ရခိုင်နန်းတွင်း ပန်းချီတွေဆွဲတဲ့ လူဝင်စား ပန်းချီဆရာမ ဒေါ်အေးသန်းဦးနဲ့ တွေ့ဆုံခြင်း

 ဆရာမဒေါ်အေးသန်းဦးမှာ စစ်တွေမြို့၊ တရားသီးစုရပ်ကွက်မှာ ကွမ်းယာရောင်းပြီးနေပါတယ်။ ဆရာမမိသားစုက ဆင်းရဲပါတယ်။ ဆရာမဟာ မိသားစုထဲမှာ လေးယောက်မြောက် သမီးဖြစ်ပါတယ်။ ဘယ်သူ့ဆီမှာမှ ပန်းချီဆွဲပညာသင်ကြားတာ မရှိဘဲနဲ့ ထူးခြားတာက ဆော့ဖန် (ဘောပင်) တစ်ချောင်းတည်းနဲ့ ရခိုင်တွေရဲ့ ရှေးဘုရင်ခေတ်၊ နန်းတွင်းက အဖြစ်အပျက်တွေကို လက်ရာပြောင်မြောက်စွာနဲ့ စိတ်အာရုံခံပြီးဆွဲပါတယ်။ ဆရာမရဲ့ ပန်းချီကားချပ်တွေကို စစ်တွေမှာကျင်းပတဲ့ ၇၆ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့မှာ ပြပွဲမှာချပြလိုက်တော့ လူတွေက တော်တော်လေးကို စိတ်ဝင်စားကြပါတယ်။ ဆရာမဟာ သင်ကြားပေးမယ့် ဆရာမရှိဘဲနဲ့ ဘယ်စာအုပ်မှ ဘယ်ပုံကိုမှကြည့်ပြီး ဆွဲတာမဟုတ်ဘဲနဲ့ စိတ်မှာအာရုံပေါ်လို့ ထူးဆန်းတဲ့ ပန်းချီတွေကို ဆွဲနိုင်တာဟာ လူဝင်စားတာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

ဆရာမဟာ မွေးရာပါ စားလည်းမပြောတတ်၊ နားလည်းမကြားတဲ့အတွက် ဆရာမ ပန်းချီကားချပ်တွေကို အမြဲလေ့လာစောင့်ကြည့်နေတဲ့ လူတွေသိအောင် အကျိုးဆောင်ပေးနေတဲ့ ပန်းချီဆရာ ကျော်ဇံမောင်ကို မေးမြန်းထားတာဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ပါ ဆရာ၊ အခု ဆရာမ အေးသန်းဦးဆွဲတဲ့ ပန်းချီကားချပ်တွေဟာ သာမာန်ပန်းချီတွေနဲ့ မတူဘဲ ဟိုး ရခိုင်ရှေးဘုရင်တွေရဲ့ အဖြစ်အပျက်တွေ၊ အဓိကတော့ နန်းတွင်းအဖြစ်အပျက် ပုံတွေများပါတယ်။ ဆိုတော့ ဒီပုံတွေကို ဘယ်လိုစိတ်ကူးတွေနဲ့ ရေးဆွဲခဲ့တာပါလဲ။

