တရုတ်- မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းမှ လှူဒါန်းသော ကျောင်းနှင့် ဆေးခန်းအတွက် ဒေသခံများထံမှ ငွေကောက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် တရုတ်- မြန်မာ ရေနံပိုက်လိုင်းမှ လှူဒါန်းသော စာသင်ကျောင်း နှင့် ဆေးခန်း ဆောက်လုပ်ရေး အတွက် ဒေသခံ ပြည်သူများထံမှ အတင်းအဓမ္မ ငွေကောက်ခံနေကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ကျောက်ဖြူမြို့နယ် တာဝန်ရှိသူ ဦးသန္တာမောင်က နိရဉ္စရာသို့ ပြောကြားသည်။


 ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ လှူဒါန်းသော ကျောက်ဖြူ မြို့ပေါ် အလက ကျောင်းဆောင်။
" အခု ကျွန်တော်တို့ကို လာတိုင်တဲ့ ရွာသားတွေက ခြုံစွယ်ကျေးရွာ အုပ်စုက ဖြစ်ပါတယ်။ တရုတ်- မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းကနေ လှူဒါန်းတဲ့ မူလွန် စာသင်ကျောင်းနဲ့ ဆေးခန်းအတွက် ဆိုပြီး ငွေကောက်ခံနေတာကြောင့် ရွာသားတွေ အခက်အခဲ ဖြစ်နေလို့ သူတို့က လာတိုင်ထားပါတယ်" ဟု သူက ပြောသည်။

ခြုံစွယ် ကျေးရွာတွင် တရုတ်-မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းမှ လှူဒါန်းသော မူလွန်ကျောင်းဆောင် တစ်ခုနှင့် ဆေးခန်း တစ်ခုကို ဆောက်လုပ်နေပြီး အဆိုပါ ကျောင်းနှင့် ဆေးခန်း ဖြစ်မြောက်ရေး အတွက် ( ၇) ဦးပါ ကျေးရွာ ကော်မီတီ တစ်ခုကိုလည်း ဖွဲ့စည်းထားသည်။ ထိုကော်မီတီ အဖွဲ့ထဲတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျောင်းထိုင်ဆရာတော်လည်း ပါဝင်ကြောင်း သိရသည်။

" သူတို့က ကျောင်းနဲ့ ဆေးခန်းအတွက် ဆိုပြီး အိမ်တစ်အိမ်ကို ၅၀၀၀ ကျပ်ကောက်ပါတယ်။ ဆင်းရဲသားနဲ့ မုဆိုးမ အိမ်ဆိုရင် တစ်အိမ်ထောင်ကို ၃၀၀၀ ကောက်ပါတယ်။ မပေးလို့ မရပါဘူး။ မပေးရင် ဒီကျေးရွာ အုပ်စုက ထွက်သွားကြဆိုပြီး ပြောပါတယ်" ဟု အမည်မဖေါ်လိုသူ ခြုံစွယ် ရွာသား တစ်ဦးက ပြောသည်။

မူလွန်စာသင်ကျောင်းနှင့် ဆေးခန်းမှာ တရုတ်- မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းမှ လှူဒါန်းထားသဖြင့် အဆိုပါ ငွေများအား မည်သည့် အတွက် ကောက်ခံရပါသနည်း မေးမြန်းရာ အဆိုပါ အဆောက်အအုံများ အတွက် တရုတ်- မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းမှ လှူဒါန်းသော ငွေနှင့် မလုံလောက်၍ ကောက်ခံခြင်း ဖြစ်ကြောင်း အဆိုပါ (၇) ဦးအဖွဲ့မှ ပြောကြားကြောင်း ရွာသားက ပြောသည်။

ခြုံစွယ် ကျေးရွာအုပ်စုမှာ ကျောက်ဖြူမြို့နယ် အမှတ် (၇) နယ် မြို့ချောင်းကျွန်းတွင် တည်ရှိပြီး အိမ်ခြေ ၄၀၀ ကျော် ၅၀၀ နီးပါးခန့်ရှိကြောင်း သိရသည်။

