ရခိုင်တိုင်းရင်းသား ခေါင်းဆောင်နှစ်ဦးအား မလေးရှားနိုင်ငံတွင် လုပ်ကြံရန် ကြိုးပမ်းခဲ့မှုအတွက် တရားခံတစ်ဦး ဖမ်းမိကြောင်း မလေးရှားရဲတပ်ဖွဲ့ ပြောကြား

မြန်မာနိုင်ငံမှ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဦးအေးမောင်နှင့် ဦးအေးသာအောင်တို့အား လွန်ခဲ့သည့်လက မလေးရှားနိုင်ငံတွင် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့မှုတွင် ပါဝင်သည်ဟု သံသယရှိသူ တစ်ဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်ဟု Bernama သတင်းဌာနက ဖော်ပြလိုက်သည်

မလေးရှားရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးပြီးနောက် အဆိုပါပြောကြားချက်ကို ရဲတပ်ဖွဲ့စုံစမ်းရေးမှူး အကြီးအကဲ Tan Sri Khalid Abu Bakar ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးပြီးနောက်ပိုင်းတွင် ရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသားအချို့နှင့် ထိုင်းနိုင်ငံသားအချို့အား ဆက်လက်ဖမ်းဆီး အရေးယူမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့သည်လည်း အဆိုပါမှုခင်းနှင့် ဆက်စပ်နေကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။ မလေးရှားရဲတပ်ဖွဲ့က ကျူးလွန်သူများကို ဖမ်းဆီးရမိပြီဟု ပြောဆိုခဲ့သော်လည်း ဖမ်းဆီးရမိသူများမှာ မည်သူမည်ဝါဖြစ်သည်ဆိုသည့်အချက်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးချေ။

ဖေဖော်ဝါရီ ၅ ရက် ည ၁၁ နာရီခွဲတွင် Jalan Alor အရပ်၌ မော်တော်ဆိုင်ကယ်ပေါ်မှ လူနှစ်ဦးသည် ဈေးဝယ်ထွက်ပြီး ပြန်လာသော ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးအေးမောင်နှင့် ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌ ဦးအေးသာအောင်တို့ စီးနင်းလိုက်ပါလာသောကားကို သေနတ်ဖြင့် ခြောက်ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလုပ်ကြံရန် ကြိုးပမ်းမှုသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများနှင့် နိုင်ငံရေးအခြေအနေများကြောင့် ဖြစ်နိုင်သည်ဟု မလေးရှားရဲတပ်ဖွဲ့အကြီးအကဲက မှတ်ချက်ပေးခဲ့ဖူးသည်။

ရခိုင်တိုင်းရင်းသားခေါင်းဆောင်နှစ်ဦးသည် ရခိုင်လူမှုရေးအဖွဲ့အစည်း (Malaysia Arakan Organization) ၏ ဖိတ်ကြားချက်ဖြင့် ဟောပြောပွဲသွားရောက်စဉ် ပစ်ခတ်လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။ ယင်းကဲ့သို့ လိုက်လံပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများ မရှိခဲ့ဘဲ စစ်ဆေးချက်များအရ ၉-မမ ပစ္စတိုကျည်ဆန်ဟု သိရကြောင်း ၎င်းတို့နှစ်ဦး ပြန်လာပြီးနောက် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယင်းကဲ့သို့ လိုက်လံပစ်ခတ်သူနှစ်ဦးမှာ ဆိုင်ကယ်စီးဦးထုပ်များ ဆောင်းထားပြီး ရှေ့မှ ဆိုင်ကယ်မောင်းနှင်သူမှာ ဆံပင်ကုပ်ကျော်အရှည်နှင့် မုတ်ဆိတ်မွေးပါကြောင်း၊ အနီးကပ်ပစ်ခတ်ခြင်းဖြစ်ပြီး ပထမကျည်ဆန် ပစ်ခတ်အပြီးတွင် "ပစ်...ပစ်" "ဆက်ပစ် ဆက်ပစ်" ဟု ဗမာစကားဖြင့် ပြောကြားခဲ့ကြောင်း၊ စကားသံမှာမူဝဲကြောင်း ကားပေါ်တွင် ပါခဲ့သူတစ်ဦးဖြစ်သူ ဦးလှမြင့်ကအဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

By- Eleven Media Group
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။