ရခိုင်မျိုးစောင့်အုပ်စုမှ ပြုလုပ်မည့် တော်လှန်ရေးသမား သက်ကြီးရွယ်အို ပူဇော်ပွဲအတွက် ကော်မီတီ ဖွဲ့စည်း

ဂျပန် အခြေစိုက် ရခိုင်မျိုးစောင့် အုပ်စုမှ ကြီးမှူးကျင်းပမည့် တော်လှန်ရေး သမား သက်ကြီးရွယ်အိုများ ပူဇော်ပွဲအတွက် ကျင်းပရေး ကော်မီတီ တရပ်ကို ဘင်္ဂလာဒေခ်ျ့နိုင်ငံ ကော့စ်ဘဇားမြို့တွင် ဒီဇင်္ဘာလ ၂၃ ရက်နေ့က ဖွဲ့စည်းလိုက်သည်။


meeting-for-ARG-fair-committing
" ဟုတ်ပါတယ်။ ကျွန်တော်တို့က အစည်းအဝေး တရပ်ကို ဒီဇင်္ဘာလ ၂၃ ရက်နေ့မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးကဘဲ မျိုးစောင့် အုပ်စုက ကျင်းပမယ့် သက်ကြီး ပူဇော်ပွဲ အတွက် ၁၅ ဦးပါ ကျင်းပရေး ကော်မီတီ တရပ်ကို ဖွဲ့စည်းခဲ့ပါတယ်" ဟု ကော်မီတီ အတွင်းရေးမှူး အဖြစ် ရွှေးချယ်ခံရသူ ကိုကျော်ငြိမ်းက ပြောသည်။

ရခိုင်မျိုးစောင့် အုပ်စုမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ရှိနေသော ရခိုင် တော်လှန်ရေးသမား သက်ကြီးရွယ်အိုများအား လာမည့်နှစ် ရခိုင် နှစ်ဆန်း တစ်ရက်နေ့တွင် အခမ်းအနား တစ်ရပ်ဖြင့် ပူဇော်ကန်တော့သွားမည် ဖြစ်သည်။

" ကျွန်တော်တို့က တော်လှန်ရေး နယ်မြေထဲမှာ ရောက်ရှိနေတဲ့ သက်ကြီးရွယ်အိုတွေကို ပူဇော် ကန်တော့ချင်တယ်။ သူတို့ဟာ တော်လှန်ရေး လုပ်ရင်း အသက်အရွယ်ကြီးရင့်သွားခဲ့ကြတယ်။ သူတို့ကို ကျွန်တော်တို့ ပြည်သူတွေက မေ့ပျောက် မထားဘူးဆိုတာကို ပြသချင်တယ်။ ဒါကြောင့် ဒီပူဇော်ပွဲကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရခိုင်တော်လှန်ရေးသမားတွေကို သာမက တခြား အတန်းစားရေး အတွက် တိုက်ပွဲဝင်ခဲ့တဲ့ လူကြီးတွေ ရှိနေရင်လည်း သူတို့ကိုပါ ပူဇော် ကန်တော့သွားမှာ ဖြစ်ပါတယ်" ဟု ဂျပန်နိုင်ငံ ရှိ ရခိုင်မျိုးစောင့် အုပ်စုမှ ကိုခိုင်ထူးက ပြောသည်။

ရခိုင်မျိုးစောင့် အုပ်စု အဖွဲ့ဝင်များမှာ ဂျပန်နိုင်ငံတွင် နေထိုင်သူများ ဖြစ်ကြပြီး ဘင်္ဂလာဒေခ်ျ့သို့ လူကိုယ်တိုင် မလာရောက်နိုင်ကြသဖြင့် ထိုအဖွဲ့မှ ကြီးမှူးကျင်းပမည့် အခမ်းအနားအတွက် ဘင်္ဂလာဒေခ်ျ့တွင် ရောက်ရှိနေကြသော ပြည်ပရောက် ရခိုင်များက သက်ကြီး ပူဇော်ပွဲ ကျင်းပရေး ကော်မီတီကို ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။

" ကျင်းပရေး ကော်မီတီ ဥက္ကဌကတော့ ဦးကျော်မင်း၊ အတွင်းရေးမှူးက ကျွန်တော်၊ ဘဏ္ဍာရေးမှူး အဖွဲ့က ခိုင်အာဏာနီ၊ ဒေါ်စိန်ယိုင်ဖြူနဲ့ ဦးကျော်ဇံတို့ ဖြစ်ကြပါတယ်။ တခြား အဖွဲ့ဝင်တွေထဲမှာလည်း လုပ်နိုင်ကိုင်နိုင်တဲ့ ပုဂ္ဂိုလ်တွေလည်း ပါဝင်ကြပါတယ်" ဟု ကိုကျော်ငြိမ်းက ဆက်ပြောသည်။

အစည်းအဝေးအား ကော့စ်ဘဇားမြို့ (ဖလောင်းချိတ်မြို့)ရှိ RDF ခန်းမတွင် ပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ပြည်ပရောက် ရခိုင်အမျိုးသား ၃၀ ကျော်တက်ရောက်ခဲ့ကာ သက်ကြီး ပူဇော်ပွဲ အခမ်းအနား ကျင်းပရေးနှင့် ပတ်သက်ပြီး (၂) နာရီကျော်မျှ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့တွင် သက်ကြီးရွယ်အို တော်လှန်ရေးသမား အနည်းဆုံး (၃၀) ကျော်ခန့်ရှိနေပြီး လာမည့် မြန်မာ-ရခိုင် နှစ်ဆန်း တစ်ရက် ဧပြီလ ၁၇ ရက်နေ့တွင် အဆိုပါ အခမ်းအနားကို ရိုးရာကပွဲများ၊ ဆွမ်းကျွေး အလှူပွဲများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


-------------------------
 နိရဉ္စရာ
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။