တာကလူး
------------
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းရှိ သ၀င်ချောင်းကျေးရွာတွင် ယခုရက်ပိုင်းအတွင်း ဓါးပြတိုက်မှုတစ်ခု ဖြစ်ပွါးခဲ့ရာ ဓါးပြများက သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ရွာသား လေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
လုပ်သေနတ်နှင့် ဓါးရှည်များ ကိုင်ဆောင်ထားသည့် ဒေသခံ ဓါးပြအုပ်စု တစ်ခုက သ၀င်ချောင်း ကျေးရွာနေ ဦးအာမန်၏ နေအိမ်ကို ဓါးပြ ၀င်တိုက်စဉ် ရွာသားများ သိရှိသွားပြီး ၀ိုင်းအုံ လိုက်ကြရာတွင် ဓါးပြများက ပြန်လည်ခုခံ ပစ်ခတ် သဖြင့် ရွာသား ၄ ဦး ဒဏ်ရာ ရရှိသွားခြင်း ဖြစ်သည်။
ကျေးရွာသား တစ်ဦးက “ဒီလ ၄ ရက်နေ့ ည ၈း၀၀ နာရီ အချိန်လောက်မှာ ကျွန်တော်တို့ရွာက ဦးအာမန်ရဲ့ နေအိမ်ကို ဓါးပြ လာတိုက်တာဖြစ်ပါတယ်။ အိမ်သားတွေက ဓါးပြ ဓါးပြ ဆိုပြီး အော်တော့ ရွာသားတွေက ၀ိုင်းလိုက်ကြတယ်လေ။ ရွာသားတွေ ၀ိုင်းအုံလာတော့ ဓါးပြတွေက သူတို့မှာ ပါလာတဲ့ လုပ်သေနတ်တွေနဲ့ ပစ်ပြီး ထွက်ပြေးသွားကြတာ ဖြစ်ပါတယ်။ အိမ်ရှင် ဦးအာမန်နဲ့ တခြား ရွာသား ၃ ဦးကို ထိပါတယ်” ဟု ၄င်းရွာသားက ပြောသည်။
ဓါးပြများပစ်ခတ်ခဲ့သည့် လုပ်သေနတ် စရိတ်ကျည်များမှာ အိမ်ရှင် ဦးအာမန် အသက် (၄၈)နှစ်၏ လက်များ၊ ကော်ရိမ္မူလာ အသက် (၂၈)နှစ်၏ ညာလက်နှင့် ခန္ဓာကိုယ်၊ မိုဟာမတ်အာယု အသက် (၂၀) ၏ မျက်နှာနှင့် ခန္ဓာကိုယ် နှင့် မိုဟာမတ်ချောရိဖ် အသက် (၁၅)နှစ်၏ ဦးခေါင်းတို့တွင် အသီးသီး ထိမှန်ခဲ့ကြပြီး မောင်တော အလယ်သံကျော် ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူနေကြရကြောင်း သိရှိရသည်။
“ဓါးပြတွေကတော့ ဒီဒေသအတွင်းမှာ အထူးနာမည်ကြီးနေတဲ့ အဘ္ဒူဟာကိမ် ဦးဆောင်တဲ့ အဖွဲ့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ရွာကို လာတိုက်တုန်းက သူ့အဖွဲ့မှာ သူအပါအ၀င် ဓါးပြ (၈)ဦးပါပါတယ်။ သုံးယောက်က သေနတ်တွေ ကိုင်ဆောင်ထားပြီးတော့ ကျန်တဲ့လူတွေက ဓါးရှည်တွေ ကိုင်ဆောင်ပြီး လာတိုက်သွားခဲ့တာ ဖြစ်ပါတယ်” ဟု ၄င်းရွာသားက ဆက်ပြောခဲ့သည်။
အဆိုပါ ဓါးပြတိုက်ခံခဲ့ရသည့် သ၀င်ချောင်းကျေးရွာမှာ မောင်တောပင်လယ်ကမ်းခြေရှိ နစက နယ်မြေ (၈) အတွင်းတွင်တည်ရှိပြီး အင်းတင် နစကစခန်းနှင့် အနီးဆုံးတွင် တည်ရှိသည်။ ဓါးပြများမှာ စက်လှေဖြင့် ၀င်ရောက်လာကြပြီး ဓါးပြတိုက်ခဲ့ကြခြင်း ဖြစ်ကြောင်းလည်းသိရှိရသည်။
ယခုကဲ့သို့ ဓါးပြတိုက်မှုများမှာ မောင်တောမြို့နယ်တွင်သာမက အနီးအနားရှိ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင်လည်း မကြာခဏ ဆိုသလို ဖြစ်ပွါးလျက်ရှိနေသည်။
: -------------------------

(နိရဉ္စရာ သတင်း)
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။