ဒု သမ္မတ ရာထူးနဲ့ လွဲခဲ့ရတဲ့ ရခိုင် တိုင်းရင်းသား

နေပြည်တော်၌ ယမန်နေ့က ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်မှ ဒု သမ္မတ အဖြစ်လျာထားခြင်း ခံခဲ့ရသော ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) ဥက္ကဌ ဒေါက်တာအေးမောင်သည် မဲအပြတ်အသတ် ရှုံးနိမ့်ကာ ဒု သမ္မတ ဖြစ်ခွင့်ကို လက်လွှတ်လိုက်ရပြီဖြစ်သည်။

RNDP ဥက္ကဌ ဒေါက်တာ အေးမောင်၏ ပထမ အကြိမ်လွှတ်တော်အတွင်း အတွေ့အကြုံများကို ဧရာဝတီ သတင်းထောက် မင်းနိုင် သူ က ဆက်သွယ် မေးမြန်းထားသည်။

ဒေါက်တာ အေးမောင်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် မဲရုံမှူးတဦးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၀၉ ခုနှစ် ၄ လပိုင်းတွင် မွေးမြူရေးနှင့် ကုသရေး လက်ထောက် ညွှန်ကြားရေးမှူး အဖြစ်မှ အငြိမ်းစားယူကာ ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် RNDP ကို ထူထောင်ခဲ့သည်။

ဒေါက်တာအေးမောင် ၏ ပါတီသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၁၂ နေရာ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ၈ နေ ရာ ၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်တွင်၂၃ နေရာနှင့် တိုင်းရင်းသား လွှတ်တော် မဲဆန္ဒနယ်တွင် ၁ နေရာ စုစုပေါင်း မဲ ဆန္ဒနယ် ၄၄ နေရာတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ် ၃၅ ခုတွင် အနိုင်ရခဲ့သည်။
Dr.Aye-Maung-RNDP
ဒေါက်တာအေးမောင် (ဓာတ်ပုံ - မြန်မာ့အလင်း)
RNDP မှာ ၂၀၁၀ ရွေးကောက်ပွဲဝင် အရပ်သားပါတီများအနက် ရာခိုင်နှုန်းအများဆုံး အနိုင်ရခဲ့သည့်ပါတီဖြစ်ကာ အမျိုးသား လွှတ် တော် တွင်လည်း ဒေါက်တာ အေးမောင်ကို ဒု သမ္မတ အဖြစ် ကျန် ဒီမိုကရက်တစ် အရပ်သားပါတီများက အဆိုတင်သွင်းခဲ့ကြ သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်များ ကြီးစိုးထားသည့် လွှတ်တော်အတွင်း မဲခွဲရွေးချယ်ရာ ဒေါက်တာအေးမောင်သည် ပြည်သူ့လွှတ်တော်မှ ဒုသမ္မတအဖြစ် အမည်တင်သွင်းခံရသည့် ဖလုံ-စဝေါ် ပါတီမှ ဦးစောသိန်းအောင် နည်းတူ ဒု သမ္မတ ဖြစ်ခွင့်ကို လက်လွှတ်ခဲ့ရသည်။

ရခိုင် တိုင်းရင်းသား ဒေါက်တာ အေးမောင်သည် စစ်တွေ လူရည်ချွန် တဦးဖြစ်ခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် မွေးမြူရေးနှင့်ဆေးကုသရေး တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။

အသက် ၅၄ နှစ်ရှိ ဒေါက်တာအေးမောင်သည် အထက်တန်းပြ ဆရာမ အငြိမ်းစား ဇနီးသည် ၊ သားသမီး ၂ ဦးနှင့်အတူ စစ်တွေမြို့တွင် နေထိုင်လျက်ရှိသည်။

မေး။   ။ ဒီကနေ့ လွှတ်တော်တွင်း ဒုသမ္မတရွေးချယ်မှုနဲ့ ပတ်သက်ပြီး သိချင်လို့ပါ။

ဖြေ။   ။ ကျနော်တို့ အမျိုးသားလွှတ်တော်အတွင်းမှာ ပြည်ခိုင်ဖြိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ကပဲ မဲအသာစီးနဲ့ ဒုသမ္မတနေရာ ရသွားပါတယ်။ ပြည်သူ့လွှတ်တော်မှာလည်းပဲ ပြည်ခိုင်ဖြိုးပါတီကပဲ ရသွားပါတယ်။

