မင်းဂွတ်သီးနှင့် ကင်ဆာရာဂါအကြောင်း ကိုယ်တွေ့ဖြစ်ရပ်များ

မင်းဂွတ်သီးနှင့် ကင်ဆာရာဂါအကြောင်း ကိုယ်တွေ့ဖြစ်ရပ်များ
==== === ==== ===




ကျွန်တော့်ကျန်းမာရေးအတွက် Kaiser Insurance ရှိပါသည်။ ၂၀ဝ၈ ဒီဇင်ဘာလတွင် ပုံမှန်နှစ်စဉ် ကျန်းမာရေးဆေးစစ်ရာတွင် လက်ညှိုး ဖြင့် စမ်းသပ်ခြင်းပြုစဉ် (Rectal Examination) ဆရာဝန်က ဆီးကျိတ် ရောဂါ သံသယရှိသဖြင့် ဆီးပါရဂူသို့ လွှဲပြောင်းစမ်းသပ်စေခဲ့ပါသည်။

ဆီးပါရဂူက ထပ်မံစမ်းသပ်ပြီး ဆီးကျိတ်ကိုအသားစယူစစ်ဆေးခြင်း (Biopsy) လုပ်ရန် တိုက်တွန်းသည့်အတိုင်း လုပ်ဖြစ်၏။ အသားစ ၁၃ ချက်ယူရာတွင် တစ်ချက်တွင် (Adenocarcinoma) ကင်ဆာဆဲလ်တွေ့ ရှိရပြီး တခြား ၃ ချက်တွင် မကြာခဏ ဆိုးရွားစွာ ယောင်ရမ်းသည့် လက္ခဏာ (Mild Acute Chronic Inflammation)ဟု တွေ့ရှိရပါသည်။

ဆီးပါရဂူက ခွဲစိတ်ကုသရန်နှင့် ဓာတ်ကင်ရန်တစ်ခုခုလုပ်သင့် ကြောင်း အခိုင်အမာ တိုက်တွန်းပါသည်။ ထိုအချိန်က ကျွန်တော့် အသက် ၆၂ နှစ် အငြိမ်းစားယူထားသည့် လုပ်ငန်းရှင်တစ်ဦး ဖြစ်ပါသည်။
ကျွန်တော့် မိသားစုအသိုင်းအဝန်းတွင် ကျွန်တော့်ဘက်ကသားချင်း ဆရာဝန် ၃ ဦး ကျွန်တော့်မိန်းမဘက်က ဆရာဝန် ၃ ဦး နှစ်ဖက် တူ၊ တူမ ဆရာဝန် ခုနစ်ဦးရှိပါသည်။ ခင်မင်ရင်းနှီးသည့် ဆရာဝန် မိတ်ဆွေလည်း အလွန်များပါသည်။

ကျွန်တော် သိကျွမ်းသမျှ ဆရာဝန်တွေနှင့် ပွင့်လင်းစွာ ပြောပြ တိုင်ပင်၍ အကြံတောင်းခံခဲ့ပါသည်။ တိုင်ပင်သမျှသော ဆရာဝန်တိုင်း ကလည်း ဆီးပါရဂူညွှန်ကြားချက်ကို လိုက်နာရန် တိုက်တွန်းအားပေးကြ ပါသည်။
သူတို့၏ စေတနာနှင့်ပေးလာသည့် အကြံဥာဏ်နှင့် တိုက်တွန်းသမျှကိုလည်း အထူးကျေးဇူးတင် လေးစားလျက်ပါ။

ကျွန်တော်ကိုယ်တိုင်က သတ္တိနည်းသူလို့ပဲ ဝန်ခံရပါမည်။ ကျွန်တော့်အနေနှင့် ဆီးပါရဂူဆရာဝန်ကြီးရှင်းပြသော ခွဲစိတ်နှင့်ဓာတ်ကင်ကုသမှု နှစ်မျိုးလုံး၏ ကောင်းကျိုးဆိုးပြစ်တွေကို ကြောက်သဖြင့် တခြားသော နည်းလမ်းများမရှိတော့ဘူးလားဟု ဆင်ခြင်မိပါသည်။

