သင်သေသွားသော် သင်ဖွားသောမြေ သင်တို့မြေသည် အခြေတိုးမြင့် ကျန်ကောင်းသင့်၏ (ဇော်ဂျီ )

Sunday, January 24, 2016

ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရငွေများ၏ ၅၁ ရာခိုင်နှုန်းကို ၀န်ကြီးဌာန အမည်ဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် အပ်နှံထားပြီး အဆိုပါ ငွေများအား မည်သို့အသုံးချနေသည်ကို မသိရှိရသောကြောင့် အစိုးရဘတ်ဂျက် လုပ်ငန်းစဉ်မှ စနစ်တကျ ဖယ်ထုတ်ထားသလို ဖြစ်နေဟုဆို

Published on Sun, 01/24/2016 - 18:15


ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရငွေများ၏ ၅၁ ရာခိုင်နှုန်းကို ၀န်ကြီးဌာန အမည်ဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် အပ်နှံထားပြီး အဆိုပါငွေများအား မည်သို့ အသုံးချနေသည်ကို သိရှိရမှု မရှိ ဖြစ်နေကာ ထိုသို့ လုပ်ဆောင်နေမှုများမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ၀င်ငွေများကို နိုင်ငံတော်၏ အမျိုးသားဘတ်ဂျက် လုပ်ငန်းစဉ်မှ စနစ်တကျ ဖယ်ထုတ်ထားသလို ဖြစ်နေကြောင်း EITI တွင် အစိုးရ၊ ကုမ္ပဏီ၊ အရပ်ဘက် သုံးဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့မှ အရပ်ဘက် ကိုယ်စားလှယ်များက ပြောကြားသည်။

EITI တွင် အဖွဲ့ဝင်လောင်း နိုင်ငံအဆင့်မှ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံအဖြစ် ဖြစ်လာစေရန် တင်ပြရမည့် အစီရင်ခံစာတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ကျောက်မျက်၊ သတ္တုကဏ္ဍတို့မှ ရရှိသည့် အခွန်စုစုပေါင်း အမေရိကန် ဒေါ်လာ ၃ ဒသမ ၁ ဘီလျံကို တိုက်ဆိုင် စစ်ဆေးထားသည့် EITI အစီရင်ခံစာကို နိုင်ငံတကာ အတွင်းဝန်ရုံးသို့ တင်သွင်းနိုင်ရန် ကျောက်မျက်ကုမ္ပဏီများကို စိစစ်ရာတွင် အဆိုပါ အချက်အလက်များကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

EITI တွင် အဖွဲ့ဝင်လောင်း နိုင်ငံအဆင့်မှ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံအဖြစ် ဖြစ်လာစေရန် တင်ပြရမည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ (EITI) နယ်ပယ်၌ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အား အခြေခံသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်း၏ အခွန်ဘဏ္ဍာငွေ ၁၀၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ ၁၃ ခု၊ ကျောက်မျက်ရတနာပြပွဲ၏ အခွန်ဘဏ္ဍာငွေ ၆၇ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် ကျောက်မျက်ရတနာ ကုမ္ပဏီ ၃၀ နှင့် သတ္တုကဏ္ဍ၏ အခွန်ဘဏ္ဍာငွေ ရာခိုင်နှုန်း ၅၀ ကို ကိုယ်စားပြုသည့် ကုမ္ပဏီ ၁၁ ခုတို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ  အစီရင်ခံစာအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ ၁၃ ခုမှ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်အတွက် ရရှိသည့် အခွန်ဘဏ္ဍာ ငွေကျပ် ဘီလျံ ၈၈၀ မှ ၄၉ ရာခိုင်နှုန်းကိုသာ ဘဏ္ဍာရေး ၀န်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး ကျန် ၅၁ ရာခိုင်နှုန်းကို စွမ်းအင်ဝန်ကြီးဌာန အမည်ဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် အပ်နှံထားခြင်းဖြင့် ထိုသို့ များပြားလှသည့် ရေနံနှင့် သဘာဝဓာတ် ငွေ့ဝင်ငွေများသည် နိုင်ငံတော်၏ အမျိုးသားဘတ်ဂျက် လုပ်ငန်းစဉ်မှ စနစ်တကျ ဖယ်ထုတ်ခံထားရသည့် အခြေအနေကို သွယ်ဝိုက်ညွှန်းဆိုနေသည်ဟု အရပ်ဘက်လူမှု အဖွဲ့ အစည်းပေါင်း (၅၁၈) ဖွဲ့ဖြင့် ပါဝင် ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ (MATA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"၀န်ကြီးဌာန နာမည်နဲ့ပဲ မြန်မာ့စီးပွားရေးဘဏ်မှာ အပ်ထားတယ်။ အဲဒီလို အပ်တာက ဥပဒေအရလို့ ပြောတယ်။ ဘယ်လိုပြန်သုံးစွဲလဲ။ မသုံးဘဲနဲ့ပဲ ဘဏ်မှာအပ်ထားလားဆိုတာ ဘာမှ မသိရဘူး" ဟု EITI ၏ အရပ်ဘက် ကိုယ်စားလှယ် MATA မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မိုးမိုးထွန်းက ပြောကြားသည်။

ထို့ပြင် EITI အစီရင်ခံစာ၌ နိုင်ငံတော် ဘတ်ဂျက်သို့ ပေးသွင်းမှု မရှိသည့် ၀န်ကြီးဌာနများ၏ ဘဏ်အပ်ငွေကဲ့သို့သော Others Account စာရင်းများ အများအပြား ဖော်ပြထားပြီး ထိုသို့ အမျိုးသား အကျိုးစီးပွားအတွက် အလွန်အရေးကြီးသည့် တွင်းထွက်သယံဇာတမှ ရငွေများ မည်သို့စီးဆင်းနေသည်ကို သိရှိရန်  ပွင့်လင်းမြင်သာသော အခြေအနေသို့ ရောက်ရှိရန် အရေးကြီးနေသည်။

ထို့ကြောင့် EITI အစီရင်ခံစာ ထုတ်ပြန်ရာတွင် တွင်းထွက် သယံဇာတဆိုင်ရာ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ၏ Others Account ငွေစာရင်းများ တည်ထောင်ထားရှိမှုနှင့် စီမံခန့်ခွဲမှုအတွက် ဥပဒေမူဘောင်တစ်ခု ပြဋ္ဌာန်းပေးသင့်ပြီး နောင်အနာဂတ် အစီရင်ခံစာများတွင် Others Account ဘဏ်စာရင်း အတွင်းရှိ စုဆောင်းထားသော ငွေပမာဏများကို ဖော်ပြရန် သာမက ထိုစာရင်းများမှ ငွေများကို မည်သို့ စီမံခန့်ခွဲနေသည်ကို ဖော်ပြရန် လိုအပ်မည်ဖြစ်ကြောင်း (MATA) ၏  အကြံပြုချက်က ဆိုသည်။