မေး။   ။ မဲအသာစီးနဲ့ဆိုတော့ ဘယ်နှစ်မဲအကွာနဲ့ ဆရာက ရှုံးနိမ့်ခဲ့တာလဲ။

ဖြေ။   ။ ကျနော်ရတာက ၂၇ မဲပါ။ ၁ မဲက ပယ်မဲဖြစ်သွားပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ၁၄၀ မဲရသွားပါတယ်။ ပြည်သူ့လွှတ်တော်မှာတော့ ကျနော် ကြားသလောက် ဖလုံ-စဝေါ်ပါတီက ဦးစောသိန်းအောင်က မဲ၄၀ ရရှိပြီးတော့ ကျန်တဲ့မဲအားလုံးကို ဦးသိန်းစိန်က ရရှိသွားတယ်လို့ ကြားပါတယ်။

မေး။   ။ မနေ့က ပြုလုပ်ခဲ့တဲ့ ဒု သမ္မတ အရည်ချင်းပြည့်မီမှု ရှိမရှိ ရွေးချယ်စဉ်မှာ ဘာတွေ ကြုံတွေ့ခဲ့ရပါသလဲ။

ဖြေ။   ။ ဒု သမ္မတ ရွေးတဲ့အခါမှာ ကန့်သတ်ချက်လေးတွေ ရှိပါတယ်။ ဖွဲ့စည်းပုံထဲမှာ ဒုသမ္မတဟာ စစ်ရေးအမြင် ရှိရမယ် ဆိုတဲ့ အချက်ပါပါတယ်။ စစ်ရေးအမြင်နဲ့ပတ်သက်လို့ ကျနော်တို့ အရပ်သားကိုယ်စားလှယ် ၂ ဦးကို အရည်အချင်း ပြည့်မီတယ်လို့ သူတို့ သတ်မှတ်ပါတယ်။ ဆိုတော့ လွှတ်တော် ၂ ရပ်စလုံးမှာ ဒုတိယသမ္မတနေရာကိုလည်း အရပ်သား ကိုယ်စားလှယ် တဦးဟာ အရွေးချယ် ခံပိုင်ခွင့်ရှိတယ်ဆိုတဲ့ လမ်းတော့ ပွင့်သွားတယ်ပေါ့ဗျာ။ အဲဒါလေးတခုပါပဲ။

မေး။   ။ စစ်ရေးအမြင်နဲ့ပတ်သက်လို့ ဘာတွေ မေးမြန်းပါသလဲ။

ဖြေ။   ။ ကျနော်တို့ကို မေးတာမြန်းတာမရှိပါဘူး။ စိစစ်ရေးအဖွဲ့ဝင် ၇ ဦးက ကျနော်တို့ ကိုယ်ရေးအကျဉ်းကို တနေရာမှာ သွားကြည့် တာမျိုးလောက်ပဲ ရှိမှာပါ။ ကျနော်တို့ကို သီးသန့်ခန်းလေး တခုအတွင်းမှာ ထိုင်ခိုင်းထားတယ်။ နောက် အာလာပ သလ္လာပ
လေး ပြောကြတယ်ပေါ့ဗျာ။ အဲလောက်ပဲပြောပြီး ပြီးသွားပါပြီလို့ ပြောပါတယ်။ လွှတ်တော်ရဲ့ မြင်ကွင်းကတော့ တရားမျှတမှုရှိပါတယ်။ ပြည်ခိုင်ဖြိုးပါတီက အင်အားများတာကိုး။ ကျနော်တို့ ဒီမိုကရက်တစ်ပါတီတွေက အင်အား ၃၀ လောက်ပဲ ရှိပါတယ်။ ဆိုတော့ ယှဉ်ပြိုင်ပွဲက လွတ်လပ်တရားမျှတပါတယ်။

မေး။   ။ မနေ့က ဒု သမ္မတရာထူးအတွက် စိစစ်မှုမှာ မေးခွန်းတခုမှကို မဖြေဆိုခဲ့ရတာလားဗျ။

ဖြေ။   ။ မှန်ပါတယ်။ ကျနော် ဘာမှလည်း မဖြေခဲ့ရပါဘူး။ ကျနော်တို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေ အကုန်လုံးကိုလည်း သူတို့ ရပြီးသားဖြစ်မှာပါ။

မေး။   ။ တိုင်းရင်းသား ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင်တဦးဖြစ်တယ်။ လွှတ်တော်ထဲကို ရောက်တော့လည်း ကျန် ဒီမို ကရက် တစ် ပါတီတွေရဲ့ ရွေးချယ်မှုအရ ဒု သမ္မတရာထူး လျာထားခံရတဲ့ အထိဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာတော့ ဒု သမ္မတအဖြစ် ရွေးချယ် မခံခဲ့ရဘူး။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လို ခံစားရပါသလဲ။