ဖြေ။ ။ သူ (မအေးသန်းဦး)ပြောပြတာက သူ့ဆီမှာ အဘိုးသျှင်မြ၀ါ အမြဲတမ်းစောင့်တယ်။ သူဟာ အိမ်မှာညနေ အိပ်ဖို့လဲလျောင်းပြီဆိုရင် အဘိုးသျှင်မြ၀ါက လမ်းလျှောက်နေတယ်လို့ ပြောတယ်။ ရောင်ခြည်တွေတောက်ပြီးတော့ပေါ့။ အဲဒီလိုမြင်လိုက်ပြီဆိုရင် ပုံဆွဲချင်တဲ့စိတ် ပေါ်လာပြီးတော့ အိပ်ရာကထပြီးတော့ ပုံဆွဲတယ်လို့ ပြောတယ်။ သူ့မှာက သင်ဆရာမရှိဘူး။ သူက မွေးရာပါ စကားမပြောတတ်ဘူး။ စာလည်းမတတ်။ နားလည်းမကြားဘူး။ သူ့စိတ်မှာ အာရုံပေါ်လာမှ သူကဆွဲတာ။ သူ့ကို အခုဆွဲဆိုလို့ သူဆွဲမှာမဟုတ်ဘူး။ သူကပုံဆွဲတိုင်း ဘုရားရှိခိုးတယ်။ သူ့ကို ဆရာတို့ စစ်ဆေးလိုက်တော့ ကမ္ဘီရပညာနဲ့ပေါ့။ သူက အရင်က နန်းတွင်းသူတစ်ဦးဖြစ်ခဲ့တာကို တွေ့ရပါတယ်။ ဆက်စပ်ကြည့်လိုက်တော့လည်း သူဆွဲတဲ့ပုံတိုင်းဟာ အားလုံးက ရခိုင်နဲ့ ဆက်စပ်တဲ့ပုံတွေပဲ။

ဥပမာ ဘုရင်တွေရဲ့ ဦးခေါင်းပေါင်းပေါ့။ ဆရာတော့ သမိုင်းစာအုပ်တွေက ခေါင်းပေါင်းနဲ့တိုက်ကြည့်လိုက်တော့ တူနေတယ်။ ၀တ်စားဆင်ရင်မှုကအစ နန်းတွင်းသူကအစ အဲဒီလိုထူးခြားတာကို တွေ့ရပါတယ်။ သူ့မိသားစုက ဆင်းရဲတယ်။ စစ်တွေမြို့၊ တရားသီးစုရပ်ကွက်မှာ ကွမ်းယာရောင်းပြီးတော့ နေပါတယ်။ ကွမ်းယာရောင်းနေရင် စိတ်ကူးပေါ်လာရင် ဆေးလိပ်ဘူးခွံတွေပေါ်မှာ ပုံဆွဲတယ်။ သူ့ကို ဘယ်သူ့မှတားလို့မရဘူး။

မေး။ ။ အခုနက ဆရာပြောတဲ့အထဲမှာ အဘိုးသျှင်ဦးမြ၀ါ ကိုမြင်တယ်။ ပြီးမှပုံဆွဲစိတ်ပေါ်လာတယ်ဆိုတော့။ ဒါလေးကို ရှင်းပြပါအုံး။

ဖြေ။ ။ ဟုတ်ကဲ့။ သူက အကြားအမြင်လည်းရတယ်။ အဘိုးသျှင်မြ၀ါလမ်းလျှောက်နေတာကို မြင်ရတယ်လို့ ပြောတယ်။ နောက်ပြီးတော့ ဂူထဲမှာလည်း ပုဂ္ဂိုလ်တွေ ဘုရားရှိခိုးနေတာကိုလည်း မြင်တယ်လို့ ဆရာ့ကိုပြောတယ်။ ဟိုးမှာကြည့်တဲ့ ပုဂ္ဂိုလ်တွေ ပုတီးစစ်နေတယ်လို့ ဆိုတယ်။ ဆရာကတော့ မမြင်ပေါ့။ အဲဒီလိုထူးခြားမှုတွေ၊ ပြန်ပြီး စိစစ်ကြည့်လိုက်တော့ သူက လူဝင်စားဖြစ်နေတယ်။ ဒီဘ၀မှာ လူဝင်စားလာဖြစ်နေတယ်။ ဒါကြောင့် သူဆွဲတဲ့ပုံတွေဟာ များကာ နန်းတွင်ဟန်တွေ၊ အားလုံးရခိုင်အ၀တ်အစားတွေနဲ့ ဒီပုံတွေဟာ မည်သည့်စာအုပ်စာတန်းတွေကမှ ကြည့်ပြီးဆွဲတာမဟုတ်။ ဆရာတော် ဦးဥတ္တမပုံတွေဟာဆိုရင် ဒီအခမ်းအနားမှာပဲ ဆွဲတာပါ။ စာအုပ်ကဆွဲတာလည်းမဟုတ်ဘူး။ အရုပ်ကိုသွားကြည့်ပြီး ဆွဲတာလည်း မဟုတ်ဘူး။ သူဆွဲတာက ဆရာတော် ဦးဥတ္တမပုံဟာ မတ်တတ်ရပ်ပြီးတော့ လက်ဖ၀ါးကာလို့ ဆွဲထားတယ်။ ဆရာက မေးတယ်။ ဘာကြောင့် လက်ဖ၀ါးကာလို့ ဆွဲတာလည်းလို့။ ဆရာတော်က သူ့ကိုပြောတယ်တဲ့။ ရခိုင်တိုင်းရင်းသားတွေ ရန်မဖြစ်ကြပါနဲ့ အားလုံးငြိမ်းငြိမ်းချမ်းချမ်း နေကြလို့ မှားကြားတယ်တဲ့။ အဲဒါကြောင့် ဒီပုံဆွဲရတယ်လို့ ပြောတယ်။ ပြီးတော့ အဲဒီညကပဲ သူ့ဆီသို့ ဦးရဲကျော်သူလာတယ်လို့ဆိုတယ်။ ချက်ချင်းပဲသူ ပုံထဆွဲတယ်။ အဲဒီလို ထူးခြားမှုတွေပေါ့။