"Others Account တွေ ဘယ်လိုလုပ်ထားတယ် ဆိုတာသိမှ အခုနိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ထည့်သွင်းဆွေးနွေးနေတဲ့ အရင်းအမြစ်များ စီမံခန့်ခွဲခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရောက်သွားမယ်။ ဒီလိုသိရမှ ဘယ်ပိုက်ဆံတွေက ဘယ်ကို ရောက်သွားတယ်ဆိုတာ သိပြီး ဘယ်ပြည်နယ်အတွက် ဘယ်လိုခွဲမယ်ဆိုတာ သိရမယ်" ဟု ပေါင်းကူးမှ ဒေါက်တာ ကျော်သူက ဆိုသည်။

Writer:
ဖြိုးဝေ

http://news-eleven.com/

Saturday, January 9, 2016

ရခိုင်စစ်ပွဲ ရပ်ဖို့လိုကြောင်း ပြောဆိုနေ


‪BBC‬

ရခိုင် ပြည်နယ် ထဲ ဖြစ်ပေါ် နေတဲ့ စစ်ပွဲ တွေ ကို အမြန် ဆုံး ရပ်ပြီး တွေ့ဆုံ ဆွေးနွေး ကြဖို့ ရခိုင် ဝါရင့် နိုင်ငံရေး ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဦးအေးသာ အောင် က တိုက် တွန်း လိုက်ပါတယ်။

ကျောက်တော် မြို့နယ် ထဲ အစိုးရတပ် နဲ့ ရက္ခိုင့်တပ်မတော် အေအေ အကြား တိုက်ပွဲ တွေ ပြင်းထန် ခဲ့ပြီး အခု ရက်ပိုင်း မှာပဲ နှစ်ဘက် စလုံး ကနေ အပြန် အလှန် ကြေညာချက် တွေ ထုတ် လာတာ ကြပါတယ်။
အစိုးရ စစ်တပ်ရဲ့ ထုတ်ပြန် ချက် အရ ဒီဇင်ဘာလ ၂၈ ရက် ကနေ ဇန်နဝါရီလ ၄ ရက် အတွင်း တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ခဲ့တာမှာ တပ်ရင်းမှူး တစ်ဦး အပါအဝင် အရာရှိ စစ်သည်တွေ ကျဆုံး ခဲ့သလို၊ ရခိုင်တပ် ဘက်ကတော သုံးယောက် ကျပြီး လက်နက်ခဲယမ်း မီးကျောက်တွေ၊ ရိက္ခာတွေကို သိမ်းဆည်း ရမိတယ်လို့ ဆိုပါတယ်။

အေအေ အဖွဲ့ကို အစွမ်းကုန် ချေမှုန်း သွားမယ် လို့လည်း အစိုးရတပ် ဘက် ပြောဆို ထားပါတယ်။
အေအေကလည်း ဇန်နဝါရီ ၉ ရက် ရက်စွဲ နဲ့ ကြေညာချက် ထုတ်ကာ အစိုးရ ပြောဆိုချက် တွေ ကို တုံ့ပြန် ခဲ့တာမှာ အစိုးရ တပ်ဘက် က အကျအဆုံး ၁၅၀ ဝန်းကျင် ရှိပြီး၊ အယောက် ၂၀၀ နီးပါး ဒဏ်ရာရတယ် လို့ ပြောလာ ပါတယ်။

ဦးအေးသာအောင်ကတော့ အမြစ်ပြတ် ချေမှုန်းဖို့ ဆိုတာ မဖြစ်နိုင်တဲ့ အတွက် တွေ့ဆုံ ဆွေးနွေးဖို့ နဲ့ စစ်ပွဲတွေ ရပ်ဖို့ လိုတယ်လို့ ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲတွေ ကြောင့် အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေး ကြရတဲ့ ဒေသခံ အရေအတွက် ရာနဲ့ချီ ရှိပြီး ရခိုင် လူထု အကြားမှာလည်း စိုးရိမ်မှု တွေ မြင့်တက် နေတယ် လို့ ကျောက်တော် မြို့နယ်က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစောငြိမ်းက ပြောပါတယ်။

ပြည်နယ် အတွင်း စစ်ပွဲ တွေ ရပ်ကြဖို့ ဒေသခံ တွေ ရဲ့ ချီတက် ဆန္ဒပြ တောင်းဆို မှုတွေလည်း မကြာခင် ကပဲ ကျောက်တော်မှာ တစ်ကြိမ်၊ မြောက်ဦးမှာ တစ်ကြိမ် ဖြစ်ပေါ် ခဲ့ပါတယ်။

===========================
‪#‎BBC‬

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ ဦးအေးသာအောင် ပါတီကိုယ်စားပြု တက်ခွင့်မရ

ရန်ကုန်၊ ဇန်န၀ါရီ ၉



ဇန်န၀ါရီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ထိ ကျင်းပ ပြုလုပ် မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ ရခိုင်အမျိုးသားပါတီမှ ၀ါရင့် ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးအေးသာအောင်မှာ ပါတီ ကိုယ်စားပြု တက်ခွင့်မရရှိကြောင်း သတင်း ရရှိသည်။

ရခိုင်အမျိုးသား ပါတီမှ တက်ရောက်ခွင့် သုံးဦးရရှိသဖြင့် အစပိုင်းတွင် ဦးဦးလှစော၊ ပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်နှင့် ဦးအေးသာအောင်တို့ သုံးဦး တက်ရောက်ရန် ရွေးချယ်ထားသည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဦးအေးသာအောင် အား ချန်လှပ်ပြီး ယင်းနေရာတွင် ပါတီ ဒုဥက္ကဋ္ဌ ဦးဖိုးမင်းကို ထည့်သွင်းခဲ့သည်ဟု သိရသည်။

ရခိုင်အမျိုးသား ပါတီ ဒုဥက္ကဋ္ဌ ဖြစ်သူ ဦးဖိုးမင်းအား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ သူက “ ပါတီက လေးဦး တက်မှာပါ။ ဒေါက်တာ အေးမောင်၊ ဦးလှစော၊ ဦးထွန်းအောင်ကျော်နှင့် ဦးဖိုးမင်းတို့ ဖြစ်ကြပါတယ်” ဟု ပြောဆိုသည်။

ပါတီ ကိုယ်စားပြု တက်ရောက်မည့် ကိုယ်စားလှယ်သုံးဦးအား မေးမြန်းရာ ဦးဖိုးမင်းက “ ပါတီကို ကိုယ်စားပြုတက်ရောက်ကြမယ့်သူတွေကတော့ ဦးလှစော၊ ဦးထွန်းအောင်ကျော်နဲ့ ကျွန်တော် ဖြစ်ပါတယ်” ဟု ဆက်လက် ပြောဆိုသည်။

