သဘာဝ ပတ်ဝန်းကျင် နှင့် ယဉ်ကျေးမှု အမွေအနှစ်


ရွှေဂတ်စ် စီမံကိန်း တည်ရှိရာ မြန်မာနိုင်ငံ အနောက်ဖက်ဒေသရှိ ရခိုင်ပြည်နယ်သည် ရှေးဟောင်း ဘုရင့်နိုင်ငံတော်ဖြစ်ပြီး၊ ရှေးဟောင်း ယဉ်ကျေးမှု ဆိုင်ရာ အမွေအနှစ် ကြွယ်ဝ ချမ်းသာသော ပြည်နယ် တခုဖြစ်သည်။
Environment

ဒေသခံ ပြည်သူ အများစုသည် လယ်ယာ စိုက်ပျိုးရေး နှင့် ငါးဖမ်း လုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်း ပြုကြသူများ ဖြစ်သည်။ အမှန် တကယ် တွင်မူ၊ ငါးဖမ်းလုပ်ငန်းသည် ရခိုင်လူမျိုးတို့၏ မရှိမဖြစ် ယဉ်ကျေးမှု အစိတ်အပိုင်း တခုပင်ဖြစ်သည်။ ရတနာ၊ ရဲတံခွန် ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင်မူ၊ ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာ ဒေသတလျှောက်တွင်၊ ပိုက်လိုင်း တဖက်တချက် ၁၅ မိုင်အတွင်းရှိ ကျေးရွာများကို စစ်တပ်မှ အတင်းအဓမ္မ ရွှေ့ပြောင်းခဲ့လေသည်။ ယခု ရွှေဂတ်စ် စီမံကိန်းတွင်လည်း စစ်တပ်သည် ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိသည့် လူမျိုးစုများကို ပိုက်လိုင်းဖြင့် တဖက်တချက် ခွဲခြမ်းပစ်လိမ့်မည်ဖြစ်သည့်အပြင်၊ အရေးကြီးသည့် ယဉ်ကျေးမှု အမွေအနှစ် အဆောက်အဦးများကိုလည်း ဖျက်ဆီးပစ်လိမ့် ဦးမည်ဖြစ်သည်။

မြန်မာစစ်အစိုးရ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ - န အ ဖ) လက်အောက်ရှိ ယခင် အကောင်အထည် ဖော်ခဲ့သည့် ရတနာ-ရဲတံခွန် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို စမ်းစစ်ကြည့်ခြင်း အားဖြင့် ရွှေ ဓါတ်ငွေ့ စီမံကိန်းသည်လည်း မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်နှင့် သဘာဝ ပတ်ဝန်းကျင်ကို အကြီး အကျယ် ခြိမ်းခြောက်နေသည်မှာ ထင်ရှားပေသည်။

