ဆံတော်ရှင်ပွဲတော်တွင် ဓါတ်ပုံရိုက်ခွင့် ပိတ်ပင် တားမြစ်၍ ပြည်တွင်း ပြည်ပ ဘုရားဖူးများ စိတ်အနှောင့်အယှက် ဖြစ်ရ

ရခိုင်ပြည်နယ်မှ အစည်ကားဆုံး ဘုရားပွဲတော် တစ်ခု ဖြစ်သော ဆံတော်ရှင် ဘုရားပွဲတော်ကို ကျင်းပနေရာ ဓါတ်ပုံရိုက်ခွင့်ကို ပိတ်ပင် တားမြစ်ထားသဖြင့် ပြည်တွင်း ပြည်ပ ဘုရားဖူးသူများ အနေဖြင့် အထူး စိတ်အနှောင့်အယှက် ဖြစ်နေကြကြောင်း သတင်း ရရှိသည်။

" သူတို့က ကျေညာစာ ကပ်ပြီး ဓါတ်ပုံရိုက်တာကို ပိတ်ပင်တားဆီးထားပါတယ်။ အကယ်၍ ရိုက်ရင် ကင်မရာကိုပါ သိမ်းယူမယ်ဆိုပြီး ကျေညာထားပါတယ်။ ယုတ်စွအဆုံး MP4 နဲ့တောင် ရိုက်ကူးခွင့် မပေးဘူးဆိုပြီး တားမြစ်ထားပါတယ်" ဟု ဆံတော်ရှင်ပွဲတော်သို့ သွားရောက်နေသူ လူငယ် တစ်ဦးက ပြောသည်။

Sandaw-Shin
ယခုနှစ် ဆံတော်ရှင်ပွဲတော်ကို နတ်တော်လဆန်း ၇ ရက် (ဒီဇင်္ဘာလ ၄ )ရက်နေ့မှ စတင် ကျင်းပနေရာ ရခိုင်ပြည်နယ်က ဘုရားဖူးသားများသာမက မြန်မာနိုင်ငံ အရပ်ရပ်မှ ဘုရားဖူးများ၊ နိုင်ငံခြားမှ ဘုရားဖူးများလည်း လာရောက်ကြကြောင်း သိရှိရသည်။

" အခု အချိန်ကာလ နည်းပညာတိုးတက်လာတဲ့ ကာလမှာ လူတိုင်းက ကိုယ်ပိုင် ဒီဂျယ်တယ် ကင်မရာ ကိုင်ကြပါတယ်။ လူတန်းစားမရွေး ကင်မရာ ကိုင်ဆောင်နိုင်တဲ့ ခေတ်ကာလကို ရောက်လာတဲ့ အချိန်မှာ ဆံတော်ရှင် ဘုရားပွဲတော်မှာ ဓါတ်ပုံ မရိုက်ရဘူးဆိုတာကတော့ လူမှုရေးအရရော၊ လူမျိုးရေး အရပါ အလွန် ရိုင်းပြတဲ့ လုပ်ရပ် တစ်ခု ဖြစ်ပါတယ်။ တခြား ပြည်နယ်နဲ့ တိုင်းတွေကလာတဲ့ ဘုရားဖူးတွေ၊ နိုင်ငံခြားသားတွေ ပါတမျိုး မြင်သွားနိုင်ပါတယ်။ ကင်မရာပါလာရင် အငယ် တစ်လုံး ၅၀၀ ကျပ်၊ အကြီး ၁၀၀၀ ကျပ် အဲသလို အခွန်ဆောင်ခိုင်းရင်လည်း ဟုတ်ပါအုံးမယ်။ လုံးဝ မရိုက်ရဘူးဆိုတော့ ဘုရားဖူးလာကြတဲ့သူတွေကို တော်တော့ကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်" ဟု အဆိုပါ လူငယ်က ပြောသည်။

ဆံတော်ရှင် ဘုရားပွဲတော်တွင် ဓါတ်ပုံ ရိုက်ကူးခွင့်အား အောင်သုခ ဓါတ်ပုံ လုပ်ငန်းအား ဘုရား ဂေါပကမှ ကန်ထရိုက်ပေးထားသဖြင့် တခြား အပျော်ထမ်း ဓါတ်ပုံရိုက်သူများကိုပင် ခွင့်မပြုဘဲ တားမြစ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

တခြားကျောက်ဖြူမြို့မှ လူငယ် တစ်ဦးကလည်း "ကျွန်တော်တို့ ဓါတ်ပုံရိုက်ဖို့ ကင်မရာ ယူလာပါတယ်။ အခုက ဓါတ်ပုံရိုက်ခွင့် မရှိဘူးဆိုတော့ ဘုရားပွဲမှာ တအားစီးပွားရေး သောင်းကျန်းတယ်လို့ မြင်မိပါတယ်။ လူတွေက ကိုယ့်အုပ်စုနဲ့ ကိုယ် ဘုရားဖူးလာတဲ့ အချိန်မှာ အပျော်အပါး ဓါတ်ပုံတွေ ရိုက်ချင်ကြတယ်။ ခုလို ဟိုမလုပ်ရဘူး။ ဒီမလုပ်ရဘူးဆိုပြီး တားဆီးပိတ်ပင်မူတွေ လုပ်တာဟာ ခေတ်နဲ့ မလျော်ညီတော့ပါဘူး" ဟု ပြောသည်။