" ရွာက ရွာကြီး တစ်ရွာပါ။ ခုလို ငွေကောက်တာက ဒီတစ်ကြိမ် မဟုတ်ဘူးလို့ သိရတယ်ဗျာ။ သိပ်မကြာခင်ကလည်း အုတ်ဖုတ်ဖို့ဆိုပြီး တစ်အိမ်ထောင်ကို ၂၅၀၀ ကျပ် ကောက်တယ်လို့ သိရပါတယ်။ ခုလို ခဏ ခဏ ငွေကောက်ခံနေတဲ့ အတွက် မခံမရပ်နိုင်ဖြစ်ပြီး ရွာသားတွေက ကျွန်တော်တို့ ပါတီနဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်ဆီကို တစ်နေ့ကဘဲ လာတိုင်တယ်။ ဒါနဲ့ ဦးဘရှင်လည်း အဲဒီဒေသကို စစ်ဆေးဖို့ လိုက်ပါသွားပါတယ်" ဟု ဦးသန္တာမောင်က ပြောသည်။

ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်အား အသေးစိတ် သိရှိနိုင်ရန် ဖုံးမှ တဆင့် အကြိမ် ကြိမ် ဆက်သွယ်သော်လည်း သူ၏ ဖုံးမှာ ပိတ်ထားကြောင်း ဖုံးအော်ပရေတာမှ အကြောင်းပြန်ကြားသည်။

ခြုံစွယ် ကျေးရွာတွင် တည်ဆောက်နေသော ဆေးခန်းနှင့် စာသင်ကျောင်းကို ဇေယျာအောင် ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်နေပြီး အဆိုပါ (၇) ဦးပါ ကော်မီတီ အဖွဲ့အားလည်း အဆိုပါ ကုမ္ပဏီနှင့် နားလည်မူ လုပ်ကာ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ရွာသားက ပြောသည်။ အဆိုပါ အဖွဲ့တွင် ပါဝင်သော ကျောင်းထိုင် ဆရာတော်မှာ ကြံ့ခိုင်ရေး ပါတီကို ထောက်ခံသူ တစ်ဦး ဖြစ်ပြီး ရွာသား အများစုက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကို ၂၀၁၀ ရွှေးကောက်ပွဲတုန်းက မဲထည့်ခြင်း အပေါ် မကျေမနပ် ဖြစ်နေကြောင်း ရွာသားက ဆိုသည်။

" ကျောင်းထိုင်ဆရာတော်ပါ အဲဒီ အဖွဲ့မှာ ပါနေတော့ တော်တော့ကို ပြောရ ဆိုရ ခက်ခဲပါတယ်။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး။ အခုလို မတော်မတရား ကောက်ခံနေတော့ ကျွန်တော်တို့လည်း မခံနိုင်ဘူး။ ဒီတော့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးကို တိုင်ကြားထားလိုက်ပါပြီ။ ဘယ်လို ဖြစ်လာမယ်ဆိုတာတော့ များမကြာခင် သိရမှာပါ" ဟု ရွာသားက ပြောသည်။

ကျောင်းနှင့် ဆေးခန်းကို ဆောက်လုပ်နေရာတွင် ဆောက်လုပ်ရေး ကုမ္ပဏီက မကောင်းသော အုတ်များ၊ အညံ့စား သစ်များနှင့် ထည့်သွင်း ဆောက်လုပ်နေသကဲ့သို့ တဘက်တွင်လည်း ဆောက်လုပ်နေသော ကျောင်းနှင့် ဆေးခန်းရှေ့တွင် တရုတ်- မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းမှ လှူဒါန်းပါသည် ဆိုသော စာလုံးကြီးများဖြင့် ရေးသားထားသော ဆိုင်းဘုတ်ကို ထောင်ထားပါလျှက် ရွာသားများထံမှ ပိုက်ဆံကောက်နေသဖြင့် ကျေးရွာသားများမှာ ၎င်းလုပ်ရပ်များ အပေါ် အထူးမခံမရပ်နိုင် ဖြစ်နေကြကြောင်း သတင်း ရရှိသည်။


----------------------------
.: နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။