စမ်းသပ်ပြေးဆွဲ နေသည့် အမျိုးသမီး သီးသန့်ယာဉ်လိုင်းကို နေ့စဉ်ပုံမှန် ပြေးဆွဲသွားမည်

4474
ပါရမီမြို့တွင်း ခရီးသွား သယ်ယူပို့ဆောင်ရေး လုပ်ငန်းမှ စမ်းသပ်ပြေးဆွဲ နေသည့် အမျိုးသမီး သီးသန့်ယာဉ်လိုင်းကို နေ့စဉ်ပုံမှန်အတိုင်း ပြေးဆွဲသွားမည်ဟု အဆိုပါလုပ်ငန်းမှ သတင်း ရရှိသည်။

အမျိုးသမီး သီးသန့်ယာဉ်လိုင်းအဖြစ် စမ်းသပ်ပြေးဆွဲမှုကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပြေးဆွဲခဲ့ပြီး ပြေးဆွဲခဲ့သော ယာဉ်လိုင်းများမှာ အဓိပတိအပြာ၊ အနီ၊အ၀ါ၊၁၇၆၊၁၇၇ ယာဉ်လိုင်း ငါးလိုင်းတို့ဖြစ်ကာ တစ်လိုင်းလျှင် နှစ်စီးနှုန်းဖြင့် ၁၀ စီး ပြေး ဆွဲခဲ့ကြောင်း၊ ပြေးဆွဲချိန်မှာ နံနက် ၇ နာရီမှ ၁၀ နာရီအထိ တစ်ကြိမ်နှင့် ညနေ ၄ နာရီမှ ၇ နာရီအထိ တစ်ကြိမ်ပြေးဆွဲခဲ့ကြောင်း ခန့်မှန်းထားသော ခရီးသည်ဦးရေထက် ပိုမိုရရှိမှုကြောင့် နေ့စဉ်ပုံမှန်ယာဉ်လိုင်းအဖြစ် ပြေးဆွဲရခြင်းဖြစ်ကြောင်း သိရသည်။
ဗန္ဓုလသယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက “ အမျိုးသမီးသီးသန့် ယာဉ်လိုင်းကို ပထမဦးဆုံး စမ်းသပ်ပြေး ဆွဲခဲ့တဲ့နေ့က ငါးလိုင်းစလုံးမှာ ဦးရေ ၁၇၀၀ ကျော် စီးနင်းခဲ့တယ်။ နောက်ဆုံးနေ့မှာ လူဦးရေ ၃၇၀၀ နီးပါး စီးနင်းခဲ့ပါတယ်။ ဒီလိုခရီးသည်တွေ စမ်းသပ်ကာလမှာ များပြား လာတဲ့အတွက် ပုံမှန်ယာဉ်လိုင်း အဖြစ် စပြီးပြေးဆွဲနေပါပြီ။ နောက်ပိုင်းမှာလည်း ခရီးသည်တွေအပေါ် မူတည်ပြီးတော့ ကားအစီးရေသို့ မဟုတ် ယာဉ်လိုင်းတွေ တိုးချဲ့ပြေး ဆွဲသွားပါမယ်”ဟု ပြောကြားခဲ့ သည်။

အမျိုးသမီးသီးသန့် ယာဉ်လိုင်းအဖြစ် အဓိပတိ(အနီ)၊ (အပြာ)၊ (အ၀ါ)၊ ပါရမီ ၁၇၆၊ ၁၇၇ ယာဉ် လိုင်းငါးလိုင်းမှ တစ်လိုင်းလျှင် နှစ်စီးနှုန်းဖြင့် နံနက်ပိုင်းတစ်ကြိမ်၊ ညနေပိုင်းတစ်ကြိမ် ပြေးဆွဲလျက်ရှိ ကြောင်း သိရသည်။

အဆိုပါ ယာဉ်လိုင်းငါးလိုင်း အနက်မှ ပါရမီ-၈မိုင်- လှည်းတန်း- ကြည့်မြင်တိုင်- ပုစွန်တောင်- ကြက်ဘဲဈေး- သုဝဏ္ဏ- စံပြ- ဒဂုံတက္ကသိုလ်သို့ ပြေးဆွဲနေသည့် အဓိပတိ အ၀ါရောင်ယာဉ်လိုင်းမှာ ခရီးသည် အများဆုံး စီးနင်းနေကြောင်း သိရသည်။

အမျိုးသမီးသီးသန့် ယာဉ်လိုင်း အဖြစ် ပြေးဆွဲနေသော ယာဉ်လိုင်းများတွင် ယာဉ်တစ်စီးလျှင် အမျိုးသမီး တစ်ဦးက လုပ်အားပေးအဖြစ် ဆောင်ရွက်ပေးနေကြောင်း သိရသည်။ အမျိုးသမီး သီးသန့် စီးနင်းနိုင်သည့် ခရီးသည်တင် ယာဉ်လိုင်းပြေးဆွဲရခြင်း ရည်ရွယ်ချက်မှာ အမျိုးသမီးများ သီးသန့်သွား လာနိုင်ရန်နှင့် ၎င်းတို့၏ ကာယိနြေ္ဒကို ကာကွယ်ရန်တို့ ဖြစ်ကြောင်း သိရသည်။
................
Eleven Media Group
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။