မီးလောင်၍ ဒုက္ခရောက်နေကြသော သံတွဲ မြို့မဈေးကြီး ဆိုင်ခန်း ပိုင်ရှင်များ တပူပေါ် နှစ်ပူဆင့် ဖြစ်နေ

ထွန်းထွန်း
----------
မီးလောင်မူကြောင့် ဒုက္ခရောက်နေကြသော သံတွဲ ဈေးကြီး ဈေးဆိုင်ပိုင်ရှင်များထံမှ ယာယီဈေး ဆောက်လုပ်ရန်အတွက် သက်ဆိုင်ရာမှ ငွေကြေးများ ကောက်ခံနေသဖြင့် ဈေးဆိုင်ပိုင်ရှင်များ အနေဖြင့် အထူး စိတ်မသက်မသာ ဖြစ်နေကြရသည်ဟု ဈေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။


 Thandway-fire
၂၀၁၂-ခုနှစ် ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က လောင်ကျွမ်းခဲ့သော သံတွဲမြို့ ဒွါရ၀တီ မြို့မ ဈေးကြီး မီးလောင်မူတွင် ဆိုင်ခန်းပေါင်း ၇၄၀ မီးထဲ ပါသွားပြီး သိန်းပေါင်း ထောင်ချီ၍ နစ်နာဆုံးရှုံးခဲ့ကြသည်။

အဆိုပါ မီးလောင် ပြာကျသွားသော ဒွါရ၀တီ ဈေးကြီးအား ပြန်လည် မတည်ဆောက်မီ ယာယီ ဈေးတခု တည်ဆောက်ရန် အာဏာပိုင်များက ယခုအခါ စီစဉ်နေရာ အဆိုပါ ယာယီ တည်ဆောက်ရန် အတွက် ဈေးဆိုင် ပိုင်ရှင် တစ်ဦးထံမှ ကျပ်ငွေ တစ်သိန်းခွဲနှင့် တစ်သိန်းခွဲ အထက်ကို ကောက်ခံနေသည်ဟု သံတွဲမြို့မှ ဈေးဆိုင်ပိုင်ရှင် လူကြီး တဦးက နိရဉ္စရာသို့ ပြောသည်။

" ယာယီဈေးဆောက်ဖို့ အတွက် ဆိုင်ခန်းတခန်း အတွက် ကျပ် ၁သိန်းခွဲကနေ ၁သိန်း ၇သောင်း အထိကောက် ခံနေပါတယ်။ ယခုလက်ရှိ ကန်ထရိုက် ယူထားသူတွေက သံတွေမြို့ ဘောလုံးကွင်း အဟောင်းမှာ ယာယီ ဈေး ဆောက်ပေးဖို့ လုပ်နေပါတယ်။ ဒီလောက် ဈေးသူ ဈေးသားတွေ မီးလောင် ဆုံးရှုံးမှုတွေကြောင့် သောကပရိဒေ၀မီး တောက်လောင်နေချိန်မှာ တစ်ခါ အခုလို ငွေကောက်ခံနေတဲ့ အတွက် လူတွေက အရမ်းကို စိတ်မကောင်း ဖြစ်နေကြပါတယ်" ဟု ပြောသည်။

နိုင်ငံတော် အစိုးရ အနေဖြင့် ဈေးသူ ဈေးသားများ အတွက် ယခုလို အခက်အခဲ ကျရောက် နေအချိန်မျိုးတွင် တစုံတရာ အတိုင်းအတာထိ ကမကထ ပြုလုပ်ကာ ကူညီသင့်ကြောင့် သူက ပြောသည်။

" နိုင်ငံတော် အစိုးရ အနေနဲ့ ဒီလောက် လူတွေ ဒုက္ခရောက်နေတဲ့ကာလမှာ တစ်စုံ တစ်ခု အတိုင်းအတာထိ ကူညီသင့်ပါတယ်။ ယာယီဈေး ဆောက်ရင်လည်း ကုန်ကျတဲ့ စရိတ်ကို အစိုးရက ယာယီ စိုက်ပေးပြီး နောက် ဈေးဆိုင်သည်တွေ အဆင်ပြေတဲ့အခါ ကောက်ယူလို့ ရပါတယ်။ အခုက လုံးဝ တာဝန်ယူ ဖြေရှင်းပေးလိုတဲ့ စိတ်စေတနာ မရှိဆိုတာကတော့ အထင်အရှား မြင်နေရပါတယ်။ ရေနစ်သူကို ၀ါးကူလို့ ထိုးတယ်ဆိုတဲ့ သဘော ဖြစ်နေပါတယ်" ဟု သူက ဆက်ပြောသည်။