မြန်မာ့မုတ်သုန်သစ်တောများ ခြိမ်းခြောက်ခံနေရခြင်း


မြန်မာနိုင်ငံ၏ ကြီးထွားလာသော လောင်စာစွမ်းအင် လိုအပ်မှုသည် အရေးတကြီး ဖြစ်လာမည့် အခြေအနေတွင် ရှိသော်လည်း၊ နအဖသည် ထိုအခြေအနေကို လစ်လျူရှုကာ၊ ၎င်းတို့၏ နိုင်ငံခြား ငွေကြေး အမြတ်အစွန်းအတွက် ရွှေ သဘာဝ ဓါတ်ငွေ့စီမံကိန်းကို ပြည်ပသို့ တင်ပို့ရောင်းချနေသည်။ ချက်ပြုတ်ခြင်း နှင့် အပူစွမ်းအင် ကဲ့သို့သော နေ့စဉ်လောင်စာစွမ်းအင် သုံးစွဲမှုကို ဖြည့်ဆည်းရန် အဆိုပါ လိုအပ်မှုသည် အလျှင်အမြန် သစ်တောပြုန်းတီးမှုကို ဦးတည်နေသည်။ မြန်မာ့သစ်တောများ တစတစ ဆုတ်ယုတ် လျော့ပါးသွားခြင်းသည် အဖိုးတန်သစ်များ ပြည်ပသို့ တင်ပို့ ရောင်းချခြင်းကြောင့် သာမကဘဲ၊ သစ်ပင်များသည် မြန်မာလူမျိုး အများစုအတွက် အခြေခံ လောင်စာစွမ်းအင် အရင်းအမြစ် များလည်း ဖြစ်သောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အိမ်တွင်း လောင်စာ သုံးစွဲမှုတွင် ၉ဝ% သည် ထင်း၊ မီးသွေး ခေါ် သစ်ပင်များမှဖြစ်ပြီး၊ လျှပ်စစ်ဓါတ်ဖြင့် ချက်ပြုတ်သုံးစွဲမှုသည် ၁ % ထက်ပင် လျော့နည်း နေသည်။ သစ်ခုတ်ယူမှုကိုပါ ထည့်တွက်ပါက မြန်မာနိုင်ငံ၏ ကျန်ရှိနေသေးသော သစ်တောများသည် စိုးရိမ်ရသည့်အခြေအနေသို့ ကျရောက်နေသည်။ မြင့်တက်လာသော လောင်စာစွမ်းအင် လိုအပ်မှုသည် သဘာဝ ပတ်ဝန်းကျင်မှ ထုတ်လုပ်ပေးနိုင်မှုထက် ကျော်လွန်နေပြီး၊ ၂ဝဝဝ ခုနှစ်တွင် တိုင်းတာသည့် နှစ်စဉ် သစ်တောပြုန်းတီးမှုနှုန်းမှာ တနှစ်လျှင် ခန့်မှန်းခြေ ၁.၄% ရှိသည်။ မည်သို့ပင်ဆိုစေကာမူ၊ စစ်အစိုးရသည် အဆိုပါ ဒေသတွင်း လိုအပ်မှုကို ဖြည့်ဆည်းပေးရမည့်အစား၊ ၎င်းတို့၏ အာဏာ တည်မြဲရေးအတွက် နိုင်ငံခြားငွေကြေးရရှိရန် အရေးကြီးသော လောင်စာရင်းမြစ်များကို ပြည်ပသို့ တင်ပို့ ရောင်းချလျှက် ရှိသည်။

ရခိုင်လူမျိုးတို့၏ နေထိုင်မှုဘဝ ခြိမ်းခြောက်ခံနေရခြင်း

၁၉၉ဝ ကျော်နှစ်များက မြန်မာပြည်အရှေ့ဘက်ခြမ်းရှိ ရတနာ၊ ရဲတံခွန် ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်စဉ်ကကဲ့သို့ ရခိုင်ကမ်းလွန်ရှိ ရွှေ သဘာဝ ဓါတ်ငွေ့တွင်းများ နှင့် ဓါတ်ငွေ့ရှာဖွေ တူးဖော်မှုဆိုင်ရာ အခြေခံ အဆောက်အအုံများသည် ဒေသတွင်းရှိ တံငါ ငါးဖမ်းလုပ်ငန်း များကို ပျက်စီးစေလိမ့်မည်ဖြစ်သည်။ ဒေသတွင်းရှိ တံငါသည်များမှာ ဓါတ်ငွေ့တွင်း တူးဖော်ရာစင်ကြီးနှင့် ၁ဝ မိုင် အဝန်း အဝိုင်းအတွင်းသို့ ဝင်ရောက် ငါးဖမ်းခွင့်များကို ပိတ်ပင်ခံထားရသည်။ အမြဲတမ်း ဓါတ်ငွေ့ တူးဖော်ထုတ်လုပ်သည့် အဆောက်အအုံများ တည်ဆောက်ခြင်းဖြင့် ဒေသတွင်းတံငါသည်များ၏ အသက် မွေးဝမ်းကျောင်းမှုအတွက် ငါးရှာဖွေ ဖမ်းဆီးရာ နယ်ပယ်ကို ပိုမို ကျဉ်းမြောင်း သွားစေသည်။ ယနေ့အထိတိုင်အောင် အဆိုပါ တံငါသည်များ၏ ထိခိုက်နစ်နာမှု အတွက် လျော်ကြေး (သို့မဟုတ်) အခြားသော အသက် မွေးဝမ်းကျောင်းပြုရန် ဖြစ်နိုင်သော နည်းလမ်းများ အတွက် ပြောဆို ဆွေးနွေးခြင်းများ၊ လုပ်ဆောင် ပေးခြင်းမျိုး မရှိသေးချေ။

