ဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော်ခံ ဒေသတစ်ခုဖြစ်သော ရခိုင်ဒေသတွင် ရှေးရခိုင်မင်းများ တည်ထားကိုးကွယ်ခဲ့ကြသည့် သမိုင်းဝင် စေတီပုထိုးများမှာ ပြည်နယ်အနှံ့တွင် တည်ရှိနေပေသည်။ ထိုစေတီပုထိုးများထဲတွင် ကျောက်ဖြူမြို့မှ သမိုင်းဝင် ကျောက်တစ်လုံး ဂူဘုရားမှာလည်း တစ်ဆူ အပါအဝင် ဖြစ်ပေသည်။ ဒီဇင်ဘာလ ၂ ရက်နေ့တွင် စစ်တွေမြို့၌ နေထိုင်လျက်ရှိသော စာရေးသူတို့၏ဆရာ၊ ဆရာကျွန်းသားငမန်းက စာရေးသူထံသို့ ဖုန်းဆက်ပြီး ကျောက်ဖြူမြို့သို့ သွားရန်ရှိကြောင်း ပြောကြားခဲ့သည်။ စာရေးသူမှာရခိုင် ပြည်နယ်အတွင်း စစ်တွေခရိုင်ရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း စသည့်မြို့များနှင့် မောင်တောခရိုင်အတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသများသို့ ရောက်ဖူးခဲ့ပြီ ဖြစ်သော်လည်း ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်အတွင်းရှိ မြို့ နယ်များသို့ မရောက်ဖူးခဲ့ပေ။ ထိုအတွက်ကြောင့် ရောက်ဖူးသည်ရှိအောင် ဆရာကျွန်းသားငမန်းနှင့်အတူ ကျောက်ဖြူမြို့သို့ လိုက်မည်ဟု အကြောင်းကြား ဖြစ်ခဲ့သည်။ ဒီဇင် ဘာလ ၂ ရက်နေ့မှာ ဗုဒ္ဓဟူးနေ့ကျသည့်အတွက် စစ်တွေမှ ကျေက်ဖြူသို့သွားမည့်ခရီးစဉ်ကို မေးကြည့်ရာ စစ်တွေမှ ကျောက်ဖြူသို့ သောကြာနေ့(ဒီဇင်ဘာလ ၄ ရက်)တွင် မလိခ အမြန်ရေယာဉ်ရှိ ကြောင်းကြားသိခဲ့ရ သည်။ ထိုနေ့ကိုမီရန် စာရေးသူမှာ ဒီဇင်ဘာလ ၃ ရက်နေ့ကပင် စစ်တွေသို့ လိုက်သွားရမည်ဖြစ်ပေသည်။ ဖုန်းဆက်အပြီး နေအိမ်သို့ပြန်လာကာ ကျောက်ဖြူမြို့နှင့်ပတ်သက်၍ ကြိုတင်လေ့လာထားသင့်သည့် အကြောင်းအရာ၊ ကျောက်ဖြူမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးတော်များနှင့် အထင်ကရနေရာများကို မှတ်စုစာအုပ်ငယ် ဖြင့်ရေးမှတ်ဖြစ်ခဲ့သည်။ ထိုအထဲတွင် ကျောက်တစ်လုံးဂူဘုရားမှာ တစ်ဆူအပါအဝင် ဖြစ်ခဲ့သည်။ ဒီဇင်ဘာလ ၃ရက်နေ့ အရုဏ်တက်တွင် မောင်တောမှ ဘူးသီးတောင်သို့ ပြေးဆွဲနေသည့် လိုင်းကားဖြင့်လိုက်ပါ ဖြစ်ခဲ့သည်။ ဒီဇင်ဘာလဖြစ်သည့်အတွက် ဆောင်းအအေးက သိသာနေပြီဟုဆို ရပေမည်။ လိုင်းကားခ ၂ဝဝဝကျပ် ပေးရသည်။ မောင်တောမှ နံနက် ၆နာရီ စတင်ထွက်ခွာလာသည့် လိုင်းကားမှာ မေယုတောင်ကြားလမ်း ၁၆ မိုင် အကွာ ဘူးသီးတောင်ကိုရောက်သည် နှင့် ၇ နာရီခွဲကျော်သွားပြီဖြစ်သည်။ ယခင်က မောင်တော-ဘူးသီးတောင် လမ်းပေါ်တွင် ပြေးဆွဲနေသည့် လိုင်းကားများမှာ ၁၆ မိုင်ခရီးကို ၄၅ မိနစ်ခန့်သာ မောင်းနှင်ခဲ့ရသည်။ ဘူး သီးတောင်သင်္ဘောဆိပ်တွင် ဓညဝတီ အမည်ရှိသင်္ဘောပေါ်သို့ ခရီးသည်နှင့်ကုန်များ အတင်အချ ပြုနေကြပြီဖြစ်သည်။ နံနက်စာအဖြစ် ဘူးသီးတောင် သင်္ဘောဆိပ်တွင် ထမင်းကြော်တစ်ပွဲနှင့် ကော်ဖီတစ်ခွက် သောက်ဖြစ်ခဲ့သည်။ ရိုးရိုးတန်း သင်္ဘောလက်မှတ် တစ်စောင်ဝယ်ပြီး သင်္ဘောပေါ်တွင် နေရာထိုင်ခင်းတစ်ခုရရန် ကုလားထိုင် တစ်လုံးဝယ်ဖြစ်ခဲ့သည်။ သင်္ဘောပေါ်တွင် ကုလားထိုင်တစ်လုံး မရက တစ်နေကုန် မတ်တပ်ရပ်၍ လိုက်ရမည်။ စာရေးသူ သတင်းသမားများအတွက် လိုက်ရသည်က အဆင်ပြေ သော်လည်း တစ်နေကုန်စီးရမည့်ခရီးအတွက် ကိုယ်ခန္ဓာက မခံနိုင်ပေ။သင်္ဘောလက်မှတ်ခက ၅ဝဝ ကျပ်၊ သင်္ဘောပေါ်တွင် ထိုင်မည့်ကုလား ထိုင်ခက ၂ဝဝဝ ကျပ်ဖြစ်သည်။ စာရေးသူလိုက်ပါစီးနင်းသည့် ဓညဝတီသင်္ဘောမှာ နံနက် ၈နာရီတွင် စတင်ထွက်ခွာရာ ညနေ ၇နာရီတွင် စစ်တွေသင်္ဘောဆိပ်သို့ ဆိုက်ကပ်ခဲ့သည်။ သင်္ဘောပေါ်မှဆင်း ပြီး ဆရာကျွန်းသားငမန်းအိမ်သို့သွား ကာ သောကြာနေ့အတွက် မလိခ သင်္ဘောလက်မှတ်ကိစ္စပြောဖြစ်ခဲ့သည်။ ဆရာက မလိခလက်မှတ်နှစ်စောင်ကို အဆင်သင့်စီစဉ်ထားပြီးဖြစ်သည်။ ပြီး ညနေစာ ထမင်းကို ကြုံရာထမင်းဆိုင် တစ်ဆိုင်တွင် စားသောက်ခဲ့သည်။ သောကြာနေ့မှ မလိခထွက်မည်ဖြစ်သဖြင့် ကြာသပတေးနေ့ တစ်ရက် စစ်တွေမြို့တွင် နေထိုင်ခွင့်ရရှိခဲ့သည်။ စာရေးသူတို့၏ သတင်းရေးဖော်ရေး ဖက်များဖြစ်ကြသည့် အောင်လင်း ဟိန်း(စစ်တွေ)၊ ဂျွန်ကိုလင်း၊ မောင်မိုးသက်(စစ်တွေ)၊ မောင်သန်းဝင်း၊ ကောင်းကင်စိုးတို့နှင့် တွေ့ဆုံပြီး သတင်းအကြောင်း၊ စာအကြောင်း ပြောဖြစ်ခဲ့ရသည်။ စာရေးသူမှာ မလိခ အမြန်ယာဉ်ကို မစီးဖူးသေးသည့် အတွက် မလိခစီးရမည်ကို တွေးရင်း ဝမ်းသာနေမိသည်။ သို့သော် ဆရာ ကျွန်းသားငမန်း၏ပြောစကားအရ မလိခအမြန်ယာဉ်မှာ ပြည်တွင်း သင်္ဘောများကဲ့သို့ လမ်းတစ်လျှောက် သဘာဝရှုမျှော်ခင်းများကိုကြည့်ရှုရန်၊ ဓာတ်ပုံရိုက်ရန် မလွယ်ကူကြောင်း သိခဲ့ရသည်။ အမြန်ယာဉ်ဖြစ်သည့် အတွက် လက်မှတ်တစ်စောင် ၁၇ဝဝဝ ကျပ်ယူထားသည်။ |