ဒေါက်တာအေးမောင်မှာ အပစ်ရပ် စောင့်ကြည့်ရေးအဖွဲ့ဝင် ၁၆ ဦးထဲတွင် ပါဝင်သဖြင့် သူ့အနေဖြင့် ပါတီကိုယ်စားပြု တက်ရောက်စရာ မလိုဘဲ အလိုအလျောက် ကိုယ်စားလှယ် အဖြစ် တက်ရောက်ခွင့်ရမည်ဟု သိရသည်။

ဦးအေးသာအောင်အား ဖယ်ထုတ်လိုက်သည်ဟု သတင်းရပါသဖြင့် ဟုတ်ပါသလားဟု ဆက်လက် မေးမြန်းရာ ဦးဖိုးမင်းက “ ဖယ်ထုတ်လိုက်တာ မဟုတ်ပါဘူး။ ဦးအေးသာအောင် ကို အမျိုးသားလွှတ်တော်ကနေ ဖိတ်မှာ ဖြစ်တဲ့ အတွက် ပါတီ ကိုယ်စားလှယ် တစ်ဦး နစ်နာမှာဖြစ်တာကြောင့် စာရင်းထဲမှ မထည့်လိုက်တာပါ။ သူ့က အမျိုးသား လွှတ်တော်က ဖိတ်ပါလိမ့်မယ်” ဟု သူက ပြောဆိုသည်။

ဦးအေးသာအောင်ကို ဆက်သွယ်မေးမြန်းရာတွင် သူ့အား အမျိုးသားလွှတ်တော်ကနေ ဖိတ်ကြားခြင်း မရှိကြောင်း ပြောကြားသည်။

“ အမျိုးသား လွှတ်တော်ကနေ ခေါ်လည်း ခေါ်မှာ မဟုတ်ပါ။ ဘာလို့လဲ ဆိုတော့ အမျိုးသားလွှတ်တော်ကို ခေါ်မှ မခေါ်ရသေးတာ။ ဘယ်လိုလုပ်ပြီး အမျိုးသားလွှတ်တော်ကနေ ကျွန်တော်ကို ဖိတ်မှာပါလဲ” ဟု ပြောကြားသည်။

ဦးအေးသာအောင်က မိမိမှာ ပြည်တွင်း ငြိမ်းချမ်းရေး၊ အပစ်ရပ်စဲရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေး၊ ဖက်ဒရယ် ပြည်ထောင် စု ပေါ်ထွန်းရေးတို့ အတွက် အစဉ်တစိုက် ရပ်တည် ကြိုစားလာသူ တစ်ဦးဖြစ်ပြီး ယခု ညီလာခံသို့ တက်ရောက်ခွင့် မရသော်လည်း တိုင်းရင်းသား ခေါင်းဆောင်များနှင့် လက်တွဲပြီး ပြည်ထောင်စု အကျိုးအတွက် ဆက်လက် လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

၎င်းပြင် ယခု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းအများအပြား မတက်ရောက်သဖြင့် စစ်မှန်သော ငြိမ်းချမ်းရေး ညီလာခံ တစ်ခု အဖြစ် ပြောဆို၍ မရကြောင်း ပြောဆိုသည်။

#Narinjara

နိုင်ငံရေးအရ အဖြေရှာတာ အကောင်းဆုံးပါပဲ ( AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်ကို ဆက်သွယ်မေးမြန်းချက်)

ဧရာဝတီ| January 9, 2016

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အနီး ရမ်းချောင်းတောင်တန်း တ၀ိုက်တွင် အစိုးရတပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA) တို့အကြား ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်မှ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများ ရပ်တန့်သွားပြီ ဖြစ်သော်လည်း စစ်ရေးအခြေအနေ တင်းမာနေသည့် အနေအထား ရှိနေဆဲဖြစ်သည်။ တိုက်ပွဲကာလအတွင်း တပ်မတော်ဘက်မှ အရာတချို့ ကျဆုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်းတို့ ရှိသည်ဟု တပ်မတော်ပိုင် မြ၀တီသတင်းဌာနမှ ဇန်န၀ါရီလ ၇ ရက်က သတင်း ထုတ်ပြန်ထားပြီး AA ကိုလည်း အပြတ်ချေမှုန်းမည် ဖြစ်ကြောင်း ရေးသားထားသည်။

တပ်မတော်နှင့် AA တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကျောက်တော်မြို့နယ်အတွင်း စစ်ပြေးရှောင်နေရသူ ၂၅၀ ကျော် ရှိနေပြီဖြစ်သည်။ AA သည် အစိုးရမှ ငြိမ်းချမ်းရေး ဆွေးနွေးရန် ချန်လှပ်ခြင်းခံထားရသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ ဖြစ်သည်။ ဧရာဝတီသတင်းဌာန၏ အကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်က AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်ကို ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ လက်ရှိ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ စစ်ရေးအခြေအနေ ဘယ်လိုရှိပါသလဲ ။

ဖြေ ။ ။ လောလောဆယ် တိုက်ပွဲတို့၊ ပစ်တာခတ်တာတို့တော့ မရှိဘူး။ စစ်ဆင်ရေး လှုပ်ရှားမှုတွေကတော့ အရမ်း များနေတယ်။ တပ်အင်အားတွေ ထပ်ပြီး တိုးလာတယ်။ တပ်မ (၆၆) လည်း ၀င်လာတယ်။ အရင်တုန်းကတော့ စကခ ၂ ခုရယ်။ စစ်တွေ ဒကစ ရယ်။ အမ်း မပခတွေနဲ့ ဆိုင်ပြီး တိုက်ပွဲဖြစ်နေတာပါ။ ကျနော်တို့ စစ်ကြောင်းတွေက လှုပ်ရှား စစ်ကြောင်းဆိုတော့ နည်းနည်း တိုက်သင့်တာ တိုက်တယ်။ ခွာသင့်တာလည်း ခွာထားတယ်။ အခုတော့ ကျနော်တို့ အရပ်ဘက်ကနေ သတင်းကြားချက်တွေအရ ပဲခူးတိုင်းက တပ်တွေလည်း လာနေတယ်။ တပ်မ (၆၆) လည်း ထပ်ရောက်လာတယ်။ စစ်ဆင်ရေးတွေ အရမ်းများနေတော့ တိုက်ပွဲတွေက အချိန်မရွေး ဖြစ်လာဖို့ များပါတယ်။

မေး ။ ။ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဇန်န၀ါရီလ ၇ ရက်က မြ၀တီက သတင်းထုတ်ပြန်ထားတဲ့ အပေါ်မှာရော ဘယ်လို သဘောထား ရှိပါသလဲ။