ထို့ကြောင့် ကင်ဆာဖြစ်မှန်းသိသည့်နေ့မှစပြီး နေ့စဉ်စားသည့် အလေ့ကိုပြင်ပြီး ဟင်းသီးဟင်းရွက်စိမ်းများကိုသာ နေ့စဉ်များစွာ စားပေတော့သည်။

နောက်သုံးလအကြာမှာ ကျွန်တော်အကြံဥာဏ်တောင်းဖူးသည့် ညီမလေးလို ခင်မင်သူ LA က ဒေါက်တာမြမြအေး ဖုန်းဆက်မေးလာသည်။ ကျွန်တော်ဘာလုပ်ဖြစ်သလဲတဲ့။

ကျွန်တော်ဘာမှ မလုပ်ဖြစ်သေး၊ လောလောဆယ်တော့ နေ့စဉ် ဟင်းသီးဟင်းရွက်တွေ နင်းကန်စားပြီး စောင့်ကြည့်ဦးမယ် ဆုံးဖြတ်ကြောင်း ပြောပြလိုက်သည်။

ဆီးပါရဂူကလည်း ဘာမှမလုပ်ဘူးဆိုရင် လေးလတစ်ကြိမ် သွေးစစ် ရမယ်၊ သွေးစစ်လို့ PSA 0.8 ထက်ပိုတက်ရင်တော့ တစ်ခုခုလုပ်မှ ကောင်းမယ်ဟု ပြောကြောင်း ပြောပြပါသည်။

ဒေါက်တာမြမြအေးက ဒီနေ့သူ ကျွန်တော့်အတွက် အကြံဥာဏ်တောင်းခဲ့ဖူးသည့် သူ့ဆေးရုံက ဆီးပါရဂူက ကျွန်တော် ဘာလုပ်ဖြစ်သလဲ မေးရင် သူ့ကိုပြောပြသည်။ သူ့လူနာတစ်ယောက်က မကုဘဲထားပြီး တစ်နှစ်ခွဲလောက်ကြာတော့ သူ့ကို Biopsy ထပ်လုပ်ပေးဖို့ ပြောလာသည်။

Biopsy ထပ်လုပ်တော့ ကင်ဆာဆဲလ် မတွေးဘူးတဲ့။ သူ့လူနာကို သူဘာလုပ်သလဲမေးတော့ သူအိန္ဒိယပြန်သွားတော့ မင်းဂွတ်သီးကို အရည်ကြိတ်ပြီး မနက်တစ်ခွက်၊ ညတစ်ခွက်သောက်သတဲ့။

ကျွန်တော့်ကိုလဲ ဘာမှ မလုပ်ဘဲထားရင် အဲဒါရှာဝယ်သောက်ကြည့် ဖို့ တိုက်တွန်းသည့်နှင့် ကျွန်တော်လဲ ချက်ချင်းဆိုသလို စိတ်ကူးရှိရာ Costco က မင်းဂွတ်သီး အရည်သွားဝယ်သောက်ကြည့်မိသည်
ခွက်မှာထည့်သောက်ရင်း စူးစမ်းကြည့်မိသည်။

အဲဒီ ဖျော်ရည်ထဲ မှာ မင်းဂွတ်သီးအခွံရဲ့ အဖတ်တွေလိုဟာ တွေ့ရသလို မင်းဂွတ်သီး အခွံ၏ အရသာလို ဖန်တန်တန် အရသာလဲ ရပါသည်။ အလွန့်အလွန် လဲချိုအောင် သကြားများစွာထည့်ဖျော်စပ်ထားပုံရပါတယ်။

ဒါကို မနက်တစ်ခွက် ညတစ်ခွက်သောက်ရရင် ကင်ဆာ ပျောက်၊ မပျောက်တော့ မသေချာဘူး။ ကျွန်တော့်အသက်အရွယ်နဲ့ ဆီးချိုရောဂါ ဖြစ်လာဖို့တော့သေချာတယ်ဟု ဆင်ခြင်မိပါသည်။