တခြား ရန်ကုန်က လာသူ ဘုရားဖူးတစ်ဦးကလည်း "မြန်မာ တစ်နိုင်ငံလုံးမှာ ကျင်းပပြုလုပ်တဲ့ ဘုရား ပွဲတော်တွေမှာ အခုလို ကြေငြာစာမျိုး မတွေ့ဖူးပါဘူး။ အများသူငါ ကြည်ညို သဒ္ဓါပွားနေတဲ့ အချိန်မှာ စိတ်အနှောင့်အယှက် ၀င်မိရင် မကောင်းပါဘူး။ သက်ဆိုင်ရာက ဒါမျိုးတွေကို တားမြစ်သင့်တယ်လို့ မြင်ပါတယ်။ ဘုရားဖူးသူတွေ ဒါမျိုးတွေ နောင်နှစ်တွေမှာ ဆက်လက် မကြုံစေရအောင် စီစဉ်ပေးဖို့တော့ ပြောချင်ပါတယ်" ဟု ပြောသည်။

ဤကဲ့သို့ကြေငြာကပ်ပြီး တားမြစ်ခြင်းကို ယခုနှစ်တွင်သာ မဟုတ်ဘဲ ယခင်နှစ်ကလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

"အရင်နှစ်တွေကတော့ စစ်အစိုးရ လက်ထက်မှာ ကျင်းပတယ်ဆိုတော့ သူတို့ (စစ်အာဏာပိုင်တွေ) ကို ဘယ်သူမှ တားလို့ မရပါဘူး။ အခုအချိန်က အရပ်သား အစိုးရ ဖြစ်ပြီးတော့ ဒီမိုကရေစီခေတ်ကို ဦးတည်နေတဲ့ အချိန်မှာ ခုလို ခေတ်နောက်ကျ ကျန်ခဲ့ပြီဖြစ်တဲ့ လုပ်ရပ်မျိုးတွေကို ရှောင်သင့်ပါတယ်" ဟု ဘုရားပွဲမှ လူငယ်က ဆက် ပြောသည်။

ဆံတော်ရှင်ဘုရားသည် စစ်တွေမြို့တောင်ဘက် ပေါက်တောမြို့နယ် အပိုင် ဖရုံကာကျွန်း (၃) ကျွန်းတွင် အနောက်ဖရုံကာကျွန်း (မြေငူကျွန်း) တွင် တည်ရှိပြီး ဘုရားဖူးသွားလိုသူများ အနေဖြင့် ရေလမ်းကြောင်းမှတဆင့် သင်္ဘောများ၊ မော်တော်ဘုတ်များ၊ ကူးတို့လှေများဖြင့် သွားလာကြရသည်။

ဆံတော်ရှင် စေတီတော်အား ဘုရားရှင်၏ ဆံတော် (၂) ဆူဖြင့် ဌပနာပြု၍ တည်ထားကြောင်း သမိုင်းအရ သိရှိရသည်။ ဘုရားရှင်သည် ရခိုင်ပြည် ဘုရင် စန္ဒာသူရိယ မင်း၏ ပင့်ဖိတ်ချက်အရ မဟာ သက္ကရာဇ် ၁၂၃ ခုတွင် ဓည၀တီ မြို့တော်သို့ ကောင်းကင်ခရီးဖြင့် ဒေသစာရီ ကြွချီတော်မူခဲ့ပြီး ယင်းမှ တဖန် ကောင်ကင်ခရီးဖြင့် ဒွါရ၀တီ သံတွဲမြို့သို့ ကြွရောက်စဉ် သမုဒ္ဒရာ ကမ်းစပ် နီလာပဗ္ဗတတောင်တော်မတ်သို့ ရောက်ရှိစဉ် ဇေယျသေန အမည်ရသော နဂါးမင်းနှင့် တကွ နဂါးရှစ်ဦးတို့၏ တောင်းပန် လျှောက်ထားချက်အရ ဆံတော်မြတ် (၂) ဆူကို ပေးသနားခဲ့သဖြင့် နဂါးမင်းကိုယ်တိုင် တည်ထားခဲ့သော စေတီတော် ဖြစ်ကြောင်း သမိုင်း အထောက်အထားများ သိရသည်။

သို့အတွက် ဆံတော်ရှင် စေတီတော်မှာ ရခိုင်ပြည်နယ်တွင် အထူး တန်ခိုးကြီးစေတီတော် တစ်ဆူ ဖြစ်ပြီး ဘုရားပွဲတော်များ အထဲတွင် အစည်ကားဆုံးပွဲတော် ဖြစ်သည်။ ပွဲတော်ကို နှစ်စဉ် နတ်တော် လပြည့် ကျော် တရက်နေ့ကို နောက်ဆုံးထားပြီး ခုနှစ်ရက်တိုင်တိုင် ကျင်းပ ပြုလုပ်ကြသည်။ 


 ............................................

နှစ်စဉ် နတ်တော် လဆန်း ၇ရက်မှ လပြည့်ကျော် တစ်ရက်နေ့ထိ ကျင်းပသော ဆံတော်ရှင် ဘုရားပွဲတော် ယခုနှစ်မြင်ကွင်း၊ ပွဲတော်သို့ လာရာက်ကြသည့် ဘုရားဖူးသူများဖြင့် စည်ကားနေသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)




 




 
 



 
 
 



      


နှစ်စဉ် နတ်တော် လဆန်း ၇ရက်မှ လပြည့်ကျော် တစ်ရက်နေ့ထိ ကျင်းပသော ဆံတော်ရှင် ဘုရားပွဲတော် ယခုနှစ်မြင်ကွင်း၊ ပွဲတော်သို့ လာရာက်ကြသည့် ဘုရားဖူးသူများဖြင့် စည်ကားနေသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)


-----------------------------
 နိရဉ္စရာ
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။