ရခိုင်ပြည်နယ်သို့ ရောက်ရှိလာသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ကင်တားနားကို ဒေသခံပြည်သူများ ကန့်ကွက်ဆန္ဒပြ

on: February 14, 2014
Written by: 
ဝင်းမောင်၊ သန်းလှိုင်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနား ရခိုင်ပြည်နယ်သို့ (၅) ကြိမ်မြောက် ရောက်ရှိလာခြင်းအပေါ် စစ်တွေဒေသခံများ ဖေဖော်ဝါရီ ၁၄ ရက်က ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ-သန်းလှိုင်)
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား ရခိုင်ပြည်နယ်သို့ (၅) ကြိမ်မြောက်ရောက်ရှိလာရာ ဒေသခံပြည်သူများက အလိုမရှိဟု ဆန္ဒပြမှုနှင့် ကြုံတွေ့ခဲ့ကြောင်း သတင်းရရှိသည်။

ကင်တားနားသည် စစ်တွေမြို့သို့ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၈ နာရီ မိနစ် ၄၀ တွင် ရောက်ရှိလာခြင်းဖြစ်ပြီး စစ်တွေခန်းမတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ၎င်း၏ခရီးစဉ်နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းမှတစ်ဆင့် စစ်တွေအကျဉ်းထောင်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး စစ်တွေအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော ဘင်္ဂါလီလူမျိုး သုံးဦးဖြစ်သည့် ကျော်လှအောင်၊ ကျော်မြင့်၊ သန်းရွှေ စသူတို့နှင့် တွေ့ဆုံခဲ့ကြောင်းနှင့် ယင်းမှတစ်ဆက်တည်း ရွှေစေတီကျောင်းတိုက်သို့ သွားရောက်ကာ ကျောင်းရှိသံဃာတော်တစ်ပါးနှင့် တွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံရာတွင် ၎င်းသည် သံဃာတော်များကို အလေးဂရုပြုပါကြောင်း၊ ရန်ကုန်ရှိ သံဃာအရေးကိုလည်း ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းမှဆက်ကာ စစ်တွေဟိုတယ်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ တာဝန်ရှိသူနှစ်ဦးနှင့်တွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံရာ၌ ကင်တားနားက "၎င်း၏အစီရင်ခံစာဟာ ဘက်မလိုက်တဲ့ အစီရင်ခံစာဖြစ်အောင် လုပ်မည်ဖြစ်ကြောင်းနှင့် ၎င်းအစီရင်ခံစာ ထွက်လာသည့်အခါ သူဟာဘက်မလိုက်သူဖြစ်ကြောင်း သက်သေပြမည်" ဟု ပြောကြားခဲ့ကြောင်း ၎င်းနှင့်တွေ့ဆုံခဲ့သူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် ဦးခင်မောင်ကြီးက ဆိုသည်။

ကင်တားနားနှင့်တွေ့ဆုံစဉ် ပြောကြားမှုများနှင့် ပတ်သက်၍ "ဒီရခိုင်ပဋိပက္ခနဲ့ သူ့ရဲ့ချဉ်းကပ်ရာမှာ တစ်ဖက်သတ်ဖြစ်နေတဲ့အတွက် ရခိုင်သားတို့ရဲ့ခံစားချက်နဲ့ ကွာခြားနေတဲ့ အကြောင်းကို ပြောတယ်။ သူတင်ပြတာဟာ ဘင်္ဂါလီတွေဘက်ကို ချဉ်းကပ်ပြောတာလို့ လူတွေနားလည်တယ်။ သူမြင်ထားတဲ့အမြင်က ရခိုင်လူထု ခံစားနေရတာနဲ့ ကွာခြားနေတယ်။ သူပြောတာဟာ ရခိုင်ခံစားချက်နဲ့ လွဲနေတယ်လို့ ပြောတယ်။
သူ့အနေနဲ့ ယခင်သဘောပေါက်ထားတာနဲ့ အခုအစ်ကိုတို့နဲ့ တွေ့တဲ့အခါမှာ သဘောပေါက်တာဟာ ကွဲလွဲနေလိမ့်မယ်လို့တော့ မျှော်လင့်တယ်။ အဓိက ရခိုင်ပြည်သူတွေရဲ့ အနေအထား၊ ထိခိုက်ခံစားနစ်နာရမှုအတွက် လူ့အခွင့်အရေးအရ ထောက်ထားညှာတာမှုတွေ မရခဲ့ဘူး။ ပဋိပက္ခဖြစ်ရတဲ့အကြောင်းကို သေချာမချဉ်းကပ်နိုင်ဘဲနဲ့ ဖြေရှင်းလို့မရနိုင်ဆိုတာရယ်၊ လူ့အခွင့်အရေးသတ်သတ် ချဉ်းကပ်လို့မရဘူးဆိုတာကို အစ်ကိုတို့က သူ့ကိုပြောတယ်။ မလေးရှားမှာ ဒေါက်တာအေးမောင်တို့ ဖြစ်ရတဲ့အကြောင်းနဲ့ စိတ်မကောင်းဖြစ်ရတယ်လို့တော့ ဒေါက်တာကိုပြောပေးပါလို့ သူကပြောတယ်။ နောက်ဆွေးနွေးတာကတော့ ဖွဲ့စည်းပုံအကြောင်းရယ်၊ ဖယ်ဒရယ်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းအကြောင်းကို ပြောဖြစ်တယ်" ဟု ဦးခင်မောင်ကြီးက ဆက်ပြောသည်။