မြတ်ဗုဒ္ဓနှင့် ဘုရားသားတော် သံဃာတော်များ၏ အဆုံးအမကို ဦးထိပ်ပန်ဆင်သူပီပီ သူများပါးစပ်ထဲ လမ်းမဆုံးစေဘဲ ဧဟိပတ္တိကော ကိုယ်ကိုယ်တိုင် လက်တွေ့ စူးစမ်းလေ့လာ လက်တွေ့ဖြေရှာချင်စိတ် ဖြစ်လာပါသည်။

ခုခေတ်ကွန်ပျူတာ Website က ကိုယ်သာ တကယ်သိချင်တတ် ချင်စိတ်ရှိခဲ့လို့ကတော့ ငွေကြေးကုန်စရာမလိုဘဲ သိချင်တတ်ချင်သမျှကို Internet ကနေ ရှာဖွေလေ့လာလို့ မကုန်နိုင်အောင်ပါပဲ။ မင်းဂွတ်သီး အကြောင်းသိချင်လျှင်Google မှာ Mangosteen လို့ ရိုက်လိုက်လျှင် မင်းဂွတ်သီးအကြောင်း မသိချင်မှ အဆုံးထွက်ပေါ်လာပါသည်။

မင်းဂွတ်သီးမှာရှိသည့် အာနိသင်ထက်မြက်သည့် Xanthone ဆိုတဲ့ဓာတ်က အားအင်ကိုဖြစ်စေသည်။ ခုခံအားကို နိုးထစေသည်။ ကင်ဆာဆဲလ်ကို ကျုံ့စေသေစေသည်။ အဆီကျစေသည်၊ အယောင်ကျ စေသည်စသဖြင့် များစွာတွေ့ရပါသည်။

မင်းဂွတ်သီး၏ ကောင်းကျိုးအာနိသင်တွေသည် မယုံနိုင်လောက် အောင်များပါသည်။ မယုံနိုင်လောက်အောင် များပါသည်။ အဓိက ဒီ Xanthone ဓာတ်က မင်းဂွတ်သီး၏ အပြင်ခွံနှင့် အစေ့မှာ အများဆုံး ပါရှိပြီး အညှာနဲ့ ရွက်ဖတ်ကလွဲလို့ တစ်လုံးလုံး ပြစ်စရာမရှိလောက် အောင် အသုံးဝင်ပါသည်။ သုတေသန အထောက်အထားများစွာ တွေ့ ရှိထားပါသည်။

သုတေသီပညာရှင်တွေ၏ မင်းဂွတ်သီး၏ အာနိသင်ကောင်းကျိုး တွေ့ရှိချက်ကြောင့် စီးပွားရေးသမားများက မင်းဂွတ်သီးရည် (Mangosteen Juice) နှင့် မင်းဂွတ်သီးဆေးတောင့် (Mangosteen Capsule)တွေကို စီးပွားဖြစ်ထုတ်လုပ်ရောင်းချကြသလို Website တွေ မှာလည်း သူတို့၏ ကြော်ငြာတွေပဲ နေရာယူထားသလို ဖြစ်နေပါသည်။

သတိထားဖတ်ရှုရင်တော့ မင်းဂွတ်သီးရည် (Mangosteen Juice)၏ မပုပ်မသိုးစေဘဲ အထားခံအောင် ထည့်ရသည့် ဆေးနှင့်ချိုလွန် သည့် စီမံထုတ်လုပ်မှုကြောင့် မသုံးသင့်ကြောင်း မင်းဂွတ်သီးဆေးတောင့် (Mangosteen Capsule)ကလည်း Freeze Dry နည်းနှင့်ထုတ်လုပ်မှ မင်းဂွတ်သီး၏ ကိုယ်အာနိသင်မပျက်လျော့နိုင်အောင် သတိပေးထားသည် ကို တွေ့နိုင်ပါသည်။

