အဆင့်မြင့် ကျောက်ဖြူအကျဉ်းထောင်သစ်ကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရ
......................................................................................
အာရကန်ကိုကို(မြစ်မခ) ၊ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အပြည်ပြည် ဆိုင်ရာ နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC)၏စံချိန်စံညွှန်းနှင့်အညီ အဆင့်မြင့် အကျဉ်းထောင်အသစ် တည်ဆောက်မှုနှင့်ပတ်သက်၍ ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများရှိလာသည်ဟု မြို့ခံအချို့ကဆိုသည်။
ထိုသို့ဆောက်လုပ်လျက်ရှိသည့် အကျဉ်းထောင်သစ်မှာ လက်ရှိ ပင်မကျောက်ဖြူထောင်၏ မြောက်ဘက်တွင် ကပ်လျက်တည်ဆောက်နေ ခြင်းဖြစ်ရာ အကျဉ်းသား ၄ဝဝခန့် အိပ်ဆောင်အဆောက်အအုံနှစ်လုံးနှင့် အကျဉ်းသားဝန်ထမ်းအိမ်ရာ ခြောက်ခန်းတွဲအဆောက်အအုံတစ်လုံးကိုပါ တွဲလျက်တည်ဆောက်နေကြောင်း အဆိုပါအကျဉ်းထောင်အား တာဝန် ယူ တည်ဆောက်နေသည့် ဇမ္ဗြူ<ွကယ်ဆောက်လုပ်ရေးကုမ္ပဏီမှ ကျောက်ဖြူ တာဝန်ခံက ပြောကြားသည်။
''အကျဉ်းဦးစီးရဲ့ စီမံညွှန်ကြားတဲ့အတိုင်း အိုင်စီအာရ်စီရဲ့ စံချိန်စံ ညွှန်းနဲ့အညီ အကျဉ်းသားတစ်ယောက်နေရမယ့်အခန်းအကျယ်ဟာ အကျယ် အဝန်း ၃၆ စတုရန်းပေအထိအကျယ်ယူပြီး တည်ဆောက်ရတာပါ''ဟု ဇမ္ဗြူ<ွကယ်ဆောက်လုပ်ရေးကုမ္ပဏီမှ ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ဦး က ပြောသည်။
အကျဉ်းထောင်သစ် တိုးချဲ့တည်ဆောက်နေခြင်းနှင့် ပတ်သက်ပြီး ကျောက်ဖြူမြို့ခံ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာ သူတစ်ဦးက''ကျောက် ဖြူဒေသခံတွေအပြင် ရခိုင်တစ်ပြည်လုံး အတိုင်းအတာအရ ဒီအကျဉ်းထောင် သစ် တည်ဆောက်နေတာကို စိုးရိမ်ပူပန်မှုတွေရှိကြသလို သံသယစိတ် တွေလဲ မကင်းကြပါဘူး။ ဘာကြောင့် စိုးရိမ်ပူပန်မှုတွေ၊ သံသယစိတ်တွေ ရှိကြတာလဲဆိုတာကို ပြောကြားဖို့ကခက်ပါတယ်။ စစ်အာဏာရှင်ဦးနေဝင်း တို့၊ ဦးသန်းရွှေတို့လို ပြီးခဲ့တဲ့ခေတ်တွေက ဒီမိုကရေစီလှုပ်ရှားသူတွေ၊ ရခိုင် လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ဘာလုပ်ခဲ့လဲဆိုတာကို အားလုံးကသိကြ မယ်လို့ ထင်ပါတယ်''ဟုပြောသည်။
''ထောင်ဆိုရင်လန့်တယ်။ ကျွန်တော်တို့အမြင်က အကျဉ်းသား တွေ ပြည့်နှက်လာလို့ ထောင်သစ်တိုးချဲ့တာလို့ ထင်တာကတစ်ကြောင်း၊ နောက်တစ်ခုက အကြောင်းကိစ္စတစ်ခုခုကြောင့် လူအခွင့်အရေးလှုပ်ရှား တာတို့၊ လူ့အခွင့်အရေးတောင်းဆိုတာတို့ရှိလာရင် စစ်အစိုးရလက်ထက် ကလို မတရားပုဒ်မတွေတပ်ပြီး ဖမ်းဆီးထောင်ချမယ့်စီမံကိန်းလို့ သံသယ စိတ်တွေနဲ့ ကြောင့်ကြစိတ်တွေရှိကြပါတယ်'' ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။
.............................................
The Flower News Journal
အတွဲ (၁၀) ၊ အမှတ် (၁၀)
(4 - 10, 02, 2014 ၊ တနင်္ဂနွေနေ့)

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။