ဖြေ ။ ။ အစိုးရရဲ့ ထုတ်ပြန်ချက် တခုအနေနဲ့ဆိုရင် ဒီထက်ပိုပြီး တာဝန်ခံမှု ရှိသင့်တယ်။ သတင်းတခုကို ပစ်စလတ်ခတ် ထုတ်ပြန်တာမျိုး မဖြစ်သင့်ဘူး။ အသေးစိတ်တွေကတော့ ပြောမယ်ဆိုရင် ပြောလို့ရတယ်။ အနှစ်ချုပ်အပိုင်းပေါ့။ အမြစ်ပြတ် ချေမှုန်းမယ် ဆိုတာတွေက နိုင်ငံရေးမုဒိတာကို ထင်ဟပ်စေတယ်လေ။ အမြစ်ပြတ် ချေမှုန်းတယ်ဆိုတာက နိုင်ငံရေးအရ အဖြေမရှာချင်ဘူးဆိုတဲ့ သဘောတွေ ဖြစ်နေတယ်။

အဲဒါတွေ အပေါ်မှာလည်း ကျနော်တို့ဘက်က အများကြီး စဉ်းစားစရာတွေ ရှိနေတယ်။ သူတို့က ကျနော်တို့ကို အမြစ်ဖြတ်ပြီး ချေမှုန်းမယ်ဆိုရင် ကျနော်တို့ အနေနဲ့လည်း စဉ်းစားစရာတွေ ပြင်ဆင်စရာတွေ အများကြီး ဖြစ်သွားတာပေါ့။

မေး ။ ။ သတင်းထုတ်ပြန်ချက်တွေမှာ AA ဘက်က လက်ဖြောင့်တပ်သား (စနိုက်ပါသမား) တွေ ပါတယ်လို့ ဆိုထားပါတယ်။ ရခိုင်ပြည်နယ်အတွင်း နယ်မြေအခြေစိုက်တပ်စခန်း ထားနိုင်ဖို့ နယ်စပ်က အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးဖို့ စီစဉ်နေတယ်ဆိုတာရော ဟုတ်ပါသလား။

ဖြေ ။ ။ အဲဒါကတော့ အခြေအမြစ် မရှိတဲ့ စွပ်စွဲမှုတွေပဲဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ပုံရိပ်ကို သေးသိမ်အောင် အခြေအမြစ် မရှိဘဲ လျှောက်ပြောတာဖြစ်တယ်။ အစိုးရတခုအနေနဲ့ ထုတ်ပြန်ချက်တခုမှာ ဘာမှ အခြေအမြစ် မရှိတဲ့ဟာတွေကို လျှောက်ပြောတယ်။ စိတ်ခံစားချက်တွေပေါ့။ တိုက်ပွဲအနေနဲ့ လက်နက်တို့၊ အင်အားတို့ကတော့ ဗျူဟာအပိုင်းတွေ ဆိုတော့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးဆိုတော့ ထုတ်မပြောလိုပါဘူး။ ရခိုင်တိုက်ပွဲမှာ တခြား မဟာမိတ်တပ်တွေ ကူညီတာမျိုး မရှိသေးပါဘူး။ ရခိုင်ပြည်မှာ ကျနော်တို့ ရခိုင်တပ်ပါပဲ ။

မေး ။ ။ တိုက်ပွဲမှာ AAဘက်က အထိအခိုက်ရော ဘာတွေ ရှိပါသလဲ ။

ဖြေ ။ ။ အထိအခိုက် အနေနဲ့ကတော့ ကျနော်တို့မှာ ဒဏ်ရာ အသေးစားရတာ ၃ ဦးပါ။ အသက်ပေးသွားတာ ၂ ဦး ရှိတယ်။ ဒီထက် မပိုပါဘူး။ အဲဒီထဲမှာမှ ၁ ဦး ကိုတော့ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ဖို့ အချိန်မရဘူး။ ရုပ်အလောင်း တခု သူတို့ (အစိုးရ) ရသွားတယ်။ သူတို့ ပြောဆိုချက်တွေမှာ ၃ ဦး ရတယ်ဆိုတာ မဟုတ်ပါဘူး။ လျှောက်ပြောတာပါ။

မေး ။ ။ လောလောဆယ်မှာ ရခိုင်ပြည်နယ်မှာ AA က လှုပ်ရှားစစ်ကြောင်းတွေပဲ ဆိုတော့ နောက်ပိုင်း အခြေစိုက် စခန်းတွေ တည်ဆောက်ဖို့အတွက် စီစဉ်နေတာ ရှိလား။

ဖြေ ။ ။လောလောဆယ် အခြေအနေအရတော့ အဲဒီ အခြေစိုက် ဆိုတာတွေက မလွယ်ဘူး ထင်တယ်။ စစ်ရေး အနေအထား အရပေါ့။ ကျနော်တို့က အခုကတော့ ၀င်လှုပ်ရှားတဲ့ အပိုင်းပါပဲ။ ကျနော်တို့ လှုပ်ရှားတာကလည်း စစ်ဖြစ်နိုင်တဲ့ အနေအထား လှုပ်ရှားတာ မဟုတ်ပါဘူး။ အရင်ကတည်းက ကျနော်တို့ ရှိပါတယ်။ သူတို့ မသိတာတော့ သူတို့ အပိုင်းပါ ။ ကျနော်တို့က လူအများပြောသလို အစိုးရက နေခွင့်ပေးရင် ဆိုတာထက် ရခိုင်ပြည်မှာ ရခိုင်တပ်က နေခွင့် ရှိကိုရှိတယ် ဆိုတာာကို ကျနော်တို့ ၁၀၀ ရာခိုင်နှုန်း ယုံမှားသံသယ မရှိပါဘူး။ ဒါက ကျနော်တို့ ကိုယ့်အခွင့်အရေးကို ကိုယ်ယူတာပါပဲ ။

မေး ။ ။ ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ လုပ်မယ့် နိုင်ငံရေး ဆွေးနွေးပွဲအပေါ် ဘယ်လို သဘောထား ရှိပါ သလဲ ။

ဖြေ ။ ။ ကျနော်တို့ အဲဒါကို အယုံအကြည် မရှိပါဘူး။ ဘယ်လို စကားလုံးတွေနဲ့ပဲ သုံးထား သုံးထားပေါ့။ ကျနော်တို့ တိုင်းပြည်မှာ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းကြတဲ့ အချိန်တွေမှာ ဟန်ဆောင်လုပ်ရပ်တွေကို ရပ်တန်းက ရပ်ပြီးမှ တကယ် တိုင်းပြည်နဲ့လူမျိုးအတွက် ထိရောက်တဲ့ အလုပ်တွေကို လုပ်သင့်တယ်လို့ မြင်တယ်။ တိုင်းရင်းသားတွေ အားလုံး မပါဝင်တာတွေက ကျန်တဲ့ အဖွဲ့တွေက ဘယ်လို လက်ခံမလဲ ။ နောက်တချက် ထောက်ပြချင်တာက လက်မှတ်မထိုးဘဲနဲ့ တခြားအဖွဲ့တွေကို ဖိတ်ကြားတယ် ဆိုသော်ငြားလည်း ဆွေးနွေးပိုင်ခွင့် မရှိတဲ့ဟာကို မျက်နှာပြပြီး ပြစားခံဖို့တော့ ဘယ်သူမှ အဲဒီလောက် မအတော့ပါဘူး။ ၁၉၄၆-၄၇ လို မအကြတော့ပါဘူး။