ရှားပါးသက်ရှိ သတ္တဝါများ မျိုးသုဉ်းမည့် အန္တရာယ် ခြိမ်းခြောက်ခံနေရခြင်း

Environment 


စစ်အုပ်စုသည် ရခိုင် လူမျိုးတို့၏ သဘာဝ သယံဇာတ ရင်းမြစ် အမြောက်အများကို ရောင်းချခဲ့ပြီး ဖြစ်သည့် အတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုကို အကြီးအကျယ် ဦးတည်စေခဲ့သည်။ ဥပမာ - စစ်တပ်မှ လုပ်ကိုင်နေသည့် ပုဇွန်လုပ်ငန်း အလျှင်အမြန် ကြီးထွား လာမှု ကြောင့်၊ ကျယ်ပြန့်သော လမုတော ဧရိယာ အမြောက်အများ ပျက်စီးဆုံးရှုံးခဲ့ကြရသည်။ ရခိုင် ပြည်နယ် မြို့တော် စစ်တွေ တဝိုက်တွင် တပ်ရင်း ၂၇ဝ၊ ၃ဝ၆၊ ၃၄၄ နှင့် စစ်ထောက်လှမ်းရေး ရင်း ၁ဝ အပြင် ဗဟိုတပ်ရင်းတို့ပါ အခြေစိုက် လျှက်ရှိနေသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သည် လယ်သမားများထံမှ လယ်မြေများကို အဓမ္မ သိမ်းယူပြီး၊ ၁၆ဝ-၂၅ဝ ဧက အကျယ်အဝန်း ရှိသည့် ပုဇွန်ကန်ကြီးများအဖြစ်သို့ ပြောင်းလဲလိုက်ပြီး၊ ရရှိသည့် အမြတ်အစွန်းများသည် စစ်တပ်အတွင်းသို့ သာ ပြန်လည် ရောက်ရှိသွားသည်။ ရခိုင်ကမ်းရိုးတန်း တလျှောက်ရှိ ကျန်ရှိ နေသေးသည့် လမုတောများသည် ယခုအခါ ရွှေ သဘာဝ ဓါတ်ငွေ့စီမံကိန်း အခြေခံအဆောက်အအုံများ တည်ဆောက်ရန် အတွက် အန္တရာယ် ကျရောက်နေကြရသည်။ ကမ္ဘာပေါ်တွင် အရှား ပါးဆုံး သတ္တဝါများ စာရင်းထဲတွင် ပါဝင်နေသည့် ရခိုင်သစ်တောလိပ် နှင့် ဧရာဝတီ လင်းပိုင်ကဲ့သို့သော အလွန်ရှားပါး သတ္တဝါ ဖြစ်နေပြီ ဖြစ်သည့် သတ္တဝါများသည်၊ ရွှေ သဘာဝ ဓါတ်ငွေ့ စီမံကိန်းကြောင့် ပိုမို၍ အန္တရာယ်ကျရောက်လာနေကြသည်။

သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုများ ဖြစ်ပေါ်လာခြင်း

Environment 


သဘာဝ ဓါတ်ငွေ့တူးဖော်ရန် စင်ကြီးများ ဆောက်လုပ်ခြင်း၊ ဓါတ်ငွေ့ တူးဖော်စဉ် အသုံးပြုသည့် ဓါတုပစ္စည်းများ ယိုစိမ့် ထွက်ခြင်း နှင့် ဓါတ်ငွေ့တွင်းမှ ဓါတ်ငွေ့များ တွန်းကန်ထွက် လာနိုင်သည့် အလား အလာများသည်လည်း ရခိုင်ကမ်းရိုးတန်းရှိ ရေနေသတ္တဝါများ၊ သဘာဝအလှအပများ နှင့် သန္တာကျောက်တန်း ဒေသများကို ဆုတ်ယုတ် ပျက်စီးစေလိမ့်မည် ဖြစ်သည်။

