Eleven Media Group
ရခိုင်ပြည်နယ် စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ရေနီကြီး၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ် ရေကြောင်း ခရီးစဉ်ကိုပြေးဆွဲနေသည့် အောင်တံခွန် (၂) သင်္ဘော နိုဝင်ဘာ (၂၂) ရက်နေ့ ကျောက်ဖြူမြို့နှင့် ရေမိုင်(၆) မိုင်ခန့် အကွာတွင် ရေလမ်းကြောင်းလွဲချော်ပြီး ကျောက်ဆောင်အား ၀င်တိုက်မိသဖြင့် သင်္ဘော ဦးပိုင်းပေါက်ကွဲ သွားကြောင်းသိရသည်။
အောင်တံခွန်(၂) သင်္ဘောမှာ စစ်တွေ၊ တောင်ကုတ် ကျွန်းပတ်ခရီးစဉ်ဖြစ်သဖြင့် (၂၁.၁၁.၂၀၁၁) ရက် တနင်္လာ နေ့ နံနက်(၆) နာရီမှ စတင် ထွက်ခွာလာသည့် ကျွန်းပတ်သင်္ဘောမှာ မင်းပြားမြို့နယ် ကျွဲရီပြင် ကျေးရွာ အနီးတွင် နံနက် (၉) နာရီ (၃၀) မိနစ် အချိန် သောင်တင်နေခဲ့ပြီး ည (၅)နာရီ အချိန်မှ စတင်လွတ်မြောက် လာကာ မင်းပြားမြို့ သို့ ည (၆)နာရီတွင် ဆိုက်ကပ်နိုင်ခဲ့ပါသည်၊ (၆)နာရီ (၃၀) မိနစ်တွင် ပြန်လည် ထွက်ခွာလာကာ ည(၁၀း၀၀) နာရီ တွင် မြေပုံမြို့သိုရောက်ရှိပါသည်၊ ကုန်တင် ၊ကုန်ချများပြုလုပ်ပြီး ည(၁၁း၃၀) အချိန်တွင် ကျောက်ဖြူသို့မောင်းနင်လာရာ င/ပသုံ ကျေးရွာ အနီး နောင်တော်မြစ်ကို ဖြတ်မောင်း လာစဉ် သံသမကျောက် (ဒေသခေါ်- ကျွဲရွီ)ကျောက်တန်းကို (၂၁.၁၁.၂၀၁၁) အင်္ဂါနေ့ အာရုံ တက် ချိန် (၀၄း၃၀) အချိန်တွင် ရေကြောင်း လွဲချော်ပြီး ၄င်းကျောက်တန်းကို ၀င်တိုက် ခဲ့ကြောင်း ခရီးသည် တဦးမှ ပြောသည်။
အဆိုပါသင်္ဘောမှာ ဦးပိုင်းတွင် ပေါက်ကွဲသွားပြီး ရေများဒလဟောဝင်လာသဖြင့် ဆက်မောင်းနိုင်ရန်ကြိုးစား သော်လည်း သင်္ဘောအတွင်းပိုင်းရေများပြည့်လာကာ ခရီးသည်များကို ကယ်ဆယ်နိုင်ရန်အတွက် အနီး အနားရှိ ငါးဖမ်းလှေများကို အကူအညီခေါ်ယူကာ နီးစပ်ရာ ကျွန်းများပေါ်တွင် တင်ထားပြီး ကျောက်ဖြူမြို့နယ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ တယ်လီဖုန်းဖြင့်အကြောင်းကြားခဲ့သည်ဟု သင်္ဘောဝန်ထမ်း တစ်ဦးမှပြော ပါသည်။
မြို့နယ် ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရလျှင် ရချင်း ဒေသအာဏာပိုင်များနှင့် ပူးပေါင်းအဖွဲ့များက လျှင်မြန်စွာ ကယ်ဆယ်နိုင်ရန်အတွက် မော်တော် ရေယာဉ်များ၊ ငါးဖမ်းစက်လှေများကို အကူအညီတောင်းပြီး ရေတပ် စစ်ရေယာဉ် အမှတ် (၁၆၈)အပါအ၀င် ရေယာဉ်များစွာတို့နှင့် သင်္ဘော ရှိရာနေရာသို့ သွားရောက်ကာ ခရီးသည်များကို ဘေးအန္တရာယ်ကင်းရှင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်းသိရပါသည်။
၂၀.၁၁.၂၀၁၁ မှ ၂၅.၁၁.၂၀၁၁ရက်ထိ ကျောက်ဖြူမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် တိပိဋက စက္ခုပါလ အဖွဲ့၏ ခရီးစဉ်အမှတ် (၃) ကျောက်ဖြူမြို့နယ်၊ မြေပုံမြို့နယ်၊ ရမ်းဗြဲမြို့နယ်များမှ မျက်စိဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသ မျက်စိအလင်းအလှူပွဲသို့ ၄င်းသင်္ဘောတွင်စီးနင်းလိုက်ပါလာသည့် မျက်လုံးဝေဒနာရှင် (၄၀) ဦးနှင့် ခရီးသည်များ စုစုပေါင်း (၃၂၁) ဦး လိုက်ပါလာကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးမှ ကောက်ခံ ရရှိထား သော စာရင်းမှတ်တမ်းအရ သိရပါသည်။
ကျောက်ဖြူမြို့နယ် အဖွဲ့ပေါင်းစုံပါဝင်သော ကယ်ဆယ်ရေးအဖွဲ့မှ လိုက်ပါလာသော မျက်စိဝေဒနာရှင် များအား ဆေးရုံသို့ ကားများစီစဉ်ကာ ပို့ဆောင်ခဲ့ပြီး အလားတူ ရမ်းဗြဲမြို့၊ တောင်ကုတ်မြို့များသို့ လိုက်ပါ လာ သည့် ခရီးသည်များကိုလည်း ကားဖြင့်ပို့ဆောင်ရန် ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်ထား ကြောင်း သိရှိရပါသည်။

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။