ရခိုင်ပြည်-ကျောက်တော်မြို့ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး
ထိုအချိန်မှာ ဘုရားရှင်သည် ၀ါတော် (၂၀ ) မြောက် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း ဂန္ဓကုဋိတွင်းမှာ တရားဆင်ခြင် သယမ္ဘူဥာဏ်ဖြင့် စကြာဝဠာအနန္တ ကျွတ်တမ်းဝင်မည့်သူများကို ကြည့်ရှုတော်မူသော် ဓည၀တီရခိုင်ပြည်မှ စန္ဒသူရိယမင်းနှင့် ပြည်သူများ ပင့်ဖိတ်ခြင်းကို သိတော်မူသဖြင့် ညီတော် အာနန္ဒာအား ခေါ်တော်မူ၍ ယူဇနာ ကိုးရာဝီးသော ဓည၀တီ ရခိုင်ပြည်သို့ နက်ဖန် မိုးထ အရုဏ်တက် နေထွက်ချိန်မှာ ကောင်းကင်ခရီးဖြင့် ဒေသစာရီ လိုက်ပါလိုသူ ရဟန်းတို့အား စာရင်းယူထားလိုက်သည်။
သိကြားမင်းလည်းသိတော်မူ၍ မာတလိ ၀ိသကြုံ နတ်နှစ်ပါးအား ရဟန္တာအပါးငါးရာ အတွက် နတ်ပြဿာဒ်ငါးရာ ဖန်ဆင်းစေလိုက်သည်။ မဟာသက္ကရာဇ် (၁၂၃)ခု ကဆုန်လဆန်း (၈)ရက် ဗုဒ္ဓဟူးနေ့ တွင် နတ်ပြဿာဒ်ငါးရာဖြင့် ရဟန္တာငါးရာခြံရံကာ မြတ်စွာဘုရားရှင်သည် ကောင်းကင်ခရီးဖြင့် ကြွချီတော်မူလာသည်ကို မဇ္ဈိမဒေသမှ လူအပေါင်းနှင့် ရခိုင်ပြည်သူ ရခိုင်ပြည်သား အပေါင်းတို့ ထူးဆန်းအံ့ဩဖွယ် ဖူးမြော်မြင်တွေ့ ကြရလေသည်။ ( တစ်ချို့ရာဇ၀င်တိမှာ သာဝတ္ထိမှာ ဟု တွေ့ရသည်)။
ဘုရားရှင်လည်း ဓည၀တီရခိုင်ပြည်၏ ဂစ္ဆပနဒီဖြစ် အရှိ့ဘက်ကမ်းနဖူးရှိ သေလာဂီရိပဗ္ဗတ
တောင်တန်းသို့ ရောက်တော်မူသော် ကောင်းကင်မှ သက်ဆင်းလျက် မောရပဗ္ဗတ တောင်းစွန်းဝယ်၌ ရပ်တော်မူပြီး အရပ်လေးမျက်နှာသို့ ကြည့်ရှုကာ ပြုံးတော်မူလေသော် အာနန္ဒာ လျှောက်တင်လေသဖြင့် အတိတ်ဆောင်ပြီး မိန့်ကြားသည်မှာ.. “ငါဘုရားသည် ရှေး ယခင်နုစဉ်ဘ၀က ဤတိုင်းပြည် နေရာဌာန အသီးသီး၌ ကျင်လည်ခဲ့ဖူးသည်။ ဤရခိုင်ပြည်သည် စပါးဆန်ရေ ပေါများကာ ဒုဗ္ဘိကန္တာရကပ် လွတ်လေသောကြောင့် နောင်တော်ဘုရားအဆူဆူကို ဗျာဒိတ်ထားသည့်အတိုင်း ငါဘုရားသည်လည်း ဤနိုင်ငံအား (ဓည၀တီ) ဟူ၍ ဗျာဒိတ်ထားတော်မူလေသည်” ဟု သံသာချိုမြ မိန့်ဟလေတော့သည်။
ဘုရားရှင်က ထပ်မံပြီးသော် မိန့်တော်မူသည်မှာ.. “ငါဘုရားပရိနိဗ္ဗာန်ယူသောအခါ ကျန်ရစ်သော ဓါတ်တော်များအနက် ယခုငါ ဗျာဒိတ်ထားအပ်သော တော တောင်ရေမြေဌာန အသီးသီးတို့၌ ရခိုင်မင်းတို့ စေတီပုထိုး တည်ထားကိုးကွယ်ကြလျက် များစွာအကျိုးရှိလိမ့်မည် ” ဟု မိန့်ကြားကာ
နုစဉ်ကာလ ဘ၀များစွာ ကျင်လည်ခဲ့မှု အသီးသီးကို လက်ညှိုးညွှန်ပြလျက် ဗျာဒိတ်ပေးမူပြီးသော် ရောင်ခြည်တော် ခြောက်သွယ် တစ်ပြိုင်နက် ကွန့်မြူးလိုက်သဖြင့် မြေ ငလျင် ပြင်းစွာတုန်လှုပ်ကောင်းချီးပေးလိုက်လေသည်။