တွေ့ဆုံအပြီးတွင် စစ်တွေမြို့နယ်ရှိ ခေါင်းဒုက္ကာ ဘင်္ဂါလီကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး ကယ်ဆယ်ရေးစခန်းရှိ ဘင်္ဂါလီများနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ကယ်ဆယ်ရေးစခန်းမှအပြန်တွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်းနှင့် ၎င်း၏ နောက်ဆုံးခရီးစဉ်အဖြစ် စစ်တွေမြို့ပေါ်ရှိ အောင်မင်္ဂလာ ဘင်္ဂါလီရပ်ကွက်သို့ သွားရောက်ကာ ဘင်္ဂလီတချို့နှင့် တွေ့ဆုံစကားပြောခဲ့သည်။

အောင်မင်္ဂလာကျေးရွာမှတစ်ဆင့် စစ်တွေလေဆိပ်သို့ မွန်းလွဲ ၂ နာရီ မိနစ် ၅၀ တွင် ရောက်ရှိခဲ့ကြောင်းနှင့် ညနေပိုင်းတွင် လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့သည်။

ကင်တားနား၏ စစ်တွေခရီးစဉ်တစ်လျှောက်တွင် ဒေသခံပြည်သူများ၏ ဆန္ဒဖော်ထုတ်ခြင်းနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ လေဆိပ်အ၀င်ဝတွင် ဒေသခံပြည်သူ ၂၀ ခန့်က ကင်တားနား ထွက်သွား၊ ဘက်လိုက်သည့် ကင်တားနား အလိုမရှိစသည်ဖြင့် ကြွေးကြော်ခဲ့ကြကြောင်းနှင့် စစ်တွေအကျဉ်းထောင်ဝတွင်လည်း ဒေသခံ ၃၀ ခန့်က အလားတူ ကင်တားနား GET OUT! စသည်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ပြီး ရွှေစေတီ ဘုန်းတော်ကြီးကျောင်းရှေ့တွင်လည်း ဒေသခံလူထု ၄၀ ခန့်က ဆန္ဒဖော်ထုတ်ခဲ့ကာ စစ်တွေဟိုတယ်အထွက်ဝ၌လည်း ဒေသခံ ၅၀ ခန့်က ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း၊ ကင်တားနား၏ ခရီးစဉ်ပြီးဆုံး၍ အပြန် စစ်တွေလေဆိပ် အ၀င်တွင်လည်း ဒေသခံ ၁၀၀ ကျော်ခန့်က ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနားအား ဘင်္ဂါလီဘက်လိုက်ပြောဆိုနေမှုအပေါ် မကျေနပ်ကြသော စစ်တွေမြို့မှ တက်ကြွလှုပ်ရှားသူ ၅၀ ခန့်က လေဆိပ်အထွက်ဝမှနေ၍ ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ခြင်းနှင့်ပတ်သက်၍ စစ်တွေမြို့ခံ ဒေါ်ညိုအေးက "ကင်တားနားဟာ လူ့အခွင့်အရေးကိုယ်စားလှယ်ဖြစ်ပြီးတော့ ဘက်လိုက်ပြီးပြောတယ်။ သူဟာ ဘင်္ဂါလီတွေအတွက် တစ်ဖက်သတ်ဆောင်ရွက်နေတာကို ပေါ်လွင်နေတယ်။ မောင်တောဒုချီးရားတန်းကိစ္စမှာလည်း ရဲတပ်ကြပ်ကြီးတစ်ယောက်သေတာကိုမပြောဘဲ ဘင်္ဂါလီတွေ အသတ်ခံရတယ်ဆိုပြီးပြောတယ်။ သူ့ကို လုံးဝအလိုမရှိဘူး။ ဒါကြောင့် ဆန္ဒပြတာဖြစ်တယ်" ဟုဆိုသည်။

ကင်တားနား၏ ရခိုင်ခရီးစဉ်တွင် မောင်တောသို့လာမည်ဟု သတင်းထွက်ပေါ်ခဲ့သလို ဒေသခံများက ဆန္ဒဖော်ထုတ်မည်ဟုလည်း သတင်းများထွက်ပေါ်ခဲ့သည်။ သို့သော် ဘူးသီးတောင်နှင့် မောင်တောသို့ သွားရောက်ခဲ့ခြင်းမရှိဘဲ တစ်နေ့တည်းနှင့် ပြန်သွားခဲ့ကြောင်း သိရသည်။


Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။