အရပ်သား အစိုးရလက်ထက်တွင်လည်း ရေတပ်က ရခိုင်လူထုကို အနိုင်ကျင့်

ဦးသိန်းစိန် ဦးဆောင်သော အရပ်သား အစိုးရ တက်လာသည်မှာ တနှစ် နီးပါး ရှိလာပြီ ဖြစ်သော်လည်း စစ်အစိုးရ လက်ထက်ကလို ဗမာ ရေတပ်က ရခိုင်လူထု အပေါ် အနိုင်ကျင့်နေဆဲ ဖြစ်ကြောင်း ကျောက်ဖြူ ဒေသခံများက ပြောသည်။


Burma-navy
" ဟုတ်ကဲ့။ အခုလည်း သူတို့က လူထုကို နှိပ်စက်နေတုန်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က လူတွေ၊ အထူးသဖြင့် ကျောက်ဖြူမြို့နယ်က လူတွေ ဘယ်သူ့ကို အားကိုးရမှန်း မသိ ဖြစ်နေကြပါပြီ။ တိုင်တန်းရင်လည်း ဘယ်သူ့မှ အရေးယူ ဆောင်ရွက်ပေးတာ မရှိဘူး။ အခု ကျွန်တော်တို့ ဘယ်သူ့ကို အဖေ ခေါ်ရမှန်း မသိ ဖြစ်နေပါပြီ" ဟု ဒေသခံ စက်လှေပိုင်ရှင် တစ်ဦးကပြောသည်။

ကျောက်ဖြူ အခြေစိုက် ဓည၀တီ ရေတပ် ဌာနချုပ်မှ စစ်သင်္ဘောများသည် ကျောက်ဖြူ အရှေ့ဘက် (၁၀)မိုင်ခန့် အကွာတွင် တည်ရှိသော အုန်းဂျွိန် ဆိပ်ကမ်းတွင် စခန်းချထားပြီး လာသမျှသော စက် လှေများကို နိုင်ထက် စီးနှင်း ပြုလုပ်နေသည်ဟု သူက ဆက်ပြောသည်။

" ကျောက်ဖြူ ဓည၀တီရေတပ်စခန်းကပါ။ ကျောက်ဖြူမြို့နယ်အပိုင် အုန်းဂျွိန်ဆိုတဲ့ ဆိပ်ရှိပါတယ်။ အဲဒီဆိပ်က နေပြီးတော့ မြို့ချောင်းကျွန်း၊ မဇရိုင်းကျွန်းမှာရှိတဲ့ ရွာပေါင်း ၆၀ လောက်က လာတဲ့ စက်လှေတွေကို အတင်း တန့်ခိုင်းပြီး လိုတဲ့ မြို့က ပစ္စည်းတွေကို ၀ယ်ခိုင်းပါတယ်။ မြို့က ပြန်လာရရင် စက်လှေပိုင်ရှင်တွေကို အရက်၊ ဘီယာ၊ ဆေးလိပ်၊ သကြားနဲ့ နို့ဆီတွေကို ၀ယ်ယူ လာရမယ်ဆိုပြီး အတင်း ခိုင်းပါတယ်။ မ၀ယ်လာရင် စက်လှေကို အချိန်ကြာကြီးရပ်ထားပြီး တချို့ စက်လှေသမားတွေကို နေပူလှန်းပြီး ရိုက်ပုတ်တာတွေ ပြုလုပ်နေပါတယ်။ အခုလို လုပ်နေတာကြောင့် တော်တော်ကို ဒုက္ခနဲ့ ကြုံတွေ့နေရပါတယ်။"

ယခုကဲ့သို့ ဗမာရေတပ်မှ ပြုလုပ်နေသဖြင့် ခရီးသွားပြည်သူများ ဒုက္ခ ရောက်နေကြရပုံကိုလည်း သူက ယခုကဲ့သို့ ဆက်ပြောသည်။

" ဒေသခံ စက်လှေတွေက လုပ်စားမရဖြစ်နေပါတယ်။ အုန်းဂျွိန်ဆိုတဲ့ နေရာကို မ၀င်လို့ မရပါ။ သူတို့က သူတို့ မကြိုက်တဲ့ စက်လှေ ပိုင်ရှင်တွေ ဆိုရင် အချိန်အကြာကြီး ရပ်ခိုင်ထားပါတယ်။ ဟိုတလောက ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွှင် စီးလာတဲ့ စက်လှေကိုတောင် ဒီလို လုပ်တဲ့ အတွက် ဦးကျော်လွှင်က ဒီကိစ္စကို ပြည်နယ် အစိုးရထိ တိုင်တယ်လို့ ကြားရပါတယ်။ ပစ္စည်းတောင်းတယ်။ ပိုက်ဆံတောင်းတယ်။ လူတွေ တော်တော့ကို ဒုက္ခရောက်နေကြရပါတယ်။ သူဆီကို မ၀င်လို့ရှိရင် သူတို့က ဟွန်ဒါစက်လှေနဲ့ လိုက်ပြီးတော့ စက်လှေပိုင်ရှင်တွေကို ရိုက်တာတွေရှိပါတယ်" ဟု ပြောသည်။

၎င်းပြင် နောင်တော် အနီးရှိ အစိုင်းကြီး ရွာနားတွင် တပ်စွဲထားသော အမြောက် တပ်မှလည်း အနီးအနားမှ သွားလာသော စက်လှေများ၊ ခရီးသည်တင် မော်တော်ဘုတ် များအား အမြောက်တပ်ပိုင် ဟွန်ဒါစက် လှေများနှင့် လိုက်လံပြီး အတင်းအဓမ္မ ငွေကောက်ခံနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် အခြေစိုက်ထားသော ရေတပ်သင်္ဘောနှင့် အမြောက်တပ်များက ပြည်သူများကို အနိုင်ကျင့် နေကြသည်မှာ ယခင် စစ်အစိုးရ လက်ထက်ကပင် ဖြစ်ပြီး ယခု ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အခြေအနေ ပိုမိုးဆိုးရွား လာသည်ဟု သိရသည်။

ယခုကဲ့သို့ ရေတပ်နှင့် အမြောက်တပ်ရင်းများ၏ အနိုင်ကျင့်ခံနေရသော ရခိုင်ပြည်သူများ၏ ဘ၀မှာ ဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် တစုံတရာ ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်း ဖြစ်နေသည်ဟု စုံစမ်းသိရှိရသည်။

----------------------
 နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။