စန္ဒသူရိယမင်းလည်း ဘုရားရှင်ကြွရောက် ရပ်တန့်နေ့မှု ကိုသိတော်မူသဖြင့် အခြံအရံများစွာဖြင့် ကြွချီလာကာ ဗုဒ္ဓခြေတ်ာကိုကိုင်လျက်ရိုသေစွာရှိခိုးပြီးသော် နန်းပြဿာဒ်ဆောင်သို့ ဆွမ်းစားကြွရန် ပင့်ဖိတ်တော်မူလေသည်။
သီရိဂုတ်ကုန်းတော်၌နန်းပြဿာဒ်ဆောင်အတွင်းသီတင်းသုံးစေတော်မူကာ ဘုရားရှင်နှင့်တကွ ရဟန္တာငါးရာအား အသင့်စီမံထားသောနို့ဂဏာဆွမ်းဖြင့် ဆက်ကပ်လှူဒါန်းတော်မူလိုက်သည်။ ဘုရားရှင်လည်း ဆွမ်းအနုမောဒနာတရားတော်ကို ဟောကြားတော်မူ၏။
စန္ဒသူရိယမင်းမြတ်သည် ဘုရားရှင်အားလျှောက်ထားလိုက်သည်မှာ … “အရှင်ဘုရား ၊ မဇ္ဈိမဒေသသို့ ပြန်ကြွမြန်းလိုက်သော် တပည့်တော် ကိုးကွယ်ရာမဲ့ ဘ၀ သို့ကျရောက်ပါမည်ဖြစ်ပါ၍ သနားသဖြင့် ကိုးကွယ်ဆည်းကပ်နိုင်ရန် အရှင်ဘုရားကိုယ်စား ရုပ်ပွါးတော်မြတ်တစ်ဆူကို သွန်းလုပ်ခွင့်ပြုပါရန် တောင်ပန်းလျှောက်ထားလိုက်လေသည်။
ဘုရားရှင်လည်း အတိတ်ဘ၀ကာလက မိမိသည် ပုဏ္ဏားဗေဒင် ဆရာဖြစ်ပြီး မိတ်ဆွေဖြစ်သူ စန္ဒသူရိယ အလောင်းကား ဆင်းရဲပင်ပန်းသော နွားကျောင်းသားဘ၀ ဖြစ်ကြစဉ်တုန်းက နွားကျောင်းရာတွင် တစ်နေ့သောအခါ ခိုးသူတို့ယူလား၍ နွားတစ်ကောင်ပျောက်လေရာ တစ်သက်လုံးကျွန်ဘ၀ ခံရမည့်ဘေးကို လွတ်စေရန် ဗေဒင်ကြည့်ရာ ပျောက်ဆုံးသောနွားကို ခြုံပုတ် တစ်နေရာတွင်မြင်၍ နှစ်ဦးအတူ သွားလိုက်ကြသောအခါ ခိုးသူတို့ထွက်ပြေးသွားသဖြင့် ပျောက်နွားကိုရခဲ့၍ တစ်သက်ကျွန်ဘ၀မှ လွတ်ခဲ့သာ ကျေးဇူးကြောင့် စန္ဒသူရိယအလောင်းနွားကျောင်းသားသည် ဘုရားလောင်ပုဏ္ဏားအား
နေ့စဉ်ကြည့်ရှုဆောင်ရွက်မှု ပေးကမ်းပြု၏။ တစ်နေ့မမြင်ရလျှင် မနေဘ၀မျိုးဖြစ်ရချေသည်။
တစ်နေ့သောအခါ ဘုရားလောင်းပုဏ္ဏားက ညအိပ် ခရီးသွားရန်ရှိ၍ ပြောပြသောအခါ “အရှင်ပုဏ္ဏား အရုပ်တစ်ခုခန့် ထုလုပ်ပေးခဲ့ခပါ” ဟု တောင်းပန်လိုက်သဖြင့် စိတ်ကြေနပ်စေရန် မိမိကိုယ်တိုင် တမန်းသားကို အရုပ်ထုပြီး “ငါ၏အရုပ်ကိုယ်စား ဖြစ်သည်” ဟု ပေးလိုက်ပြီးခါမှ စန္ဒသူရိယလောင်း
နွားကျောင်းသားလည်း ကြည်ဖြူစွာ ခွင့်ပြုသည်ကို မြင်တော်မူသဖြင့် ဘုရားရှင်သည် မဇ္ဈိမဒေသ ကောသလတိုင်း ၌လည်း ကိုယ်စားတော်ဂန္ဓသာရ ရုပ်ထုတော်ကို နောက်အခါ ဒိဋ္ဌိမင်းတို့ကြာင့် သိကြားမင်းသည် ပလ္လင်နှင့်တကွ ကွယ်ပျောက်မည်ကို မြင်သောကြောင့် ပဉ္စလောဟာ ရတနာတို့ကို လက်ခံတော်မူပြီး တစ်ဆံခြည် မကြွင်းစိမ့်သောငှါ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ညနေအချိန် သိကြားမင်းအား သွန်းလုပ်ရန် ပေးအပ်လိုက်လေသည်။