Freeze Dry အကြောင်း သိလိုပါကလည်း Googgle မှာ Freeze Dry လို့ ရိုက်ကြည့်လျှင် တွေ့ပါလိမ့်မည်။
ဈေးထဲမှာ ယိုးဒယားကလာသည့် မင်းဂွတ်သီးကိုတွေ့တော့ ကိုယ်ဖတ်ရှုထားသမျှနဲ့ သုံးသပ်ချက်တွေနဲ့ ဥာဏ်ကူပေါင်းစပ်လုပ်ဖို့ အကြံရလာပါသည်။

ဈေးထဲက မင်းဂွတ်သီးကို ဝယ်ပါ။ ရေစင်စင်ဆေး အညှာနှင့် ရွက်ဖက်ချက်တို့ကိုဖယ်ပြီး ကြိတ်လို့လွယ်အောင် အခွံနှင့်အစေ့ကို အတုံး ငယ်ဖြစ်အောင်လှီး အသားပါအားလုံး သစ်သီးဖျော်ရည်စက်ထဲထည့်ပြီး ရေထက်ဝက်အချိုးခန့်သာထည့်ပြီး စိတ်ရှည်ရှည်နဲ့ ကြိတ်လိုက်ရပ်လိုက် မွှေလိုက်လုပ်တော့ အပြီးသပ်မှာ စိမ်းစားငါးပိလို အနေအထားမျိုး ပျစ်ပျစ် အနှစ်ကိုရပါလိမ့်မည်။
အဲဒါကို ဖန်ပုလင်းမှာ လေမခိုအောင်သိပ်ပြီး Freezer ခဲခန်းထဲမှာ သိမ်းပြီး တစ်နှစ်ပတ်လုံး စားလောက်အောင် April to September မင်းဂွတ် သီးပေါ်ချိန်ပေါချိန်မှာ ဝယ်လုပ်သိမ်းထားပါသည်။
ရေခဲသေတ္တာရဲ့သာမန် အအေးခန်းမှာထားရင် ကြာကြာ အထားမခံပါ။ တစ်ပတ်ကျော်လောက်ဆိုလျှင် ပျက်တတ်ပါသည်။
စားရန် နှိုက်လို့လွယ်အောင် ပုလင်းသေးသေးနှင့်သာ သာမန် အအေးခန်းမှာ ခန့်မှန်းခြေ တစ်ပတ်စာလောက်ထားပြီး နေ့စဉ် တစ်ရက်နှစ်ကြိမ် ထမင်းစားဇွန်းတစ်ဇွန်းစာခန့်ကို ထမင်းစားပြီး တိုင်းဆေးအဖြစ် ရေနဲ့မျှောမျိုချပါသည်။

Freeze Dry လုပ်နည်း

အစိုမသိမ်းချင်လျှင် Freeze Dry လုပ်နည်း အောက်ဖော်ပြပုံအတိုင်း ကြိတ်ပြီးသား မျှင်ငါးပိလိုအနှစ်ကို ကတော့ငယ်တစ်ခုမှာထည့်ပြီး တရုတ် ထမင်းစားတူတစ်ချောင်းနဲ့အသာထိုးထုတ်လိုက်လျှင် လျက်ဆားခဲလို အတောင့်လိုက်လေးတွေ ထွက်လာသည်ကို ပန်းကန်ပြားမှာဖြန့်ကျက်ထား ပြီး ရေခဲခန်းမှာထည့်ထားရင် ရေခဲခန်း Freezer မှာ ထည့်ထားရင် တစ်ပတ် ဆယ်ရက်လောက်ဆို ခြောက်သွားပါသည်။ ဒါကို ဆေးလုံးမျိုသလို မျို နိုင်သလို သိမ်းလို့လည်း လွယ်ကူပါသည်။

