ဖေဖေါ်ဝါရီလ (၄) ရက်၊ ၂၀၁၁။
မိုးမိုးကျော် (Arakan Review)
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် စည်ပင်သာယာရေးအဖွဲ့က အခွန်အခများ တိုးမြှင့်ကောက်ခံနေသဖြင့် သုံးဘီးနှင့် နှစ်ဘီး မောင်းသူများ အခက်ကြုံနေရကြောင်း ပြောဆိုကြသည်။
“လိုင်စင်ခတွေက ဆိုင်ကယ်တစ်စီးကို တစ်နှစ် (၁၅၀၀၀၀) ကျပ်ပေးရပါတယ်။ သုံးဘီးဆိုယင် (၂၀၀၀၀၀) ကျပ်ပေးနေ ရပါတယ်။ ဘီးလိမ့်ခွန်ဆိုပြီး တစ်လကို (၅၀၀၀) ကျပ်ပေးရပါတယ်။ မြို့အ၀င်အထွက် တစ်ရက်ကို (၁၀၀၀) ကျပ်ပေးရတော့ ငွေအပို မကျန်ဘူး” ဟု သုံးဘီး မောင်းနှင်သူ ကျောက်တော်မြို့ခံ တစ်ဦးက ပြောပြသည်။
“တောင်းတယ်ဗျာ၊ မတရားတောင်းတာ။ စည်ပင်ကိုလည်း ပေးရ၊ ရဲကိုလည်းပေးရ၊ မော်တော်ပီကေ ကိုလည်းပေးရနဲ့ လုပ်စားလို့ မရတော့ဘူး ဖြစ်နေပါတယ်” ဟု ဆိုင်ကယ်မောင်းသူတစ် ဦးကပြောသည်။
“တစ်ရက်ကို (၁၅၀၀) ကျပ်လောက်ဝင်ငွေ ရှိပါတယ်။ ဘီးလိမ်းခွန်ဆိုပြီးလည်း ပေးရတယ်။ တံတားကို ဖြတ်ရင်လည်း တစ်ခါဖြစ်ရင် (၂၀၀) ကျပ်ပေးရတယ်။ ကျနော်တို့ အောက်ခြေလူတန်းစားတွေက ပို အခက်အခဲ ဖြစ်ပါတယ်” ဟု ဆိုက်ကား သမားတစ်ဦးက ပြောပြသည်။
ကျောက်တော်မြို့တွင် ယခုကဲ့သို့ အခွန်အခများအပြင် အခြား အခွန်အခများလည်း ဈေးအဆမတန် ကောက်ခံနေသဖြင့် ဒေသခံများက မကျေမနပ် ဖြစ်နေကြသည်ဟု ဒေသခံများက ပြောဆိုနေကြကြောင်း ကြားသိရပါသည်။
.............
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။