မေး ။ ။ အစိုးရသစ်တက်လာမယ့် အချိန်မှာရော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လို ဖြစ်လာမယ် မျှော်လင့်ထားသလဲ။ တပ်မတော်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အဓိကနေရာမှာ ဆက်ပါမယ်ပေါ့။ ဒါပေမယ့် AA အပါအ၀င် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေနဲ့ တပ်မတော်က သဘောထား တင်းမာနေတော့ ဒါက အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ စိန်ခေါ်မှု ဖြစ်လာနိုင်မလား။

ဖြေ ။ ။ ဒါက ကြီးမားတဲ့ စိန်ခေါ်မှု တရပ်အဖြစ် ရှိနေတယ်။ နောက်လာမယ့် အစိုးရအနေနဲ့လည်း တချို့သော ကိစ္စရပ်တွေကို ရေလိုက်ငါးလိုက် အဆင်ပြေအောင် ဆိုပြီး လုပ်နေတာထက် သတ္တိရှိရှိ ပြတ်ပြတ်သားသား ဆုံးဖြတ်ရဲဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလိုမှ မလုပ်ရင် တပ်မတော်က မကြိုက်လို့ ဒါမလုပ်ဘူးဆိုရင် ရှောင်နေမယ်ဆိုရင် သူတို့ မဲဆွယ်ကာလတွေမှာ လူထုကို ပြောခဲ့တဲ့ “ပြောင်းလဲဖို့ အချိန်တန်ပြီ” ဆိုတာ ဘာမှ မပြောင်းလဲဘဲနဲ့ နိုင်ငံရေးအရ လည်း တ၀ဲလည်လည် ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ကြီးမားသော စိန်ခေါ်မှုတွေကို ကျော်ဖြတ်ဖို့ရာအတွက် သူတို့မှာ သတ္တိတွေ တာဝန်ခံမှုတွေ ရင်ဆိုင်ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီး လိုပါလိမ့်မယ်။

နောက်တခုက တပ်မတော်အနေနဲ့ ရက္ခိုင့်တပ်မတော်ကို ရခိုင်ပြည်မှာ အခြေစိုက်ပြီးတော့ လှုပ်ရှားလာမှာ စိုးရိမ်တာက ရခိုင့်သယံဇာတအရေး၊ အကျိုးစီးပွားတွေနဲ့လည်း တိုက်ရိုက်အချိုးကျပါလိမ့်မယ်။ အခုချိန်မှာ ရင်းနှီးမြုပ်နှံမှုတွေကို သူတို့က စိတ်ကြိုက်စီမံတယ်။ ဒီအပေါ်မှာ ထောက်ပြပြီး သေသေချာချာ ပြောဆိုမယ့် အင်အားစုတွေ သိပ်မရှိဘူး။ ဒါကြောင့် သူတို့က နိုင်ငံရေးအရ အဖြေရှာလို့ ရပါလျက်နဲ့ စစ်ရေးအရ အင်အားတွေ သုံးတယ်။ ဒီအချက်က အဓိကကျတဲ့ အကြောင်းအရာတွေမှာ တချက်အနေနဲ့ ပါပါလိမ့်မယ်။

မေး ။ ။ ဖြည့်စွက်ပြောစရာများ ရှိရင် ပြောပေးပါဦး။

ဖြေ ။ ။ ကျနော် ထပ်ပြောချင်တာကတော့ နိုင်ငံရေးအရ အဖြေရှာတာ အကောင်းဆုံးပါပဲ။ ကျနော်တို့ အဆင်သင့် ရှိနေပါတယ်။ ဒီနည်းလမ်းက အကောင်းဆုံးပါပဲလို့ ကျနော်ပြောလိုပါတယ်။ အကယ်လို့များ အမြစ်ပြတ် ချေမှုန်းရေး ဆိုတာကိုပဲ ရှေ့တန်း တင်ထားမယ်ဆိုရင်တော့ ကျနော်တို့ အနေနဲ့လည်း တခြားသော အစီအစဉ်တွေကို ရှာဖွေ ကြိုးစား ရပါလိမ့်မယ်။

Photo: AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

Credit ဧရာဝတီသတင်းဌာန

သူရိယနေ၀န်းမှ ရခိုင်နှင့်ပတ်သက်သော ဆောင်းပါးတစ်ပုဒ်

နိရဉ္စရာ၊ ဇန်န၀ါရီ ၉



မြန်မာနိုင်ငံမှ လူဖတ်အများဆုံး အပတ်စဉ် ဂျာနယ် တစ်ခု ဖြစ်သော သူရိယနေ၀န်းတွင် သူရဲဗလမင်းထင်၏ “ ရခိုင်ရိုးမကို ရွှေချလို့ ရတယ်” ခေါင်းစီးဖြင့် ဆောင်းပါး တစ်ပုဒ်ကို မျက်နာဖုံး ဆောင်းပါး အဖြစ် ယခု အပတ်ထုတ် ဂျာနယ်တွင် ဖော်ပြသည်။

၎င်းပြင် ယင်းဆောင်းပါးတွင် ခေါင်းစဉ်ငယ် တစ်ခု ကိုလည်း မေးခွန်း အဖြစ် ဖော်ပြထားပြီး ယင်းခေါင်းစဉ်ငယ်မှာ “ ဂင်္ဂါကို စီးမလား ဧရာဝတီကို စီးမလား …. ဂစ္ဆပနဒီရေ” ဟု ဖြစ်သည်။

ဆောင်းပါးကို ပုံနှိပ် ဖော်ပြရာတွင် ရက္ခိုင့်တပ်မတော် အကြောင်း၊ လက်ရှိ ရခိုင်တွင် ဖြစ်ပွားနေသော စစ်ပွဲများအကြောင်း စသည်တို့ကို တစ်စွန်းတစ်စ လှစ်ဟ ဖော်ပြပြီး ရက္ခိုင့်တပ်မတော်မှ တပ်ဖွဲ့ဝင်များ ကချင် KIO နယ်မြေတွင် စစ်ရေးလေ့ကျင့်နေသော ဓာတ်ပုံ သုံးပုံကို မြောက်ဦးမြို့ရှိ အံတော်သိမ်ပုံနှင့် အတူ စိတ်ဝင်စားဖွယ် ပူးတွဲ ဖော်ပြထားသည်။

သူရဲဗလမင်းထင် ရေးသားသော ဆောင်ပါးမှာ တိုလှသော်လည်း ထိမိသော ဆောင်းပါး ကောင်းတစ်ပုဒ်ဖြစ်ပြီး ရခိုင်ပြည်၏ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသော ပြသနာများကို အကျဉ်းချုပ် မီးမောင်းထိုးပြထားသဖြင့် ပြည်ထောင်စုကို လိုလားသော ရခိုင်စာဖတ်ပရိသတ်ကို အကြိုက် တွေ့စေမည် ဖြစ်သည်။