နေလှန်းခြင်း အပူပေးအခြောက်ခံခြင်းလိုမျိုး အာနိသင်ကို မယုတ် လျော့စေပါ။

ဆရာဝန်ညွှန်ကြားချက်အတိုင်း မခွဲချင်၍ ၄ လတစ်ကြိမ် သွေးစစ် ပါသည်။ PSA ကလည်း အများကြီး မတက်သလို တစ်နှစ်ပြည့်တော့ အသားစယူစစ်ဆေးခြင်း Biopsy ပြန်လုပ်တော့ အသားစ (၁၂) ချက်စလုံး မှာ ကင်ဆာဆဲလ် မတွေ့ရပါ။ ပုံမှန်ဆဲလ်ပဲ ဖြစ်ကြောင်း ဓာတ်ခွဲခန်း အဖြေရပါသည်။

ထိုအချိန်ကတည်း ဒီဆောင်းပါးကို ရေးချင်နေသော်လည်း ရှေ့ဆက် ဘယ်လိုလာမည်ဆိုသည်ကို မသိဘဲ လူတွေကို မှားယွင်းညွှန်ပြဦးဆောင် မှု မဖြစ်စေလို၍ျ မရေးဘဲ နေခဲ့ရာကနေ ယနေ့တိုင် ဆက်စားခဲ့ပြီး တစ်နှစ်ကျော်တိုင်း (Biopsy) ပြန်လုပ်လာခဲ့သည်မှာ ၄ နှစ်ခွဲအချိန်ထိ သုံးကြိမ်တိုင် Negative၊ ကင်ဆာဆဲလ်မတွေ့ရပါ။ ခုဆို ၅ နှစ်ပြည့်သွား ပါပြီ။

ကင်ဆာဆဲလ်မတွေ့ရရုံသာမက ပထမအကြိမ်လုပ်စဉ်ကလို (Chronic Inflammation ၃ နေရာမဆိုထားနှင့် တစ်နေရာမှကို မတွေ့ရ တာက ပိုဝမ်းသာစိတ်အေးစရာဖြစ်ပါသည်။

ဤဆောင်းပါးက စာရေးသူလုပ်ထုံးလိုက်ကြရန် တိုက်တွန်းခြင်း တော့ မဟတ်ုပါ။ ကိုယ်ဖြစ်ရင် ကိုယ်ခံဆိုပြီး မိုက်မိုက်ကန်းကန်း စွန့်လုပ် ခဲ့သည့် ရလဒ်တစ်ခုကို တင်ပြခြင်းသာ ဖြစ်ပါသည်။ တချို့သောသူတွေက ခွဲရမှာလဲ ကြောက်သည်။ မခွဲလည်း မခွဲဘူး၊ ဘာမှလဲ မလုပ်ရင်တော့ ဒုက္ခပေးမှာ သေချာသည်။
လူတိုင်းက မွေးကတည်းက သေဒဏ်အပြစ် ပေးခံထားရသူတွေသာဖြစ်ပေမယ့်အသက်ကို ဥာဏ်စောင့်ဖြစ်ပါစေ။

စာရေးသူအနေနှင့် ကင်ဆာရောဂါလုံးလုံး ပျောက်ကင်းသွားပြီဟု မမှတ်ယူစေလိုပါ၊ ကိုယ့်ကိုယ်ကိုလည်း မပြတ်မလပ် သတိချပ်၍ မပေါ့ မလျော့ပုံမှန်ဆေးစစ်သွေးစစ်ဆောင်ရွက်လျက်ပါ။
စာရေးသူအနေနှင့် ဒီလုပ်နည်းက အဓိကအကျဆုံးဖြစ်သလို အခြား နည်းလမ်းမြောက်များစွာကိုလည်း ဥာဏ်မီကြားသိသမျှ လက်လှမ်းမီသရွေ့ ထည့်သွင်းကျင့်သုံးလုပ်ဆောင် အသုံးပြုနေပါသည်။

စာရေးသူလုပ်ဆောင်သမျှ နည်းလမ်းများကို သိရှိဆွေးနွေးလိုသူ များ ဖုန်း 4156652279/Skype:Harry.lin 7/Email:solarprinting@gmail.com သို့ ဆက်သွယ်ဆွေးနွေးမေးမြန်းနိုင်ပါသည်။ ကုသိုလ်ပြု လို၍ အသင့်စောင့်ကြိုလျက်ပါ။