မေး။ ။ ဒီအခမ်းအနားမှာ ပန်းချီပြပွဲမှာ လူစိတ်ဝင်အစားဆုံးခံရတာက ဒီဆရာမရဲ့ ပန်းချီပုံတွေပဲ။ ဆိုတော့ ဘာကြောင့်လို့ ဆရာအနေနဲ့ သုံးသပ်ပါသလဲ။

ဖြေ။ ။ ပန်းချီပုံတွေရဲ့ အောက်မှာ ရခိုင်နန်းတွင်းသူ လူဝင်စားဆိုပြီးတော့ စာရေးထားတယ်။ ဒါကိုလူတွေက တော်တော်လေးကို စိတ်ဝင်စားသွားကြတယ်။ တစ်ယောက်စကားတစ်ယောက်နားပေါ့။ အဲဒီလိုပဲ လူတွေက အများကြီးလာကြည့်ကြတယ်။ သူ့လက်ရာကလဲ တကယ့်ပြောင်မြောက်တယ်လေ။ ပြီးတော့ ရန်ကုန်က ဆရာစောသာမောင်က ဓါတ်ပုံတွေရိုက်ပြီး ဖေ့စ်ဘုတ်ပေါ်တင်လိုက်တယ်။ အိမ်မှာရှိနေကြတဲ့ သူတွေကလည်း ဖေ့စ်ဘုတ်က ပုံတွေကြည့်ပြီး နန်းတွင်းသူဆိုတာကို စိတ်စားပြီး လာကြည့်ကြတယ်။ ၀န်ကြီးချုပ်လည်း လာပြီးတော့ ပန်းချီကားချပ်တွေ သုံးလေးကား ၀ယ်သွားတယ်။

