လမ်းမပြင်ဘဲ လမ်းကြေး ပိုကောက်နေ၍ ရခိုင် ကားသမားများ အခက်ကြုံ

မောင်ရမ္မာ
-----------
ရခိုင်ပြည်နယ်တွင် လမ်းကြေး၊ မြို့ဝင်ကြေးနှင့် တံတားကြေးများကို တိုးမြှင့် ကောက်ခံနေသော်လည်း ကားလမ်းများကို မပြုပြင်ဘဲ ပစ်ထားသဖြင့် ကားသမားများ အတွက် လုပ်ကိုင် စားသောက်ရာတွင် အခက်ကြုံနေရကြောင်း ကားဒရိုင်ဘာ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။


 ရခိုင်မှ ရန်ကုန်သွား ခရီးသည်များသည် လမ်းပျက်သော နေရာများတွင် ဘတ်စ်ကားကို ကြိုဖြင့် ဆွဲ၍ ဤသို့ ခရီးသွားကြရသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
" သူတို့က နေရာတိုင်းမှာ လမ်းကြေး၊ တံတားကြေး၊ မြို့ဝင်ကြေးဆိုပြီး ကောက်ပါတယ်။ ဒါပေမယ့် ရခိုင်ဘက်က လမ်းတွေကျတော့ မပြုပြင်ဘဲ ထားတယ်။ ဒီတော့ ခရီးပိုကြန့်ကြာသလို ပေးနေ ရတာသာ ပိုများနေတဲ့ အတွက် အလုပ် လုပ်ရတာ တွက်ခြေမကိုက် ဖြစ်နေရပါတယ်။ ဘယ်သူကို တိုင်ပြီး ဘယ်သူက အရေးယူဆောင်ရွက်မလဲ ဆိုတာလည်း ကျွန်တော်တို့လို ကားသမားတွေက မသိပါ" ဟု သူက ပြောသည်။

ကျောက်ဖြူ၊ သံတွဲ၊ မအီဖက်ကလာသော ကားတစ်စီးကို တောင်ကုတ် မြို့ဝင်ကြေး ၁၀၀၀ ကျပ်၊ လမ်းကြေး ၂၀၀၀ ကျပ်၊ တောင်ကုတ်မြို့မှ အထွက် ရိုးသို့ အတက်တွင် လ၀က ကို ၁၀၀၀ ကျပ်၊ ညောင် ကျိုးစခန်း အရောက်တွင် လ၀က ၁၀၀၀ ကျပ်၊ ရဲ ၁၀၀၀ ကျပ် ၊ စရဖ ကို ၁၀၀၀ ကျပ် စုစုပေါင် ၇၀၀၀ ကျပ် ပေးရကြောင်း သိရသည်။

တောင်ကုတ်မြို့သည် ရခိုင်နှင့် ဗမာပြည်မအား ဆက်သွယ်ရာတွင် အဓိက အချက်အချာကျ သော တံခါးဝ မြို့ဖြစ်သဖြင့် ရခိုင့်ပြည်နယ် အနှံ့အပြားနှင့် ဗမာပြည်ဘက်မှ လာသော ကားများမှာ တောင်ကုတ်တွင် ရပ် နားကြရသည်။

" ကျောက်ဖြူကဘဲ လာလာ၊ သံတွဲကဘဲ လာလာ၊ ရန်ကုန်ကဘဲ လာလာ တောင်ကုတ်ဂိတ်ကို ၀င်လို့ရှိရင် ဂိတ်ဝင်ကြေးဆိုပြီးတော့ ၁၅၀၀ ကျပ် ပေးရပါတယ်။ ကား ရပ်နားခွန်ဆိုပြီး ငွေ ၂၀၀၀ ပေးရပါတယ်" ဟု သူက ဆက်ပြောသည်။

တောင်ကုတ်မြို့တွင် ကားရပ်နားခွန်ကို ဦးစိုးတင့်နှင့် ဂိတ်ဝင်ကြေးခွန်ကို ဦးကျော်သိန်းတို့မှ စည်ပင်က လေလံရရှိထားကြောင်းသိရသည်။

ကျောက်ဖြူမှ ရန်ကုန်ကို သွားသော လမ်းတလျှောက်တွင်လည်း လမ်းကြေး တံတားကြေး စသဖြင့် အမျိုးမျိုး အကြောင်းပြကာ ငွေများ ကောက်ခံနေကြောင်း သိရသည်။

