ကျောက်တော်မြို့ ရုပ်ရှင်တော်မဟာမြတ်မုနိ
မဟာမုနိရုပ်ပွါးတော်မြတ်ကိုသွန်းလုပ်ပြီးနောက်ကြွင်းကျန်လိုက်သော ရတနာတိကို (ရှင်ကြီး၊ရှင်ငယ်) ရှင်ကျော်) ဟု ဘုရားသုံးဆူ သွန်းလုပ်ပြီးနောက် သုံးကျိပ်သုံးဆူကုန်သော မဟာကျိန်၊ မဟာကျန်၊ ရုပ်ပွါးတော် ငယ်များကို သွန်းလုပ်လိုက်သည်။ ကြွင်းကျန်သော ရတနာတို့ကို သီရိဂုတ်ကုန်း၌ ဌာပနာထားလျက် တည်ထားလိုက်ကြသည်။
စန္ဒသူရိယမင်းထံလည်း မကြာမြင့်မီ အရိန္ဒမာ လှံပျံ ရောက်တော်မူ၏။ ကျွန်းဇမ္ဗူတွင် သာသနာပြုမင်း
အဖြစ် ထင်ရှားလျက် ရခိုင်ပြည်မှာ စိုးစံအုပ်ချုပ် မင်းလုပ်တော်မူလိုက်သည်။ ဘုရားရှင်လည်း
သိကြားမင်း ဖန်ဆင်းအပ်သော ပြဿာဒ်ယာဉ် များဖြင့် ရဟန္တာငါးရာခြံရံ၍ ကောင်းကင်ခရီးဖြင့် ရခိုင်ပြည်တောင်ဘက်သို့ ကြွသွားရာ နတ်လူအပေါင်း သောင်းသောင်း သာဓုခေါ်ဆိုကြလေ ကုန်တော့သည်။
မြတ်စွာဘုရားသည် အနောက်ဖရုံကိစ္ဆကျွန်း( ယခု ဖရုံကာကျွန်း) ပင်လယ်ပြင် ကမ်းစပ်သို့ ရောက်လတ်သော် သက်ဆင်းတော်မူပြီး ရောင်ခြည်တော် ကွန့်မြူးလိုက်သော် ရေကစားနေကြသော နေနတ်နဂါးမင်းရှစ်ဦးတို့ ဘုရားရှင်ကြွရောက်ကြောင်း သိတော်မူသဖြင့် အယင်ဗယင် လာရောက်ကြပြီး ခရီးဦးကြိုဆို ရှိခိုးပူဇော်ကြလေသည်။ နောင်အခါတွင်ကိုးကွယ်ပူဇော်နိုင်ရန် တောင်းပန်လိုက်ကြသဖြင့် ဦးခေါင်းတော်အား သုံးသပ်လျက် (ဆံကေသာဓါတ်နှစ်ဆူ) ပေးသနားတော်မူပြီးသော် သင်တို့နဂါးပြည်၌
(၇)ရက်ခန့်သာ ပူဇော်ပြီး ဤနီလပဗ္ဗတ တောင်ပေါ်၌ ဖရုံကာကျွန်းပိုင် ဒေ၀ကျော်ဝိမလအမတ်ထံ ခွင့်ပန်လျက် စေတီတည်လေလော့ဟု မိန့်ဟတော်မူခဲ့သည်။
ရီနဂါးမင်းရှစ်ဦးတို့လည်း ဗုဒ္ဓမြတ်စွာမိန့်မှာတော်မူချက်အရ နဂါးပြည်၌နတ်ပွဲသဘင်ဆင်ယင်ကျင်းပ ပူဇော်ကြပြီးသော် (၇) ရက်စိသောအခါ လူယောင်ဖန်ဆင်းလျက် စန္ဒသူရိယမင်း၏ နန်ေးတ်ာအရောက် လားပြီးသော် မင်းကြီးအားဗုဒ္ဓမှာကြားချက်ဗျာဒိတ်စကားတော်အရ နီလပဗ္ဗတတောင်မှာ စေတီတည်နိုင်ရန် တင်ပြကြလေသော် မင်းကြီးလည်း ဒေ၀ကျော် ၀ိမလ ပညာရှနှင့် တိုင်ပင် ဆောင်ရွက်ကြလေဟု
ခွင့်ပြုတော်မူလိုက်၏။
