မြောက်ဦး၌ ဘုရားပွဲပြန် စက်လှေတစင်း မှောက်၊ ၂ ဦး သေဆုံး

ခင်ဦးသာ 

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ရှေးဟောင်းဘုရားတဆူ ဖြစ်သော သျှင်ကျော်မုနိ ဘုရားပွဲတော်မှ အပြန်လမ်း၌ ဖေဖော်ဝါရီ ၂ ရက်နေ့ည ၁၀ နာရီခန့်က လူ ၃၀ ၀န်းကျင်ပါ စက်လှေတစီးတိမ်းမှောက်၍ ၂ ဦး သေဆုံးသွားကြောင်း သိရသည်။

လှေတိမ်းမှောက်၍ လှေပေါ်ပါသူများအနက် မြောက်ဦးမြို့ပေါ်မှ အသက် ၄၀ ကျော်မိခင်နှင့် အသက် ၂၀ ၀န်းကျင် အရွယ် မိန်းကလေးတို့ သားအမိ ၂ ဦးသေဆုံးခဲ့ပြီး ရုပ်အလောင်းများ ရှာဖွေ မရသေးကြောင်း၊ ၁၀ ဦးကျော်မှာ မြောက်ဦးဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေရကြောင်း လူနာရှင် မိသားစုဝင် တဦးက ပြောသည်။

“လှေက ဟောင်းနွမ်း နေတော့ ကမ်းရောက်ခါနီး၂ ခြမ်း ကွဲထွက်ပြီးတော့ မှောက်သွားတာပါ၊ ဆေးရုံ တင်ထားတဲ့ လူ ၁၀ ဦး  ကျော်ထဲက တချို့က သတိမေ့မျောနေတုန်း၊ လူနာတချို့က ဆေးဝါးကုသမှုအပြည့်အ၀ မရတာလည်းပါမယ်”ဟု ၎င်းက ဆို သည်။

ထိုနေ့ညနေ၌ ပထမ တကြိမ် လှေတိမ်းမှောက် ခဲ့သေးသော်လည်း လူသေဆုံးမှု မရှိခဲ့ကြောင်း၊ ပွဲတော်သို့ အကြိုအပို့ လုပ်ဆောင်ခြင်းကို ဒေသဆိုင်ရာ အာဏာပိုင်များက ကန်ထရိုက် စနစ်ပေး၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပွဲတော်သို့ လာရောက်သူ များပြားပြီး လှေစီးရေ နည်းပါး၍ ရသည့်လှေနှင့် စုပြုံလိုက်ပါ စီးနင်းရာမှ ယခုကဲ့သို့ လှေမှောက်၍ လူသေဆုံးခြင်း ဖြစ်ရကြောင်း ဒေသခံများက ပြောသည်။

သျှင်ကျော်မုနိ ဘုရားပွဲတော်အား နှစ်စဉ်ပြုလုပ်လေ့ ရှိသော်လည်း ယခုနှစ်တွင် ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေး ကောင်စီ ဥက္ကဋ္ဌ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်း ကိုယ်တိုင်ကြီးမှူးကျင်းပ၍ ရန်ကုန်မှ နာမည်ကြီး အနုပညာရှင် အများအပြား လာရောက်ဖျော်ဖြေသောကြောင့် ဒေသခံများ လာရောက်အားပေးမှုများပြားကြောင်း ဘုရားဂေါပက အဖွဲ့ဝင်တဦး က ပြော သည်။

“နှစ်တိုင်း ပွဲတော်က ပုံမှန်ပဲ လုပ်ပါတယ်၊ ဒီနှစ်တော့ ပြည်နယ်အစိုးရက ဦးစီးပြီး လုပ်ပါတယ်”ဟု ဂေါပက အဖွဲ့ဝင်က ဆို သည်။

သျှင်ကျော်မုနိ ဘုရားသည် ရှေးဟောင်း ဘုရားတဆူဖြစ်ပြီး မဟာမုနိဘုရားကြီး အပါအ၀င် ရခိုင်ပြည်နယ်၏ မုနိငါးဆူထဲမှ တ ဆူဖြစ်သည်။

မြောက်ဦးမြို့သည် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ၊ ရှေးဟောင်းဘုရား စေတီပုထိုးများ ပေါကြွယ်ဝသော ယဉ်ကျေး မှု နယ်မြေ ဖြစ်၍ နိုင်ငံတကာ ခရီးသွားများ စိတ်ဝင်စားမှု ရှိကြသည်။

ယခုနှစ် ခရီးသွားရာသီတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု များပြားကြောင်း၊ ယခုရက်ပိုင်းတွင်ခရီးသည် လာရောက်မှု ပိုများနေကြောင်း၊ ဟိုတယ်နှင့်တည်းခိုခန်း များလည်း အနည်းငယ် အဆင်ပြေကြောင်း တည်းခိုခန်း ပိုင်ရှင်တဦးက ပြောသည်။

မြောက်ဦးသို့ လာရောက်သော နိုင်ငံခြားသား အများစုသည် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို သုတေသနပြုသူ  များ ဖြစ်သည်ဟု တည်းခိုခန်း ပိုင်ရှင်က ပြောသည်။

စစ်အစိုးရက မြောက်ဦး ယဉ်ကျေးမှု နယ်မြေရှိ ရှေးဟောင်း ယဉ်ကျေးမှုအမွေများဖြစ်သော ရှေးဟောင်းဘုရား၊ စေတီပုထိုများ၊ မြို့ရိုးများ၊ တံတိုင်းများ၊ ခံတပ်များ၊ ရှေး ရခိုင်ဘုရင်များ နန်းစိုက်ခဲ့ရာ မြို့တော်ဟောင်းများအား ဖျက်ဆီးပြီး မီးရထား လမ်းများ ဖောက် လုပ်ခဲ့၍ ဒေသခံများ၏ ကန့်ကွက်မှုကြောင့် နေရာတချို့ကို လမ်းကြောင်း လွှဲပြောင်းပေးခဲ့သည်။

...........
ဧရာဝတီသတင်း
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။