 အာဏာာပိုင်များ ဖွင့်လှစ်ထားသော စစ်ဆေးရေးဂိတ် အမည်ခံ ရခိုင်မှ အကောက်ဂိတ် တစ်ခု ( ဓါတ်ပုံ- နိရဉ္စရာ)
" ကျွန်တော်တို့ ကျောက်ဖြူမြို့က အထွက်ဆိုလို့ရှိရင် ရဲကို ငွေအကြွေပါလို့ရှိရင် ၅၀၀၊ မပါယင် ၁၀၀၀ ပေးရ ပါတယ်။ နောက်တခါ လမ်းကြေးဆိုပြီးတော့ ၁၀၀၀ ပေးရပါတယ်။ ရန်ကုန်တရောက် စုစုပေါင်းဆိုရင် လမ်းတလျှောက် ဂိတ်တွေကို ပေးရတာ ၅၀၀၀၀ ကျပ် လောက်ကုန်ပါတယ်။"

ဂွလမ်းတွင် ခရီးသည်တင် ကားများနှင့် မဆိုင်သော သစ်တော၊ ငါးလုပ်ငန်း ဌာနများကလည်း ငွေကောက်ခံနေ သည်ဟု ဂွမြို့မှ ကားဒရိုင်ဘာတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

" ကျွန်တော်တို့ ဂွလမ်းက ပိုဆိုးပါတယ်။ ရန်ကုန်က လာလို့ရှိရင် ဗေဒါ စုပေါင်း စစ်ဆေးရေးဂိတ်ဆိုပြီး ရှိပါ တယ်။ အဲဒီဂိတ်မှာ ရဲ၊ မယက၊ လ၀က သုံးဖွဲ့ပေါင်းကို ကားတစ်စီး ၂၀၀၀ ပေးရပါတယ်။ နောက်ပြီး ဂွ အ၀င် မှာ သစ်တော၊ ငါးလုပ်ငန်း၊ မယက တွေကို ကားတစ်စီး ၃၀၀၀ ပေးရပါတယ်။ မြို့ဝင်ကြေး ၁၀၀၀၊ လမ်းကြေး ၁၀၀၀၊ ပေးရပါတယ်။"

အလားတူ ကျိန္တလီတွင်လည်း မြို့ဝင်ကြေး ၈၀၀၊ ဆတ်သွားတံတားဖြတ်ကြေး ၅၀၀၊ ပုဇွန်ပြေ တံတားကြေး ၅၀၀၊ သံတွဲလမ်းကြေး ၁၀၀၀ ပေးရသည်ဟု သိရသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ် အနှံ့အပြားတွင် လမ်းကြေး၊ တံတားကြေး၊ မြို့ဝင်ကြေး စသဖြင့် ခေါင်းစဉ် အမျိုမျိုးဖြင့် ငွေများ ကောက်ခံနေသော်လည်း ကားလမ်းများကိုမူ မပြုပြင်ဘဲ ပစ်ပယ်ထားသဖြင့် သွားလာ၍ မရအောင် ပျက်စီးနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ယခုကဲ့သို့ ငွေကောက်ခံမှု များပြားနေသည်နှင့်အညီ ကားခများမှာလည်း အလွန် မြင့်မား နေ သဖြင့် ခရီးသွားပြည်သူများမှာ အခက်အခဲ ကြုံတွေ့နေရသည်ဟု ခရီးသည် အမျိုးသမီး တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

" ကျွန်မတို့ တောင်ကုတ်နဲ့ ရန်ကုန် ခရီးတခုတည်းကို အသွားအပြန် ကားခပေးရတာ မတူဘူး။ ရန်ကုန်က တောင်ကုတ်ကို လာရင် ရိုးရိုးကားခ ၈၀၀၀ ကျပ် ပေးရပါတယ်။ တောင်ကုတ်ကနေပြီး ရန်ကုန်ကို သွားမယ်ဆိုရင်တော့ ၁၂၀၀၀ ကျပ် ပေးရပါတယ်။ ကျွန်မထင်တာက ရခိုင်ပြည်ဘက်မှာ ကားသမားတွေက ဌာနဆိုင်ရာနဲ့ လမ်းလေလံတွေကို ငွေပေးရတာများနေလို့ အခုလို ပိုတောင်းတာလို့ ထင်ပါတယ်။"

ယခုလက်ရှိကားခမှာ ကျောက်ဖြူ- ရန်ကုန် ကားခ ၁၅၀၀၀ ကျပ်၊ တောင်ကုတ်- ရန်ကုန် ကားခ ၁၂၀၀၀ ကျပ်၊ စစ်တွေ-ရန်ကုန် ကား ခ ၁၅၂၀၀ ကျပ် ဖြစ်သည်ဟု သိရသည်။


------------------------------
.: နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။