ကောင်းစွာ ပြုပြင်သန့်ရှင်းပြီးသား စွမ်းအင်ရင်းမြစ်များကိုသာ ရောင်းချသည်ဆိုသော်လည်း၊ ဓါတ်ငွေ့ရှာ ဖွေဖော်ထုတ်ခြင်းသည် ရေနံရှာဖွေ ဖော်ထုတ်ခြင်းတွင် တွေ့ကြုံရသည့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများကဲ့သို့ ပြဿနာ ဖြစ်ပေါ်စေ နိုင်သည်။ ရှာဖွေ ဖော်ထုတ်နေစဉ် အတွင်း၌ ထိခိုက် ပျက်စီး ဆိုးကျိုးသက်ရောက်မှုအများဆုံးမှာ မြေအောက်သို့ ထိုးဖောက်ရာ တွင် အသုံးပြုသည့် ရွှံ့စေးများဖြစ်သည်။ အဆိုပါ ရွှံ့စေးများကို ဓါတ်ငွေ့ကျင်းထဲမှ တိုးထွက်လာသည့် ဖိအားကို ထိန်းသိမ်းရာတွင် အသုံးပြု၍၊ ဆီအနည်းငယ် သုတ်လိမ်း ထားပြီး၊ ကျင်း၏ ထိပ်အဝ ခပ်လှမ်းလှမ်းမှနေ၍ ဖြတ်ထားသည်။ အဆိုပါ ရွှံ့စေးများတွင် ပေါက်ကွဲစေနိုင်သော၊ အဆိပ်သင့် စေနိုင်သော ဓါတုပေါင်းစပ် ပစ္စည်းများ၊ ရေဒီယမ် ၂၂၆ ကဲ့သို့သော သဘာဝ အလျောက် ဖြစ်ပေါ်သည့် ရေဒီယို သတ္တိကြွ ပစ္စည်းများ၊ ခဲစားထားသည့် သံချေးများ၊ ဗေရီယမ်၊ အာဆင်းနစ်၊ ဟိုက်ဒရို ကာဗွန်ဒြပ်ပေါင်း နှင့် အခြားသော ဘေးအန္တရာယ် ဖြစ်စေမည့် ဒြပ်ပစ္စည်းများ ပါဝင်သည်။ ထိုဘေးထွက် အန္တရာယ် ဖြစ်စေနိုင်သော ဓာတုပေါင်းစပ် ပစ္စည်းများသည် ဒေါင်လိုက် ရေ ကြောအတိုင်း ပင်လယ် ကြမ်းပြင်သို့ ရောက်ရှိသွားကာ အနည်အနှစ်များအဖြစ် စုပုံလာပြီး၊ အကျိုးဆက် အနေဖြင့် ပင်လယ် ကြမ်းပြင်ပေါ်ရှိ ရေနေသတ္တဝါ အမြောက် အများကို သေကြေ ပျက်စီးစေလေသည်။ 