ပင်လယ်ထဲတွင် သဘာဝက ပေးသော လက်ဆောင်များ တစ်ပွေ့ တစ်ပိုက်ကြီးရှိပါလျက် မြန်မာတို့ ငတ်မွတ်နေကြရ၏။ ရခိုင်ပြည်နယ်တွင် လူငယ်လူသန်မှန် သမျှ မရှိသလောက် ဖြစ်နေသည်။ ရခိုင်လူငယ်တို့ မလေးရှား၊ စင်္ကာပူ အစရှိသော နိုင်ငံများတွင် ဖြစ်သလို လုပ်ကိုင် ရုန်းကန် နေရ၏။ ကျွန်သာသာ အလုပ်သမားများ ဘ၀ရောက်နေသည်ဟု ရေးသားထားချက်သည် ရခိုင်၏ လက်ရှိ အခြေအနေကို မီးမောင်းထိုးပြထား၏။

ရခိုင်လူမျိုးတို့သည် ဗမာတို့နှင့် ခေတ်ပြိုင် ကိုယ့်ထီးကိုယ်နန်း ကိုယ့်ကြငှာန်းဖြင့် လွတ်လပ်သော လူမျိုး တစ်မျိုး အဖြစ် ရပ်တည်နေထိုင်လာခဲ့သည်ကို အသိအမှတ်ပြုထားပြီး မြန်မာ (ဗမာ) နှင့် ရခိုင်လူမျိုးတို့သည် ညီရင်း အစ်ကိုများ ဖြစ်ကြကြောင်း ဆောင်းပါး တွင် ရေးသား ဖော်ပြသည်။

စာရေးသူက ရေးသားရာတွင် မြန်မာနှင့် ရခိုင်သည် ကျန်တိုင်းရင်းသားများထက် စာလျှင် ပို၍ တစ်သွေးတည်း ဖြစ်သည်။ ပို၍ ညီရင်းအစ်ကို ဖြစ်သည်။ ရခိုင်နှင့် မြန်မာသည် ရုပ်ရည်လည်းခွဲမရ၊ ယဉ်ကျေးမှုနှင့် ကိုးကွယ်သည့် ဘာသာတရား မှာလည်း အတူတူ၊ ဘာသာစကားနှင့် စာပေမှာလည်း ဆင်တူရိုးမှား၊ သံတူကြောင်းကွဲ ဖြစ်သည်။ ရခိုင်နှင့် မြန်မာ ပါဝင်သော တိဗက် မြန်မာ အုပ်စုသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက တိဗက်ကုန်းပြင်မြင့်မှ အတူတူ ဆင်းသက်လာခဲ့ကြသည်ဟု ဖော်ပြသည်။

ယခုဆောင်းပါးတွင် အဓိက အရေးကြီးသော အချက်မှာ ရခိုင်နှင့် မြန်မာသည် ရန်သူ မဟုတ်ဘဲ ညီအစ်ကိုများ ဖြစ်ကြသည်။ တစ်ခုတည်းသော ရန်သူမှာ မြောက်ဘက်မှ စောင့်နေသော နယ်ချဲ့များ ဖြစ်ကြောင်း ယခုလို မဟာဗျူဟာမြောက် ဖော်ပြသည်။

“ ယနေ့ ဘင်္ဂလာဒေ့ရှ်သည် လူဦးရေသန်း ၂၀၀ မျှရှိသော လူဦးရေ ပေါက်ကွဲနေသော နိုင်ငံကြီး ဖြစ်သည်။ ပေါက်ကွဲတော့မည့် ယမ်းဘီလူးအိုးကြီးနှင့် တူသော နိုင်ငံ ဖြစ်သည်။ ဘင်္ဂလာဒေ့ရှ်၏ အကျယ်အ၀န်းမှာ မြန်မာပြည်၏ အသေးဆုံး ဖြစ်သည့် ကယားပြည်နယ် သာသာမျှသာ ဖြစ်သည်။ နိုင်ငံ အရွယ်နှင့် လူဦးရေ မမျှမတ ဖြစ်နေသည်။ သူ၏ မြောက်ဘက်နှင့် အနောက်ဘက်တွင် သူ့ထက် အလွန် အင်အားကြီးသော အိန္ဒိယပြည်ကြီးရှိနေသည်။ တစ်ချိန်လုံး မုန်းတိုင်းများနှင့် ရေကြီး မှုများကြောင့် သဘာဝ ဘေးဒုက္ခ အမြဲကြုံတွေ့နေ ရသော နိုင်ငံလည်း ဖြစ်သည်။ ထို့ကြောင့် ဘင်္ဂလာဒေ့ရှ်တို့အတွက် ရခိုင်ပြည်နယ်နှင့် ရခိုင်ပင်လယ်သည် သူတို့၏ အနာဂတ်၊ မျှော်လင့်ချက်၊ သူတို့၏ ထွက်ပေါက်၊ သူတို့၏ သေရေးရှင်ရေး ဖြစ်နေသည်။ မြောက်ဘက်မှ အစုလိုက် အပြုံလိုက် ကျူးကျော် ခိုးဝင်နေမှုကို ရခိုင်နှင့် မြန်မာ လက်တွဲ ကာကွယ်ရမည် ဖြစ်သည်” ဟု ဖော်ပြသည်။

၎င်းပြင် တရုတ်နှင့် ပတ်သက်ပြီး ရေးသားဖော်ပြရာတွင်လည်း ကြယ်တစ်လုံးကို ကြယ်လေးလုံး ၀ိုင်းရံထားသော တရုတ် အလံနီကြီးများ ရမ်းဗြဲကျွန်းပေါ်ရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း တစ်ခွင်လုံး လေထဲတွင် ၀င့်ဝင့်ထည်ထည် လွှင့်ထူနေကြပုံ၊ ရခိုင်ပြည်နယ်၏ ကျောက်ဖြူ ရမ်းဗြဲကျွန်းသည် အသက်ရှူရန် အောက်စီဂျင်ပမာ အရေးကြီးလှပုံတို့ကို ဖော်ပြပြီး ရခိုင်ပြည်နယ်သည် တရုတ်နှင့် ဘင်္ဂလာဒေ့ရှ်တို့အတွက် သွားရည် တမြားမြားကျနေသော နယ်မြေ၊ အငမ်းမရ ဖြစ်နေသော ဒေသဟု ဖော်ပြသည်။

ထိုတရုတ်၊ ထိုဘင်္ဂလာများနှင့် ရင်ဆိုင်ရမည့်အစား မြန်မာ့တပ်မတော်သည် AA နှင့် စစ်တိုက်နေရသည့် အဖြစ်မှာ ရင်နာစရာ၊ ၀မ်းနည်းစရာ အကောင်းဆုံး ဖြစ်ရပ် ဖြစ်သည်ဟု စာရေးသူ သူရဲဗလမင်းထင်က ဆိုသည်။