မဟာမြတ်မုနိ ဘုရားကျောင်းဆောင်ဝင်ပေါက်ပုံ
သိကြားမင်းလည်း မာတလိ ၀ိသကြုန် နတ်သားတို့နှင့် တစ်ညဉ့်ပတ်လုံး သွန်းလုပ်လိုက်သော် ကိုယ်စားရုပ်ပွါး မိုးလင်းအရုဏ် ကြာသပတေးနေ့ ပြီးစီးခြင်းသို့ရောာက်လေ၏။ နဖူးသစ်ကျစ်မှာ တစ်ဆံခြည်မျှ မစေ့သဖြင့် ဗုဒ္ဓကိုယ်တိုင်မိမိရင်ငွေ့တော်ခုနစ်လက်ခုပ်ထည့်လိုက်သဖြင့် ဤဇမ္ဗူ၌ ဘုရားနှစ်ပွင့်ပြီး အလားတူမျှ ထင်မိရသည်။ နတ်ဗြဟ္မာ အပေါင်း ပန်းမိုးရွာကာ နတ်စည်နတ်ညှင်း ဒူရိယာ တီးမှုတ်ပူဇော်ကြမှုကို
လူတိုအားလုံး မြင်တွေ့ရလေတော့သည်။
မြေကြီးငလျှင်လည်း ပြင်းထန်စွာ မြည်ဟီးကာ ကောင်းချီးပေးတုန်လှုပ်လိုက်လေသည်။
စန္ဒသူရိယမင်းကြီးလည်း များစွာဝမ်းမြောက်တော်မူလျက် ဘုရားရှင်အား နန်းတော်သို့ ဆွမ်းစားကြွရန် ပင့်ဖိတ်လိုက်လေသော် မဟာမုန်ရုပ်ပွါးတော်သည် ထကြွလိုက်မည့်ပုံပြလိုက်သဖြင့် ဘုရားရှင်က “ ညီဘွား ရှင်ချစ် သင်မထနှင့် ၊ မထူးနှင့် သာသနာ ငါးထောင်ပတ်လုံး အပူဇော်ခံကာ နတ်လူတို့အကျိုးခံယူလော့၊ ဟိုအတိတ်ဘ၀က ငါဘုရားမာန်အောင် ကျွန်းတွင် မင်းဖြစ်စဉ်က တောင်သူငခြီတစ်ဦးကို ကြောသား ရင်သား နုတ်ကာ သတ်မိခဲ့ဖူးသော ၀ိပါက်ကို ငါးဘုရားကိုယ်စား ခံကျန်လိုက်လော့ ”ဟု ဗျာဒိတ် စကားတော် ထားတော်မူခသည်။
ဘုရားရှင်လည်း ရဟန်းငါးရာ ခြံရံကာဖြင့် ဆွမ်းစားကြွရာ ရုပ်ပွါးတော်အား မြင်လောက်သော
တောင်တစ်ခုသို့ ရောက်သောအခါ ကြည့်လိုက်သောဒီနေ့တိုင် (မြင့်မိုရ် ) ဟုခေါ်ဆိုကြသည်။
မြတ်စွာဗုဒ္ဓလည်းဆွမ်းသုံးဆောင်ပြီးနောက်မင်းကြီးအားဗုဒ္ဓကိုယ်စားသွန်းလုပ်ကိုးကွယ်သဖြင့်
အကျိုးတရားဖြစ်သော (သတ္ထုဗိမ္ဗသုတ်တော်) တရားထူးကို ဟောကြားတော်မူလိုက်သည်။
(သတ္ထုဗိမ္ဗသုတ္တန်ကို Today Arakan Blog မှာဖတ်ရှုလေ့လာနိုင်သည်။
စန္ဒသူရိယမင်းနှင့်မှူးမတ်အပေါင်းတို့သည်သောတာပတ္တိဖိုလ်၌ တည်ကြလေသည်။ နန်းတွင်းရှိ ပဒမဒေ၀ီ(ခေါ်) ဥပ္ပရဒေ၀ီဖိဖုရားနှင့် သုရူပ မင်းသမီးတို့သည်ကား တရားနာရသဖြင့် အရဟတ္တဖိုလ် ဆိုက်ကာ ဘိက္ခူနီမ ရဟန္တာမ (၂)ဥိးဖြစ်ခဲ့ကြသည်။
...............
ကိုးကားချက်
ဦးအောင်ဇေယျ (ဓည၀တီ)
ရခိုင်မင်းဆက်များနှင့် ဗုဒ္ဓသာသနာတော် စာအုပ်မှ
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။