကမန်နေရာမှာ ကမန်လူမျိုး အနေနဲ့ ဘင်္ဂါလီ သန်းနဲ့ချီပြီးတော့၊ သိန်းနဲ့ချီပြီးတော့ အစားထိုး မရောက်နိုင်ဘူးလား ဆိုတာကို ရခိုင် တိုင်းရင်းသားတွေ အနေနဲ့ အများကြီး စဉ်းစားဖို့လိုတယ်။ ရက္ခိုင့် တပ်မတော်အနေနဲ့ ကိုယ့်ပြည်နယ်ထဲမှာ သမိုင်း အဆက်ဆက်ကပင် အသိအမှတ် ပြုလာတာကို သင့်တင့် လျောက်ပတ်သလို ပူးပေါင်း ဆောင်ရွက်မယ့် သဘောထား ရှိတယ်။
ဒီနေ့အချိန်မှာ ပိုပြီးစိုးရိမ်ဖို့ ကောင်းတာက လွန်ခဲ့တဲ့ ၂ နှစ်လောက်က စပြီးတော့ ကုလား-ရခိုင် အဓိကရုဏ်း ဖြစ်တဲ့အခါ ဘင်္ဂါလီတွေက ဘာအော်လဲဆိုတော့ ငါတို့ အစ္စလာမ် ဘာသာတွေကို နှိပ်စက်နေတယ်။ နှိပ်ကွပ်နေတယ် ဆိုပြီးတော့ ကမ္ဘာကို အော်ပြတယ်။ ဘင်္ဂါလီတွေကို နှိပ်စက်နေတယ်လို့ မအော်ဘူး။ အစ္စလာမ် ဘာသာဝင်တွေကို နှိပ်စက်နေတယ်လို့ ဆိုပြီးအော်တယ်။ ကျွန်တော်တို့ အနေနဲ့ ကမန်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ကမန်ဆိုတာ အစ္စလာမ် ဘာသာဝင် ဖြစ်တယ်။ ဒီအစ္စလာမ် ဘာသာဝင်ကို ငါတို့က မနှိပ်စက်ဘူး။ မတရား ကျူးကျော်လာတဲ့ ဘင်္ဂါလီတွေနဲ့ ပြဿနာဖြစ်တာ၊ အစ္စလာမ်ဘာသာနဲ့ ဖြစ်တာ မဟုတ်ဘူးဆိုပြီး နိုင်ငံတကာကိုလည်း ချပြနိုင်ဖို့ လိုအပ်လိမ့်မယ်။ အဲဒါကြောင့် နိုင်ငံရေး နည်းဗျူဟာအရ၊ စစ်ရေး နည်းဗျူဟာအရ ဘယ်အတိုင်း အတာအထိ ပူးပေါင်း ဆောင်ရွက်မယ် ဆိုတာကို သဘောထား ဆွေးနွေးညှိနှိုင်းနေတာ ရှိတယ်။ ရက္ခိုင့် တပ်မတော်ကတော့ လက်ရှိ ဖြစ်နေတဲ့ အနေအထားမှာ ဘယ်လို လုံခြုံမှုအတွက်၊ စည်းလုံးညီညွတ်မှုကို ဘယ်လိုလုပ်မလဲ၊ မူဝါဒတစ်ခု ချမှတ်ပြီးတော့ ရှေ့ကို ဆက်လက် ဆောင်ရွက်သွားဖို့ ရှိတယ်။ ဒီနေ့အထိတော့ ရက္ခိုင့် တပ်မတော်မှာ အစ္စလာမ်ဘာသာဝင် တစ်ယောက်မှ မရှိသေးဘူး။
http://thevoicemyanmar.com/2013/index.php/political/item/6043-yk.html
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။