မေး။ ။ ဒီဆရာမရဲ့ လက်ရာကိုလည်း သုံးသပ်ပေးပါအုံးဆရာ။

ဖြေ။ ။ သူက ဆော့ဖန် တစ်ချောင်းတည်းနဲ့ ဆွဲတာ။ သူ့လက်က အထူးသဖြင့် နန်းတွင်းပုံရိပ်တွေက ဝေသာလီခေတ်က လက်ရာနဲ့ တူနေတယ်။ ပုံတွေမှာလည်း အလင်းမှောင်ယူတာကအစ အနီးအဝေး၊ ကာလာတွေကအစ အရမ်းကောင်းတယ်။ ဆော့ဖန်တစ်ချောင်းတည်းနဲ့ ဆွဲတာဟာ ထူးဆန်းတာပဲ။ တကယ့်ပန်းချီဆရာတစ်ယောက်လိုပဲ။ သူ့ကို အပြစ်ပြောဖို့ ပုံပန်းချီကားဆိုတာ မရှိဘူး။ သူ့ရဲ့လက်ရာတွေဟာ ရခိုင်နဲ့ပတ်သက်တဲ့ မင်းစဉ်မင်းဆက်နဲ့ မကမ်းဘူး။ ဆရာကတော့ အပြတ်အသက်ထောက်ခံတယ်။ လုံးဝယုံကြည်မှုရှိပါတယ်။ ဆရာတောင်မှ သူ့ကို ဆရာခံလိုက်သေးတယ်။ ၀တ်စားဆင်ယင်မှုအပိုင်း၊ နန်းတွင်းသူတွေ ဆွမ်းပို့သွားတဲ့ပုံတွေ တကယ့် လက်ရာက်မြောက်ပါတယ်။ မင်းသား ပလွယ်မှုတ်နေတဲ့ပုံဆိုရင်လည်း မင်းသားက အနီးမှာရှိတဲ့ မင်းသမီးတွေကို မကြိုက်လို့ သူကြိုက်တဲ့ သူကို လွမ်းတဲ့အနေနဲ့ပေါ့။ နောက်က သူကြိုက်တဲ့မင်းသမီးက ခိုပြီးကြည့်နေတယ်။ သူ့ဆွဲတဲ့ပုံတွေ တော်တော်များများက ဇာလမ်းတစ်ခုကို ပေါ်လွင်စေတယ်။ အကြောင်းအရာတစ်ခုခုကို ပြောပြနေတယ်။ ဆန်ကြိုက်နေတဲ့ ပုံဆိုရင်လည်း အဲဒီခေတ်အချိန်အခါက လူနေဘ၀သရုပ်ကိုဖော်ပြထားတာ ဖြစ်တယ်။

မေး။ ။ ဆရာမက နန်းတွင်းပုံတွေပဲ ဆွဲတာလား၊ တခြားပုံတွေရော ဆွဲသေးလား။

ဖြေ။ ။ ဟုတ်ကဲ့ဆွဲပါတယ်။ အဓိကတော့ နန်းတွင်းပုံဆွဲတာပေါ့။ ဒါပေမယ့် အဲခေတ်က လူနေမှုဘ၀တွေကိုလည်း ဆွဲပါတယ်။ အဘွားအိုတစ်ယောက် နေပူထဲမှာ ဟင်းရောင်းနေတဲ့ပုံပေါ့။ ပြီးတော့ ကျေးရွာသဘာဝ အလေ့အထတွေကိုလည်း ဆွဲပါတယ်။ ကျင်ကိုင်တဲ့ပုံဆိုရင်လည်း တကယ့် သူတပြန်ငါတပြန် အကြိုက်အနေ အားယူနေတဲ့ပုံပါ။ တကယ့်ရသမြောက်ပါတယ်။

မေး။ ။ ဆရာအနေနဲ့ ဘာများထပ်ပြီး ပြောပြချင်သေးလဲ။ ဖြည့်စွပ်ပေးပါ။

ဖြေ။ ။ အခုဆရာက သူ့ကို ယုံကြည်တယ်။ နန်းတွင်းသူတစ်ယောက်ဆိုတာကိုပေါ့။ တကယ်လို့မယုံသူရှိရင် သူပန်းချီဆွဲနေတဲ့အချိန် လာကြည့်လို့ ရပါတယ်။ အခုသူ့ကို ရန်ကုန်မှာ ပြပွဲတွေရှိတယ်။ ၀င်ပြိုင်ခိုင်းမယ်။ အခုကတော့ ပုံတွေကတော့ ရှိတယ်။ ဒီထက်ကောင်းတဲ့ ပုံတွေဆွဲပြီးတော့ ပုံ ၂၀၀ လောက်ပေါ့။ ရန်ကုန်မှာ သွားပြိုင်ဖို့ ပြင်ဆင်နေပါတယ်။

____ Development Media Group
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။