ဖြေ။   ။ ကျနော်တို့ သဘောပေါက်ပါတယ်။ လွှတ်တော်အရပ်ရပ်ရဲ့ ဥက္ကဌ နဲ့ ဒု ဥက္ကဌ နေရာတွေကို ပြည်ခိုင်ဖြိုး ပါတီကပဲ ရယူ လိုက်တယ်ဆိုကတည်းက ၀င်ပေါက်စည်းကို ပိတ်လိုက်တယ်ဆိုတာ ကျနော်တို့ သဘောပေါက်ပါတယ်။ တစုံတခုကိုတင်မယ်။  ဥပဒေကြမ်းတခုကို တင်မယ်ဆိုရင် ဒီခုံပေါက်က ၀င်မှ ရမှာကိုး။ နောက် နိုင်ငံတော်သမ္မတတို့ ဘာတို့ဆိုတာလည်း အတွင်း စည်း ထဲမှာ ရှိတာကိုး။ လုံခြုံရေးအားဖြင့်ရော အခြေအနေအရပ်ရပ်ကို ပြန်ကြည့်ရင် တရားမျှတတယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် မကြာခင်မှာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ ဖွဲ့ကြတော့မယ်။ ပြည်ထောင်စုတရားရုံးတို့ ခုံရုံးတို့  ဆိုတာတွေ ဖြစ်လာတော့ မှာကိုး။ အဲဒီအဖွဲ့တွေအတွင်းမှာ တိုင်းရင်းသားအဖွဲ့စုံ ၊ ပါတီစုံက ပုဂ္ဂိုလ်တွေ ပါဝင်နိုင်အောင် လမ်းဖွင့်ပေးဖို့တော့ လိုပါလိမ့်မယ်။

ကျနော်ဆိုလိုတာက ပါတီကြီးတရပ်အတွင်းက တိုင်းရင်းသားတွေကို ဆိုလိုတာမဟုတ်ဘူးနော်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက် က မြန်မာ့ဆိုရှယ်လစ်ပါတီကြီးအတွင်းမှာလည်း တိုင်းရင်းသားတွေ ပါခဲ့တာပဲ။ ရှိခဲ့တာပဲ။ ပွင့်လင်းမြင်သာတဲ့ နိုင်ငံတကာက လက်ခံလောက်တဲ့ အစိုးရဖြစ်ဖို့ဆိုရင် အသွင်မတူတဲ့ တိုင်းရင်းသားပါတီတွေ ၊ ပါတီစုံက ပုဂ္ဂိုလ်တွေကို ထည့်သွင်းနိုင်ဖို့ လိုပါတယ်။ မိမိပါတီက လူမှ မိမိစိတ်ချမယ်ဆိုတဲ့ အမြင်မျိုးကတော့ ကျဉ်းမြောင်းတယ်လို့ ထင်ပါတယ်။ ကိုယ့်လက်ထဲမှာရှိတဲ့ဟာ ကိုယ် အကုန်ယူလိုက်ရင်တော့ ရတာပေါ့ဗျာ။ ကျနော်ပြောတာက မျှတခြင်း ၊ ပွင့်လင်းမြင်သာခြင်း ၊ လွတ်လပ်ခြင်း ၊ ဒီမိုကရေစီ အနှစ်သာရမှာ အများစုက အနည်းစုရဲ့ ဆန္ဒတွေကို ဘယ်လောက်အလေးအနက်ထားသလဲ။ အနည်းစုရဲ့ရည်မှန်းချက်တွေကို အများစုက ပယ်ချတာမျိုးမဖြစ်အောင်ဆိုတာတွေကို အလေးအနက်ထားစေချင်ပါတယ်။

ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေကတော့ တိုင်းပြည်ကို ကောင်းစေချင်တယ်။ ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ ငြိမ်းချမ်းစေချင် တယ်။ ငြိမ်းချမ်းမှုကို ရပြီးကာမှ ဖွံ့ဖြိုးတိုးတက်မှုကို ရမယ်လို့ ကျနော်တို့ ယုံကြည်တယ်ဗျာ။ အဲတော့ ပြည်တွင်း ငြိမ်းချမ်းရမယ်။ အပစ်အခတ်အကုန် ရပ်စဲရမယ်။ နောက်ဆုံး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်နိုင်တဲ့အဆင့်ရောက်အောင် ကျနော်တို့တွေဟာ ကြိုးစားကြရမယ်။ အကုန်လုံးက လက်ခံနိုင်တဲ့ အခြေအနေလေး ရောက်သွားတာ ကျနော်တို့ တွေ့ချင်ပါတယ်ဗျာ။ အဲဒါကျနော်တို့ရဲ့ ဆန္ဒပါပဲ။
Dr-Aye-Mg
ဒေါက်တာအေးမောင် (ဓာတ်ပုံ -နိရဉ္ဖရာ)
မေး။   ။ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ တိုင်းရင်းသားပါတီတွေစုပေါင်းပြီး တိုင်းရင်းသားတွေထဲက ဒု သမ္မတ တဦးပေါ်ထွက် လာရေး ဆန္ဒရှိတယ်လို့ ထုတ်ဖော်ပြောဆိုထားကြပါတယ်။ အခု ကြံ့ခိုင်ရေးပါတီက ရှမ်းတိုင်းရင်းသား ဒေါက်တာ စိုင်းမောက်ခမ်း ဟာ ဒု သမ္မတတဦး ဖြစ်သွားပြီဆိုတော့ ဆရာတို့ရဲ့ ဆန္ဒပြည့်ဝသွားပြီလို့ ပြောလို့ရပါသလား။