၎င်းပြင် အာဏာပိုင်များက ဈေးကြီး မီးလောင်ပြီးနောက် လက်ရှိ ဆောင်ရွက်နေပုံ တစ်ချို့ကိုလည်း သူက ယခုလို ရင်ဖွင့် ပြောဆိုသည်။

" ဈေးကြီး ပြန်လည် တည်ဆောက်မယ့် နေရာမှာလည်း ဆိုင်ခန်းပိုင်ရှင်တွေရဲ့ ငွေနဲ့ ဈေးကို ပြန်ဆောက်ဖို့ စီမံချက် ရေးဆွဲနေတယ်လို့ သိရပါတယ်။ ဒီဈေးဟာ အစိုးရဈေး ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က ဘာလုပ်နေလဲဆိုတော့ ဈေးသူဈေးသားတွေက စာရင်း တွေကောက်ခံပြီးတော့ ဈေးသူဈေးသားတွေရဲ့ ငွေကြေးနဲ့ ပြန်လည်တည်ဆောက်ဖို့အတွက် စီမံကိန်းတွေ ရေးဆွဲနေတယ်။ အဲဒီတော့ လူများစု တွေဖြစ်တဲ့ အောက်ခြေ လူတန်းစားတွေဟာ ဒီကိစ္စကိုလုံးဝ မကျေနပ် ဖြစ်နေ တယ်ပေါ့နော်။"

ဈေးပြန်လည် တည်ဆောက်ရန် ဈေးသူဈေးသားများအပေါ် စည်ပင်က ပြောကြားချက် တချို့ကို သူက ယခုလို ဆက်ပြောပြသည်။

"ဈေးသူ ဈေးသားတွေရဲ့ ဆန္ဒက ရေရှည် စီမံကိန်းပေါ့။ ရေရှည်စီမံ ကိန်းဆိုတာက တိုးတက်လာတဲ့ မြို့လူဦး ရေနဲ့ ကျနော်တို့ ခေတ်ရေစီး ကြောင်းအရ ခေတ်မီတဲ့ ဈေးသစ်တခုကို ဈေးသူ ဈေးသား တွေက လိုချင်နေကြတယ်။ ရခိုင်ပြည်နယ် စည်ပင်သာယာရေး ၀န်ကြီးဌာနက ဈေးသူ ဈေးသား တွေကို ဘာပြောလဲဆိုတော့ ဆိုင်ခန်း ဆောက်လို့ပြီးရင် ၀ယ်နိုင်တဲ့လူဝယ်ပေါ့။ မ၀ယ်နိုင်တဲ့သူတော့ သူတို့လဲမတတ်နိုင်ဘူးပေါ့။ သူတို့လဲ ဆောက်မပေးနိုင်ဘူးပေါ့။ အဲဒီဟာတွေကို သူတို့က ပြတ်ပြတ် သားသား ပြောတယ်ဗျာ။ အဲဒီတော့ ဈေးသူ ဈေးသားတွေ မျှော်လင့်တာနဲ့ ရခိုင်ပြည်နယ် အစိုးရရဲ့ စည်ပင်ရေး ၀န်ကြီးပြောတာနဲ့ တခြားစီ ဖြစ်နေပါတယ်" ဟုပြောသည်။

ဈေးကြီးမီးလောင်ပြီးနောက် ယခုလက်ရှိ ဆိုင်သည်များမှာ ဈေး၏ပတ်ဝန်းကျင် အနီး၌ ဆိုင်ငယ်တွေ၊ တဲတွေ ထိုးပြီး အခက်ခဲများနှင့် ရောင်းချနေကြရ သည်ဟုဆိုသည်။

ဆိုင်ခန်းပေါင်း ၇၄၀ လောင်ကျွမ်းခဲ့သော သံတွဲဈေးကြီးမီးလောင်မှုတွင် စုစုပေါင်း ကျပ်သိန်းပေါင်း ၆၅၀၀ ဆုံးရှုံးခဲ့ပြီး ထိုအထဲတွင် ဆိုင်ခန်းတန်ဖိုး စုစုပေါင်းမှာ ၁၆၂၆ သိန်း ဖြစ်ပြီး ပစ္စည်း ဆုံးရှုံးမူ တန်ဖိုးမှာ ၄၇၈၄ သိန်းဆုံးရှုံးခဲ့သည် ဟု မီးသတ်ဌာနက ပြောသည်။

သံတွဲဈေးတွင် ဆိုင်ခန်း ပေါင်း ၉၀၉ ခန်းရှိသည့်အနက် ၇၄၀ မီး လောင်ကျွမ်းသွားခဲ့သည်။


-----------------------------------
.: နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။