နဂါးမင်းတို့လည်းအမတ်ကြီးနှင့်တိုင်ပင်ကာနီလပဗ္ဗတောင်ထိပ်မှာ နဂါးရစ်ရွှေဖြင့် နွားဥဿဖ တမော့ခန့်ရှိသော စေတီတော်ကို တည်ထားကြလေကုန်သည်။( ယခုအခါ ဆံတော်ရှင်စေတီ ဟု ခေါ်ဆိုကတ်သည်။)
မြေငူကျွန်း ဆံတော်ရှင်စေတီတော်
နောက်များမကြာမီ စန္ဒသူရိယမင်းကြီး ကြွရောက်လာပြီးသော် ဗရုံကိစ္ဆကျွန်းမှ (ဖရုံကာကျွန်းသုံးကျွန်း) ကျောက်သား၊ ကျောက်တုံးများကို ရှာဖွေယူစေလျှင် ပန်းရံဆရာအပေါင်းအား ဆံတော်ဓါတ်စေတီ ငယ်များ အပြင်မှ ထပ်မံမွမ်းမံစီကာစေတီတော်ကြီးကို တည်ထားလျက် မင်းကြီးသည် ဘုရားပွဲတော်ချကာ အဓိဋ္ဌာန်ပြုလိုက်သော် စေတီတော်ထဲမှရောင်ခြည်တော်များ ထွက်ကာ ကောင်းကင်ပေါ်သို့ တက်ပြီးကွန့်မြူးလေသော်မြေကြီးကလည်းငလျင်လှုပ် သာဓုအနုမောဒနာ ခေါ်ဆိုကြလေသော် ဆံတော်ဓါတ်များ ထန်းလုံးပမာ ရောင်ခြည်ဖြာပြီး စေတီထဲသို့ တဖန်ပြန်လည် ဆင်းသက်ဝင်ခံလေမူ မင်းနှင့်တကွ ပြည်သူများ ဖူးမြော်ကြရလေသည်။
ဘုရားရှင်သည် နဂါးမင်းတို့အား ဆံတော်ပေးသနားတော်မူပြီးနောက် တဖန်ဆက်လက်ကာ ကောင်းကင်ခရီးဖြင့် ကြွမြန်းလေသော် *(အဉ္စနဒီ) အမ်းချောင်းအနား လမုချောင်ရေအိုင်အနား တောင်ကတုံးတခုမှာရပ်တန့်လိုက်လေသော်ပူဇော်သမှုပြုသောမုဆိုးကြီးအားအကြောင်းပြု၍ ကိုးကွယ်နိုင်ရန် နာဠာဂီရိတောင်ထိပ်၌ လက်ဝဲခြီတော်ရာကို ချတော်မူခဲ့သည်။ (၎င်းကို
မအီစက်တော်ရာဟု ခေါ်ဆိုကြသည်။)
မဏိသေလအိုင်တွင်လက်ယာပါဒခြီတော်ရာချတော်မူခဲ့သည်။၎င်းနောက် ရန်းတောင်ထက်မှ မအီချောင်းနားတစ်ဝှိုက် နုငယ်စဉ်ဘ၀များစွာ ကျင်လည်ခဲ့ဖူးပုံ နေရာဒေသအသီးသီးကို
ဗျာဒိတ်ခြွေလေသည်။
တောင်ကို တန့်တော်မူတောင်ဟု ခေါ်ဆိုသည်။) ဗုဒ္ဓမြတ်စွာ အလောင်းတော်ဘ၀က ဒွါရာဝတီတစ်ဝှိုက် ဘ၀ပေါင်းများစွာ ဖြင့် ကျင်လည်ခဲ့ရသော တောတောင်တို့၌ နောက်တွင် ဓါတ်တော်များ တည်ထားကြမည့် ဗျာဒိတ် မိန့်ဟလေသည်။ ၎င်းနောက် နတ်ပြဿာဒ်ယာဉ်တို့ဖြင့် ရိုးမတစ်ဖက် ရိုးတောင်စွယ်
ဖိုးဦးတောင်တွင် ရပ်တန့်တော်မူလေသည်။
ထိုအချိန်၌ အရှေ့တောင်သမုဒ္ဒရာရေမျက်နှာပြင်မှာ နွားချီးခြောက်တစ်ခု မျောလာ သည်ကို ပွီးငယ်