ယနေ့ ရခိုင်ပြည်နယ် အခြေအနေသည် ရခိုင်မှား သလား၊ မြန်မာမှားသလား ဝေဖန်ဆန်းစစ်ကြည့်၍ မရ၊ သမိုင်းနှင့် ချီ၍ ပြသနာများ ပြန်လည် ဆန်းစစ်နေလျှင် လက်တွေ့ အဖြေနှင့် ဝေးတော့မည်။ သေချာသည်က ရခိုင်နှင့် မြန်မာ လက်တွဲ၍ ပြည်ထောင်စု အလံ တစ်ခုတည်းအောက်တွင် ညီညွတ်စွာ နေထိုင်သည်က လွဲ၍ တစ်ခြားနည်းလမ်း မရှိကြောင်းဟု ရေးသား ဖော်ပြထားသည်။

အနာဂတ် ဒီမိုကရေစီ စနစ်ကို အောင်မြင်စွာ ကျင့်သုံးနိုင်မည့် အချိန်တွင် ပြည်ထောင်စုကြီး အတွင်း ရခိုင်ပြည်နယ်ကို ရခိုင် လူမျိုးခေါင်းဆောင်များက အုပ်ချုပ် စီမံခွင့်ရရှိမည်မှာ မုချ ဖြစ်ကြောင်း၊ မကြာတော့မည့် ကျွန်ုပ်တို့ ၏ အနာဂတ် တွင် ဘင်္ဂလာပင်လယ်အော်မှ သဘာဝ ဓာတ်ငွေ့များဖြင့် ဂစ္ဆပနဒီကို ရွှေခင်းနိုင်တော့မည် ဖြစ်ကြောင်း၊ ရခိုင်ရိုးမကို ရွှေချ၍ ရတော့မည် ဖြစ်ကြောင်း ဖော်ပြပြီး "ဂစ္ဆပနဒီ အတွက် ဧရာဝတီသည်သာ ညီရင်း အစ်ကိုသာ ဖြစ်တော့သည်။ ဂင်္ဂါသည် ကစ္ဆပနဒီအတွက် သူစိမ်းပြင်ပြင်သာ ဖြစ်သည်။" ဟု ရေးသား ဖော်ပြထားသည်။

ယခု ဆောင်းပါးမှာ ပြည်ထောင်စု ကို ချစ်မြတ်နိုးသူ၊ ရခိုင်နှင့် ဗမာ လူမျိုးအကြား ချစ်ကြည်မှုကို ခိုင်မြဲစေလိုသူ၊ တိုင်းရင်းသား အချင်းချင်း ဖိနှိပ်မှု ကင်းစေလိုသူ၊ ငြိမ်းချမ်းရေးကို လိုလားသူ ရခိုင်လူမျိုးများအတွက် အကြိုက်တွေ့စေမည့် ဆောင်းပါး တစ်ပုဒ်ဖြစ်သည်။

#Narinjara

ကျောက်ဖြူမြို့နယ် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း ဓာတ်ငွေ့သန့်စင် စက်ရုံမှ စွန့်ပစ်ဓာတုပစ္စည်း အနံ့ဆိုးများကြောင့် ၀န်းကျင်ကျေးရွာများရှိ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများတွင် ရောဂါဖြစ်ပွားမှု များလာ

Published on Sat, 01/09/2016 - 18:43

ကျောက်ဖြူမြို့အနီး OGT စီမံကိန်း

ကျောက်ဖြူမြို့နယ် မလကျွန်းကျေးရွာ အနီးရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း (Onshore Gas Terminal) ဓာတ်ငွေ့သန့်စင် စက်ရုံမှစွန့်ပစ်သည့် ဓာတုပစ္စည်းများ၏ အနံ့အသက်ဆိုးကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံများမှာ ဖျားနာခြင်း၊ မူးဝေအော့အန်ခြင်း စသည့်ရောဂါ ဝေဒနာများကို ခံစားနေရကြောင်း ဒေသခံများက ပြောကြားသည်။

"ဒီဓာတ်ငွေ့သန့်စင်စက်ရုံကစွန့်ပစ်တဲ့ ဓာတုပစ္စည်းအနံ့ကြောင့် ကလေးသူငယ်တွေ နဲ့ လူကြီးပိုင်းတွေမှာ ခေါင်းမူး၊ အော့အန်တာ တွေ ဖြစ်တယ်။ မကြာခဏ ဖျားနာတာတွေဖြစ် တတ်တယ်။ အနံ့အသက်တွေက မိုးရာသီ ထက် အခုပွင့်လင်းရာသီမှာဆို အနံ့ကပိုပြီး ပြင်းလာတယ်။ ဒီအနံ့တွေကြောင့် ကျွန်တော် တို့ကျေးရွာမှာ အရင်ကမဖြစ်ဖူးခဲ့တဲ့ ဝေဒနာ ခံစားရသူတွေ များလာတယ်။ တစ်ပတ်အ တွင်း ၁၅ ဦးထက်မနည်း ဖြစ်ပေါ်မှုရှိလာတယ်။ အသက်သေဆုံးမှုအထိတော့ မရှိသေးဘူး"ဟု မလကျွန်းကျေးရွာမှ ဦးမောင်ခင်ပုက ပြောကြားသည်။

အနံ့အသက်ဆိုးများကို ရှူရှိုက်ခံစားနေရပြီး ခေါင်းမူး၊ အော့အန်ခြင်းနှင့် ဖျားနာခြင်း ဝေဒနာ အများဆုံး ဖြစ်ပေါ်လျက်ရှိသည့် မလကျွန်း၊ လိပ်ခမော်၊ ဂေါ်တူ၊ အုန်းတော၊ ပြိုင်းစစ်ကေ၊ ဂုံးချိန် စသည့်ကျေးရွာများမှ ကလေး သူငယ်များနှင့် သက်ကြီးရွယ်အိုများမှာ ဆိုးရွားသော အနံ့အသက်များကို ခံစားနေရခြင်း ဖြစ်ကြောင်း မလကျွန်းကျေးရွာမှ ဦးသိန်းအောင်က ပြောကြားသည်။

ဓာတ်ငွေ့သန့်စင် စက်ရုံအနီး ကျေးရွာများတွင် လက်ရှိဖြစ်ပေါ်နေသော ဝေဒနာရှင်များနှင့် ပတ်သက်ပြီး ကိုရီးယားကုမ္ပဏီမှ ဖွင့်လှစ်ထားသည့် 'ရွှေ' အခမဲ့ဆေးခန်းမှ သူနာပြု ဆရာမတစ်ဦးအား မေးမြန်းရာ "ရာသီဥတု၊ အစားအသောက်၊ အနေအထိုင်နဲ့ ပတ်သက်ပြီး လူတွေက နေမကောင်းဖြစ်တတ်ပါတယ်။ အခုလို အေးတဲ့ရာသီမှာ ကလေးတွေ၊ လူကြီးတွေက ခေါင်းမူးဖျားနာတာတော့ ဖြစ်တတ်ပါတယ်။ ဓာတ်ငွေ့သန့်စင် စက်ရုံက စွန့်ပစ်တဲ့ အနံ့ကြောင့်ရယ်လို့ မဟုတ်ပါဘူး" ဟု ဖြေကြားသည်။