ဖြေ။   ။ ခင်များတို့အမြင် ဘယ်လိုရှိမလဲမသိဘူး။ ကျနော်တို့ အမြင်က  ပါတီကြီးတခုမှာတော့ တိုင်းရင်းသားပေါင်းစုံရှိနေမှာပဲ။ ကျနော်တို့ဆိုလိုတာက မတူကွဲပြားတဲ့အမြင်မျိုးတွေပါရင် ပိုကောင်းမယ်။ မတူကွဲပြားတဲ့ အယူအဆရှိတဲ့သူတွေပါတဲ့ နိုင်ငံတော်ရဲ့အဖွဲ့အစည်းတခုဖြစ်ခဲ့ရင် ပြည်တွင်းကလူတွေလည်း ၀မ်းသာကြမယ်။ ပြည်ပကလည်း ကျေနပ်ကြမယ်။ ကျနော်တို့ အပေါ်မှာလည်း အမြင်ကြည်စွာနဲ့ ဖြစ်သွားစေချင်တဲ့သဘောကို ပြောတာပါ။

မေး။   ။ မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ရင် စ၀်ရွှေသိုက်တို့ မန်းဝင်းမောင်တို့ နောက်ပိုင်းမှာ နိုင်ငံတော်အဆင့် ရာထူးကြီးတွေမှာ တိုင်းရင်းသားတွေ အနေနဲ့ ဘာကြောင့် မရရှိတော့တာပါလဲ။ အခုချိန်မှာရော ပါဝင်ခွင့်ရှိနေပြီလား မရှိသေးဘူးလား ။ ဘယ်လို  ရှိပါသလဲ။

ဖြေ။   ။ ပြည်ထောင်စု စစ်မှန်အောင် ဖန်တီးကြမယ်ဆိုရင်လေ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုတာ စာရွက်ပေါ်မှာပဲ ရေးလို့ မပြီးဘူးလေ။ လူမျိုးကြီးတခုဟာ အခွင့်အရေးကို နည်းယူနိုင်ရမယ်လေ။ ကျနော်တို့ တိုင်းရင်းသားလူမျိုးငယ်လေးတွေရဲ့ အခွင့်အရေးတွေကိုလည်း ဖော်ပေးနိုင်ရမယ်လေ။ ဒါမှလည်းပဲ နိုင်ငံကြီးသားပီသမှာပေါ့ဗျာ။ ဟန်ဆောင် ပန်ဆောင်မဟုတ်ဘဲနဲ့ အနှစ်သာရရှိရှိ ပေးဖို့ လိုတယ်လေ။ လူမျိုးစုံပါနိုင်အောင် ၊ လူနည်းစုမို့ ချန်ထားခဲ့တာမျိုးမဖြစ်အောင် ၊ လူမျိုးကြီးမို့လို့ အကုန်လုံးကို သိမ်းကျုံးယူတာမျိုးမဖြစ်အောင် ၊ အမြင်ကြီးကြီးနဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဆုံးဖြတ်ကြရမှာပါ။

မေး။   ။ အခုဆိုရင် ပြည်ခိုင်ဖြိုးပါတီကပဲ နိုင်ငံ့ရဲ့အမြင့်ဆုံးအဆင့် ရာထူးတွေကို သိမ်းကျုံးယူသွားပြီဆိုတော့ နိုင်ငံရေးပြဿနာ
တွေ ဖြေရှင်းရာမှာ  ဒီမိုကရက်တစ်အရပ်သားပါတီ ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်နိုင်မှုက ဘယ်လောက်အထိ ရှိနိုင်ပါဦးမလဲ။

ဖြေ။   ။ ဒီလိုပါ။ ကျနော်တို့ မီးပွိုင့်တခုဖြတ်ရင် အနီကနေ အစိမ်းရောက်ပြီးမှ ဖြတ်လို့ရတာကိုး။ အနီကနေ အစိမ်းမရောက်ခင် အ ၀ါကလေး ဖြစ်နေချိန်မှာ စောင့်ကြရတာာကိုး။ ဆိုတော့ ကျနော်တို့က အ၀ါရောင်လေးကို စောင့်နေကြတာပါ။
..........
ဧရာဝတီ
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။