တစ်ကောင်က နှုတ်သီးဖြင့်ကောက်၍ ဘုရားရှင်အားပူဇော်လိုက်၏။ ဘုရားရှင်ပြုံးရယ်တော် မူသဖြင့် ညီတော်အာနန္ဒာ လျှောက်ထားတော်မူသဖြင့် “ ချစ်သား.. အာနန္ဒာ ၊ ဤနွားချီးခြောက် မျောနေသော နေရာ၌နောင်သောအခါမှာ ရေခန်းခြောက်ပြီး ကျွန်းမြေပြင်ဖြစ်လိမ့်မည်။ ဤပွီးငယ်သည်လူဖြစ်လာပြီး သော် (ဒွတ္တဘောင်)တည်းဟူသော မင်းအဖြစ်ထင်ရှားလျှက် ဤနေရာ၌ သရေခေတ္တရာ ပြည် ကြီးကို တည်ဆောက်လတ္တံ့ ” ဟုဗျာဒိတ်စကားမိန့်ဟခဲ့ဖူးသည်။
ဘုရားရှင်လည်းပြန်ကြွတော်မူလာကာ ရမ္မာဝတီ၊ မေဃ၀တီနှင့် ဓည၀တီအနောက်ဘက် မေယုမြစ်တစ်လျှောက် နတ်မြစ်စသော အနီးတစ်ဝှိုက် နုငယ်စဉ်က ကျင်လည်ခဲ့ဖူးမှု အရပ်ဒေသ အသီးသီးတွင် နောင်သောအခါ ဓါတ်တော်တည်ထားကြမည်ကို ဗျာဒိတ်စကားမြွက်ကြားလိုက်သည်။
ထိုနောက်မှနတ်ပြဿာဒ်ယာဉ်များဖြင့် မဇ္ဈိမဒေသသို့ဒေသစာရီကြွချီတော်မူသည်။ ၎င်းနောက် ကပ္ပီလ၀တ်ပြည်ရှိ ခမည်းတော် မင်းတောင်းပန်ချက်အရ ပဉ္စလောဟရတနာဖြင့် (သကျမုနိ) ကိုယ်စားသွန်းလုပ် ပေးပြီး ဟိမ၀န္တာမှာ နတ်များအပေါင်းတောင်းပန်မှုကြောင့် ပဉ္စာလောဟာရတနာဖြင့်
(လောကမုနိ) ကိုသွန်းလုပ်ကိုယ်စားပေး ချီးမြှင့်ခဲ့လေသည်။
[ ဤတွင် အချို့ရာဇ၀င်တို့၌ ဗုဒ္ဓသည် သရေခေတ္တရာ ဗျာဒိတ်ပေးပြီး ၎င်းမှပင် ကောင်းကင်ခရီးဖြင့် မဇ္ဈိဒေသသို့ ပြန်ကြွသွသည်ဟု ရေးသားထားကြသည်။ တစ်ချို့ရာဇ၀င်၌ ဗုဒ္ဓသည် သေလာဂီရိ တောင်တစ်ခုတည်း မှသာ ရခိုင်၌ ဗျာဒိတ်ပေးသည် ။ တစ်ခြားနေရာသို့ ဒေသစာရီကြွချီတော်မူပြီး
ဗျာဒိတ်မပေးခဲ့ဟု ရေးသားထားကြသည်။
စဉ်းစားစရာကား အရပ်ဒေသ အသီးသီးသို့မကြွဘဲ ဗုဒ္ဓခြေတော်ရာ မည်သို့ချခဲ့သနည်း။ ရခိုင်ဒေသ ကျင်လည်ခဲ့ဖူး ဘ၀များလှသဖြင့် ကြွချီဗျာဒိတ် ခပ်ကာမှ မဇ္ဈိမဒေသသို့ ပြန်ကြွသွာခြင်းသာဖြစ် သည်ဟု ယူဆပါသည်။]( ဦးအောင်ဇေယျ- မြောက်ဦး)၏ ယူဆချက်) ]
...............
ကိုးကားချက်
ဦးအောင်ဇေယျ (ဓည၀တီ)
ရခိုင်မင်းဆက်များနှင့် ဗုဒ္ဓသာသနာတော် စာအုပ်မှ
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။