တခြားကင်ဆာ မဖြစ်စေနိုင်ရန် နေ့စဉ်နေထိုင်စားသောက်ပုံကို လေ့လာမိသရွေ့ အနည်းငယ်တင်ပြပါရစေ။

ကင်ဆာမဖြစ်စေရန် ဟင်းသီးဟင်းရွက်များများစားပေးရသည်ဆို သည့် ယေဘုယျဗဟုသုတကတော့ လူတိုင်းကြားဖူးနားဝဖြစ်နေပါပြီ။
သို့သော် ပိုမိုအကျိုးဖြစ်စေသည့် စားနည်းကိုတင်ပြပါ့မည်။ ကင်ဆာ ဆဲလ်ဖြစ်ပေါ်ကြီးထွားစေသော အရာဓာတ်များမှာ အချဉ်အက်စစ်ဓာတ် သကြားနို့နှစ်အဆီ ဆားအငံဓာတ်နှင့် ဆဲလ်များ အောက်စီဂျင်ရရှိမှုနည်း ခြင်းစသည်တို့ ဖြစ်ပါသည်။
ဟင်းသီးဟင်းရွက်ကို ထမင်းနှင့်ရော စားတော့ချဉ်ဖတ်တည်သလို အချဉ်ပေါက်သွားသဖြင့် ကင်ဆာဆဲလ်အကြိုက်ဖြစ်စေပါသည်။

ကင်ဆာ မနှစ်သက်သည်က အခါး၊ အဖန် (Alkaline) ဓာတ်ဖြစ်ပါသည်။ ဟင်းသီးဟင်းရွက် အရည်မှန်သမျှ အဖန်ဓာတ် ဖြစ်ပြီး သူ့ချည်းသပ်သပ်စားလျှင် ဟင်းရွက်အရည်သည် မိနစ် ၂၀ ဆို ဆဲလ်ဆီထဲကို ရောက်သွားပါသည်။ (Alkaline PH)မြင့်လျှင် ကင်ဆာ ဆဲလ်ကိုတောင် သေစေနိုင်သည်ဟု သုတေသီများ၏ အဆိုရှိပါသည်။
Email ပလူပျံအောင် ဟိုအသီးအရွက် ဒီအသီးကင်ဆာအတွက် ကောင်းသည်ရယ်လို့ နေ့စဉ်နှင့်အမျှ ဖတ်ရှုနေရပါသည်။

အမှန်တော့ အသီးအရွက်တိုင်းကင်ဆာမဖြစ်စေသည့်အတွက် ကောင်းပါသည်။ အကျိုးသက်ရောက်မှုကောင်းအောင် စားတတ်လျှင် ပိုကောင်းပါသည်။
အသီးအရွက်မှာလည်း အနီရောင်ရှိသည့် အသီးအရွက်တွေ ခရမ်း ချဉ်သီး Beet မုန်လာဥအနီး သလဲသီးစသည်တို့က ကင်ဆာအတွက် ပိုကောင်းပါသည်။

ဖတ်ရှုရသမျှကို ဆင်ခြင်ပြီး ရာသီပေါ် အသီးအရွက်များကို သစ်သီး ဖျော်ရည်စက်ထဲထည့်၍ ရေအနည်းငယ်မျှထည့်ပြီး ရေခဲမုန့်လို ပျစ်ပျစ် ကလေး Smoothy လိုဖြစ်အောင် ကြိတ်ပြီးထမင်းမစားခင်တစ်နာရီ ခန့်ကြိုစားပြီးမှ ထမင်းစားပါသည်။
ရည်ရွယ်ချက်ကတော့ ဟင်းရွက်ဟင်းသီးအရည်သည် မိနစ် ၂၀ ဆို ဆဲလ်ဆီရောက်သွားပြီး ကင်ဆာဆဲလ်ကို တိုက်ခိုက်စေသည့် သဘောပါပဲ။

မြတ်ဆွေ(ဆန်ဖရန်စစ္စကို)
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။