ရမ္မာဝတီ အရှင်ပညာစာရနှင့် ယုံကြည်ချက်ကြောင့် ထောင်ချခံရသူများကို စစ်တွေတွင် ကြိုဆိုပွဲ ပြုလုပ်


မောင်အေး
----------
ရမ္မာဝတီ အရှင် ပညာစာရနှင့် အကျဉ်းထောင်အသီးသီးမှ များမကြာခင်က လွှတ်မြောက်လာသူ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံရသူများကို ကြိုဆိုပွဲ နှင့် ဂုဏ်ပြုပွဲ အခမ်း အနား တစ်ခုကို ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သည်။


 Welcome Burma political leader
၎င်းအခမ်းအနားကို စစ်တွေမြို့ရှိ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ဗဟိုရုံး) တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြောရေးဆိုခွင့် ရှိသူ ဗဟို အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက အခမ်းအနား ကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ယခုလို ပြောသည်။

" ကျွန်တော်တို့က ယုံကြည်ချက်ကြောင့် ထောင်ချခံရတဲ့ ရဟန်းတော်တွေ၊ ကျောင်းသား လူငယ်တွေကို ခုလို ကြိုဆို ဂုဏ်ပြုရတာက သူတို့ဟာ တိုင်းပြည်အတွက်၊ အများးအကျိုးအတွက် လုပ်လို့ ထောင်ကျခံရသူတွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ လူမူ အသိုင်းအ၀ိုင်းမှာက ထောင်ကျတဲ့ လူဆိုရင် လူရာ မသွင်းချင်ကြဘူး။ ကြောက်ကြတယ်။ တကယ်တော့ သူတို့ဟာ လူဆိုးတွေ မဟုတ်ဘူး။ ကြောက်စရာကောင်းတဲ့ လူတွေလည်း မဟုတ်ဘူး။ အများအတွက် အနစ်နာခံ ပေးဆပ်တဲ့ တကယ့် တန်ဖိုး လေးစားစရာကောင်းတဲ့ လူတွေ ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့က အများကို မီးမောင်းထိုးပြလိုတယ်။ လူငယ် မျိုးဆက်သစ်တွေကို သိရှိစေလိုတယ်။ ဒီလို ရည်ရွယ်ချက်တွေနဲ့ ခုလို ကြိုဆိုပွဲကို တခန်းတနား ပြုလုပ်ရတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ကြိုဆိုပွဲနှင့် ဂုဏ်ပြုနုတ်ဆက်ပွဲကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနှင့် စစ်တွေမြို့မှ တက်ကြွ လူငယ်များ စုပေါင်း ကျင်းပကြခြင်း ဖြစ်သည်။

အခမ်းအနား မစတင်မှီ ရမ္မာဝတီ အရှင်ပညာစာရအား မလိခ မော်တော် ဆိပ်ကမ်းမှ သွားရောက်ကြိုဆိုခဲ့ကြပုံကိုလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူ ထဲမှ တစ်ဦးဖြစ်သူ ကိုကောင်းစံက ယခုလို ပြောသည်။

" ဟုတ်ပါတယ်။ မနေ့ ညနေ ၃ နာရီကျော်ခန့်မှာ မလိခ အမြန်ရေယာဉ် စစ်တွေကိုရောက်ရှိလာတဲ့ ဆရာတော် ကို ရတပ ပါတီက အတွင်းရေးမှူး ဦးခိုင်ပြည်စိုး ဦးဆောင်ပြီး ဆိပ်ကမ်းမှာ သွားရောက် ကြိုဆိုခဲ့ကြပါတယ်။ ဆိပ်ကမ်းကနေ ရတပ ပါတီ ဌာမချုပ်ရှိတဲ့ လမ်းမတော်တောင်ကို လမ်းလျှောက်ပြီး ဆရာတော်ကို ပင့်ယူလာခဲ့ကြပါတယ်။ လမ်းဘေးဝဲယာက လူတွေကလည်း ကြိုဆို နုတ်ဆက်ကြပါတယ်။ ကြိုဆိုသူတွေက ဆရာတော် ပညာစာရအား ကြိုဆိုပါ၏ ဆိုတဲ့ နဖူးစည်း စာတန်းတွေကို အားလုံး စည်းထားကြပါတယ်။ ဆရာတော် အရှင်ပညာစာရ ကျန်းမာပါစေ၊ အသက်ရှည်ပါစေ၊ အမျိုးသားအကျိုး ဒီထက်မက ဆောင်ရွက်နိုင် ပါစေ ဆိုပြီး စာတန်းတွေနဲ့ ကြိုဆိုကြပါတယ်။"

ဆရာတော်အား ကြိုဆိုသူများ အထဲတွင် ရတပ ပါတီက အတွင်းရေးမှူးအဖွဲ့ဝင် ဦးခိုင်ပြည်စိုး၊ မြေပုံမြို့နယ် လွတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း၊ ရခိုင်သမိုင်းသုတေသီ ဦးအောင်လှသိန်း။ ဆရာတော် အမှုအား အခမဲ့လိုက်ပါ ကူညီခဲ့သည့် ရှေ့နေမ ဒေါ်အေးနုစိန် တို့လည်း ပါဝင်ကြသည်။

ကြိုဆိုပွဲ အခမ်းအနားတွင် ဦးခိုင်ပြည်စိုးမှ နိုင်ငံရေးအကျဉ်းသားများ ဘ၀အခြေအနေများကို ဟောပြောကာ ဆရာတော် ပညာစာရမှာလည်း အကျဉ်းထောင် အတွေ့အကြုံများကို ဟောပြောခဲ့ပြီး စာရေးဆရာ သူမြတ် မဟာအောင်မြေမှလည်း ဆရာတော်၏ စာပေဖြတ်သန်းမှုများကို ဟောပြောခဲ့သည်။

ဟောပြောပွဲ အခမ်းအနားအား ညနေ ၄ နာရီမှ ၈ နာရီ အထိ ပြုလုပ်ခဲ့ပြီး ရဲသတင်းတပ်ဖွဲ့၊ စရဖတို့မှ လာရောက်သတင်းယူခဲ့သော်လည်း တစုံတရာ အနှောင့်အချက် မရှိကြောင်း သိရသည်။ ဆရာတော် အရှင်ပညာစာရမှာ ယခုအခါ သဒ္ဓမ္မဂုရုပုသိမ်ကျောင်းတွင် ယာယီ သီတင်း သုံးနေကြောင်း သိရှိရသည်။


-----------
.: နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။