ဒီဇင်ဘာလ ၄ရက် သောကြာနေ့ စစ်တွေဆိပ်ကမ်းမှ ထွက်ခွာသည့် မလိခအမြန်ရေယာဉ်ဖြင့် စာရေးသူနှင့် ဆရာကျွန်းသားငမန်းတို့ လိုက်ပါခဲ့ကြသည်။ ပါလာသော ကင်မရာ နှစ်ခုလုံးကို ပြိုင်တူဖွင့်ထားကြသည်။ လမ်းတွင် အခွင့်ကြုံက အမှတ်တရ ဓာတ်ပုံများရိုက်နိုင်ရန်ဖြစ်သည်။ နံနက် ၇ နာရီမှ စတင်ထွက်ခွာလာ သော မလိခအမြန်ရေယာဉ်မှာ ရခိုင် ပြည်နယ်၏ ရေနက်ဆိပ်ကမ်းတစ်ခု ဖြစ်သည့် ကျောက်ဖြူဆိပ်ကမ်း သို့ နေ့လယ် ၁၁ နာရီတွင် ဆိုက်ကပ် ရောက်ရှိသည်။ ပေးရသည့် လက် မှတ်ခနှင့် စီးရသည့်ခရီးမှာ ထိုက် တန်သည်ဟုဆိုရပေမည်။ ကျောက်ဖြူမြို့သို့ရောက်လျှင် ဆရာကျွန်း သားငမန်းက အစစအရာရာ တာဝန်ယူခဲ့သည်။ သွားစရာရှိသည့်နေရာ၊ စားစရာရှိသည်များ အားလုံးပင်ဖြစ်သည်။ ဆိပ်ကမ်းမှအတက်အနီး အနားတည်းခိုခန်းတစ်ခုတွင် နှစ်ယောက်ခန်း တစ်ခန်းကို ယူလိုက်ကြသည်။ ခရီးရောက်မဆိုက် ကျောက်ဖြူမြို့ရှိ ထင်ရှားသော ဘုရားများဖြစ်သည့် ကံ့ကော်တော စေတီတော်နှင့် ကျောက်တစ်လုံးဘုရားများသို့သွား ရောက်ဖူးမြော်ရန်သုံးဘီးဆိုင်ကယ် တစ်စီးဖြင့် သွားရောက်ခဲ့ကြသည်။ ကျောက်တစ်လုံးဘုရားမှာ ကျောက်ဖြူမြို့ အနောက်တောင်ဘက် သုံးမိုင်ခန့်အကွာတွင် တည်ရှိနေသည်။ ကျောက်တစ်လုံးဘုရားသို့ ရောက်သည်နှင့် ဦးစွာပထမ ရှိခိုးဦးခိုက်ပြီး ဓာတ်ပုံတစ်ပုံ ရိုက်ထားလိုက်သည်။ ထို့နောက်မှ ဘုရားတည်ထားပုံ၊ အနုပညာ ကျောက်ဆစ်လက်ရာနှင့် ဂူပေါက်များကို လေ့လာဖြစ်ခဲ့သည်။ ကျောက်တစ်လုံး ဘုရားနှင့် ပတ်သက်၍ သမိုင်းကြောင်းကို ဆရာကျွန်းသား ငမန်းကိုမေးကြည့်ရာ ကျောက်တစ်လုံး ဘုရားကို မြောက်ဦးခေတ်၊ ရခိုင်ဘုရင် မင်းဘာကြီးဘုရင် တည်ထားကိုးကွယ်ခဲ့သည့် ဂူဘုရား ကိုးလုံးအနက် တစ်လုံးအပါအဝင်ဖြစ်ပြီး ဘုရားကြီးမှာ ကြီးမားသော ကျောက်တုံးကြီးတစ်ခုကို ဘုံပြာသာဒ်လိုဏ်ဂူ နှင့်ရုပ်တုတော်များပါ ပြည့်ပြည့်စုံစုံ ဖြစ်မြောက်အောင် ထုလုပ်မွမ်းမံထားသည့် ဘုရားတစ်ဆူ ဖြစ်သည်။ လိုဏ်ဂူတော်နှင့် ဘုရားရုပ်တုတော်များ၊ ပန်းဆိုင်းများ၊ ဘီလူးရုပ်များ၊ နတ် ရုပ်များ စသည်တို့မှာ ရှေးရခိုင်လူမျိုးတို့၏ ဗိသုကာပညာနှင့် ကျောက်ဆစ် အတတ်ပညာတို့ကို သရုပ်ဖော်လျက် ရှိနေသည်။ ထို့အတူ ရှေးခေတ်ရခိုင် ဘုရင်များ၏ လက်ထက်က ရခိုင်ပြည်၌ ဗုဒ္ဓဘာသာထွန်းကားခဲ့ပုံ၊ ရခိုင် ဘုရင်များ၏ ဘာသာ သာသနာအပေါ် ယုံကြည်ကိုင်းရှိုင်းပုံတို့ကို တစ်ဆက် စပ်တည်းထင်ဟပ်စေခဲ့သည်။ ထို့နောက် ကျောက်တစ်လုံးဘုရားပွဲ တော်ကို နှစ်စဉ်နှစ်တိုင်း နှစ်ဆန်း တစ်ရက်တွင် ကျင်းပလေ့ရှိပြီး ပွဲတော်ကျင်းပမည့် ရက်များအတွင်း မြို့သူမြို့သားများ တစ်စုတစ်ဝေး တစ်ပျော်တစ်ပါး သွားရောက်ဖူးမြော်လေ့ ရှိကြကြောင်း ပြောပြသည်။
ကျောက်တစ်လုံးဘုရားကို ဖူးမြော်ပြီးနောက် ကံ့ကော်တောဘုရားသို့ ဆက်လက်ခရီးဆက်ကြပြီး ဘုရားဖူး ကုသိုလ်ယူ ခဲ့ကြသည်။ မြတ်သောမဂ်ဖိုလ် နိဗ္ဗာန်ဆုကိုလည်း တောင်းဖြစ်ခဲ့သည်။ ထို့နောက် ကျောက်ဖြူဒေသ၏ စီးပွားရေးလုပ် ငန်းတစ်ခုဖြစ်သည့် ရေလုပ်ငန်းခွင်သို့ သွားရောက်လေ့လာ ဖြစ်ကြသည်။ ဆရာကျွန်းသားငမန်းမှာ ကျောက်ဖြူ မြို့သို့ရောက်တိုင်း ကံ့ကော်တော ဘုရား၊ ကျောက်တစ်လုံးဘုရားနှင့် ရေလုပ်ငန်းခွင်သို့ သွားရောက်နေကျ ဖြစ်သည်။ ကျောက်ဖြူမြို့တွင် ရေထွက်ပစ္စည်းများအဖြစ် ငါး၊ပုစွန်၊ ကဏန်း စသည့်တို့ကို ရန်ကုန်- ကျောက်ဖြူ ကားလမ်းအတိုင်း တင်ပို့နေကြောင်းတွေ့ရသည်။ ငါးခြောက် လုပ်ငန်းမှထွက်သည့် ငါးခြောက်မျိုးစုံအား ဒေသအသီးသီးနှင့် စာရေးသူတို့၏ မောင်တောနယ်စပ်သို့ အဓိက တင်ပို့နေရသည်ကို တွေ့ရသည်။
ကျောက်ဖြူမြို့တွင် စနေနေ့ တစ်ရက်ထပ်မံ၍ လေ့လာစရာရှိသည်များကို လေ့လာဖြစ်ခဲ့ပြီး တနင်္ဂနွေနေ့တွင် မလိခအမြန်ယာဉ်ဖြင့်ပင် စစ်တွေသို့ပြန်လာကာ စစ်တွေမှတစ်ဆင့် ဒီဇင်ဘာလ ၇ရက်နေ့တွင် မိမိနေအိမ် မောင်တောသို့ ပြန်ဖြစ်ခဲ့သည်။ မောင်တောမှကျောက်ဖြူသို့ စာရေးသူသွားခြင်းအတွက် ခရီးစရိတ် ခုနစ်သောင်းကျပ်ခန့်ကုန်ကျခဲ့သည်။ သို့သော် ကျောက်ဖြူမြို့ရှိ ဒေသခံများ၏ လူမှုဘဝ၊ စီးပွားရေးနှင့် သမိုင်းဝင် ကျောက်တစ်လုံးဘုရား၊ ကံ့ကော်တော ဘုရားများကို ဖူးမြော်ရသည်မှာဖြင့် ခရီးစရိတ်ငွေ ခုနစ်သောင်းထက် အဖိုးထိုက်တန်သည်မဟုတ်ပါလော။ ထို့အတွက်ကြောင့် စာဖတ်သူများ အနေဖြင့်လည်း ကြုံကြိုက်၍ ကျောက်ဖြူမြို့သို့ ရောက်ရှိခဲ့လျှင် ကျောက်တစ်လုံးဂူဘုရား၊ ကံ့ကော်တော် ဘုရားများကို သွားရောက်ဖူးမြော်ကြရန် နှိုးဆော် ရေးသားအပ်ပေသည်။

မောင်ကံ
............
ဈေးကွက်ဂျာမယ် မှကူးယူဖော်ပြပါသည်။
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။