သဘာဝဓါတ်ငွေ့ ရှာဖွေ ဖော်ထုတ်ခြင်းဖြင့် ထွက်ပေါ်လာသည့် နောက်ထပ် စွန့်ပစ်ပစ္စည်းပုံစံတမျိုးမှာ အဆိပ်သင့် ပင်လယ် ဆားငန်ရေ များပင်ဖြစ်သည်။ အဆိုပါ ဒြပ်ပစ္စည်း အမြောက် အများသည် ဓါတ်ငွေ့ရှာဖွေဖော်ထုတ်ရာ၊ ဓါတ်ငွေ့ထုတ်ယူရာ နေရာ၌ပင် ခွဲခြမ်း စိတ်ဖြာပစ်ရမည် ဖြစ်သည်။ အဆိုပါ ဒြပ်ပစ္စည်း သည် ဟိုက်ဒရို ကာဗွန် ဒြပ်ပေါင်းဖြင့် ပေါင်းစပ်ပြုလုပ်ထားခြင်း ဖြစ်ပြီး၊ သိုလှောင်ကန်ကြီးများ မှနေ၍ ထုတ်ယူထားခြင်းဖြစ်သည်။ အခြားသော ဓါတ်ငွေ့များ နှင့် ဒြပ်ပေါင်း ပစ္စည်းများကဲ့သို့ ယင်းတွင် ဆီ၊ ဓါတ်ငွေ့နှင့် ရေ တို့ပါဝင်ပြီး ဟိုက်ဒရို ကာဗွန်ဖြင့် ပေါင်းစပ် ထားသည့် ပုံသဏ္ဍန် တမျိုးထွက်ပေါ်လာကာ “ထုတ်လုပ်ထားသည့် အရည်” ဟုဆိုသည်။ အဆိုပါ ထုတ်လုပ်ထားသည့်အရည်တွင် သဘာဝ အလျောက် ဖြစ်ပေါ်သည့် ရေဒီယို သတ္တိကြွ ဓါတ်ပစ္စည်းများ၊ ကဒ်မီယံ ခေါ် သံဖြူကဲ့သို့ ပြာလဲ့လဲ့ အဖြူရောင် ရှိသော ဓာတုဒြပ်စင်၊ ခဲ၊ ရေနံနှင့် ကတ္တရာမှ ထုတ်ယူရရှိသော ဗင်ဇင်းဓာတ်ဆေးရည်၊ နပ်ဖသလင်း၊ သွပ်၊ ပြုပြင်ထားသည့် ဆီ နှင့် အမဲဆီ စသည်တို့ပါဝင်သည်။ သမိုင်းကြောင်းအရ၊ ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ထုတ်လုပ်ရာ စက်ရုံများသည် အဆိုပါ အဆိပ်သင့် စွန့်ပစ်ပစ္စည်းများကို ကမ်းလွန် ပင်လယ်တွင်း၌ လည်းကောင်း၊ ကုန်းတွင်းပိုင်း၌ လည်းကောင်း စွန့်ပစ်ကြသည်။ အဆိုပါ စွန့်ပစ်ပစ္စည်းများသည် သောက်သုံး ရေများကို ညစ်ညမ်းစေသကဲ့သို့၊ စိုစွတ်မြေယာများ၊ ငါးသတ္တဝါ နှင့် တောရိုင်းတိရစ္ဆာန်များအပေါ် ဘေးအန္တရာယ် ဆိုးကျိုးကို သက် ရောက်စေသည်။

ပို၍ဆိုးသည်မှာ၊ လက်ရှိမြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများတွင် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ ရှာဖွေဖော်ထုတ်ရာ၌ အဆိုပါ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးဥပါဒ်ဖြစ်စေမှုများ နှင့် ကာကွယ် တားဆီးမှုများ မည်သို့မျှ မပြောဆို၊ မပြဌာန်းထား ခြင်းပင်ဖြစ်သည်။

လက်ရှိမြန်မာစစ်အစိုးရလက်အောက်တွင်၊ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု ဟူ၍လည်းမရှိပေ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ နှင့် လူနေမှုဆိုင်ရာ အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ လွတ်လပ်စွာ ချဉ်းကပ်မေးခွန်းထုတ် အဖြေရှာ နိုင်ခွင့်များလည်း မရှိပေ။ ကုမ္ပဏီများအနေဖြင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်မှု ဆိုးကျိုးများနှင့် ပတ်သက်၍လည်း မြန်မာ စစ်အုပ်စုနှင့် အမှန်တကယ် စစ်မှန်သော ဆွေးနွေးမှုများလည်း မရှိပေ။

.....................
Sources: Burmese.Shwe
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။