အဆိုပါ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် တရုတ် CNPC ကုမ္ပဏီမှ တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ပို့လွှတ်မှု အပိုင်းတွင် ဆောင်ရွက်လျက်ရှိပြီး ကိုးရီးယားဒေ၀ူး ကုမ္ပဏီမှ ဓာတ်ငွေ့ထုတ်ယူ သန့်စင်မှုအပိုင်းတွင် တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ရာ စွန့်ပစ်ပစ္စည်းများအား မြေပေါ်တူးမြောင်းဖြင့် စွန့်ပစ်ခြင်းစနစ် အပြင် မြေအောက်ပိုက်လိုင်းများဖြင့်လည်း ပင်လယ်ပြင်သို့ စွန့်ပစ်သည့် စနစ်များကိုပါ အသုံးပြုနေကြောင်း သိရသည်။

"သူတို့စွန့်ပစ်ချိန်နဲ့ တိုက်ဆိုင်ရင် ဒီမြောင်းနားမှာ မနေနိုင်ကြဘူး။ အနံ့ကတအား ပြင်းတယ်။ ဒီအနံ့ကြောင့် ကျွဲ၊ နွားတိရစ္ဆာန် တွေလည်း နာမကျန်းဖြစ်တယ်" ဟု မလကျွန်း ကျေးရွာမှ ဒေါ်သိန်းဖြူက ပြောကြားသည်။
"ဒီအနံ့ကိစ္စကြောင် ကျန်းမာရေးချို့တဲ့လာတဲ့ ကိစ္စကို ဒေသခံ ရွာသူရွာသားတွေက တိုင်တန်းတာတွေ ရှိပါတယ်။ ၂၀၁၄ ခုနှစ်က ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်တို့ကို တင်ပြ တိုင်တန်းထားခဲ့တယ်။ ခုချိန်ထိတော့ အနံ့က ဆိုးရွားနေတုန်းပဲ" ဟု မလကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ရီက ပြောကြားသည်။

စွန့်ပစ်မှု နည်းစနစ်ပိုင်းဆိုင်ရာ အားနည်းချက်ကြောင့်ဟု ဒေသခံများက သုံးသပ် ပြောဆိုနေကြပြီး ဒေ၀ူးကုမ္ပဏီမှ ဓာတ်ငွေ့များ သန့်စင်ပြီး စွန့်ပစ်သည့် ဓာတုပစ္စည်းများနှင့် ကုမ္ပဏီလုပ်သားများ၏ မစင်များကိုပါ သန့်စင် စက်ရုံခြံဝင်း အတွင်းရှိ ရေကန်ထဲသို့ ထုတ်လွှတ်ကာ ယင်းကန်မှတစ်ဆင့် အရည်ကြည်များကို မြေပေါ်တူးမြောင်းမှ ပင်လယ်ပြင်သို့ ထုတ်လွှတ်ရာ ရေမြောင်း အချို့နေရာများ၌ တင်ကျန်မှုများ ရှိနေခြင်းကြောင့် ရာသီဥတု ပူပြင်းလာချိန်တွင် ပိုမိုနံစော်လျက်ရှိကြောင်း ဒေသခံများက ပြောကြားသည်။

Writer:
အောင်ရမ္မာ


Eleven media group

Wednesday, January 6, 2016

ရခိုင်ပြည်နယ်ဘက်က လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ

2016-01-06 at 6:30 AM

rakhine_gas
Photo: Khin Maung Myint      မဒေးကျွန်းပေါ်မှ ပိုက်လိုင်းပြုပြင်ထိန်းသိမ်းရေး စခန်း

 ယခုဆောင်းပါးသည် ဇန်နဝါရီလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၁) မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။

 ခင်မောင်မြင့် နှင့် မောင်သင်တုန်း ရေးသည်။

မြန်မာ-တရုတ် ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း စတင် တဲ့ ရခိုင်ပြည်နယ်ဘက်မှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ အသက်မွေးဝမ်း ကျောင်းပုံစံ ပြောင်းလဲသွားတာတွေကို သိရဖို့ စီမံကိန်းအစဖြစ်တဲ့ ကျောက်ဖြူမြို့နယ်နဲ့ အမ်း မြို့နယ်က ပိုက် လိုင်းဖြတ်သွားတဲ့ကျေးရွာတွေကို နိုဝင်ဘာတတိယပတ်အတွင်းမှာ ကျွန်တော်တို့ သွားရောက်လေ့လာခဲ့ကြပါတယ်။

နှစ်ပတ်တာ သွားရောက်လေ့လာခဲ့တဲ့ ခရီးစဉ်အတွင်းမှာ ကျောက်ဖြူမြို့နဲ့ အမ်းမြို့ပေါ်က ရပ်ကွက်တွေ အပါအဝင် ကျေးရွာ၂ဝ ဝန်းကျင်မှ ဒေသခံ ၁၅ဝ လောက်နဲ့ တွေ့ဆုံဖြစ်ခဲ့ ပါတယ်။

ပိုက်လိုင်းစီမံကိန်းကြောင့် ထိခိုက်ဆုံးရှုံးသွားတဲ့အရာတွေ အတွက် လွန်ခဲ့တဲ့သုံးနှစ်လောက်က လျော်ကြေးတွေ ပေးခဲ့ပြီးပြီ ဆိုပေမယ့် ပိုက်လိုင်းစီမံကိန်းကြောင့် ဖြစ်ပေါ်လာတဲ့ နောက် ဆက်တွဲပြဿ      နာတွေကိုတော့ ဒေသခံတွေ အခုအထိ ခါးစည်းခံ နေကြရတုန်းပါပဲ။

ပိုက်လိုင်းလမ်းကြောင်းတစ်လျှောက် မြေဖို့ထားတဲ့နေရာ က မြေတွေ၊ ကျောက်စရစ်ခဲ ရောနှောနေတဲ့မြေတွေ၊ တောင်က ပြိုကျတဲ့မြေတွေဟာ မိုးရာသီမှာ မိုးရေတွေနဲ့အတူ ပိုက်လိုင်း လမ်းကြောင်းဘေးမှာရှိတဲ့ လယ်ယာမြေတွေထဲကို စီးဝင်လာတာ ကြောင့် လယ်ယာမြေတချို့ ပျက်စီးကုန်ကြတယ်လို့ ဒေသခံတွေ က ဆိုပါတယ်။

ဒါ့အပြင် ပိုက်လိုင်းဖြတ်သွားတဲ့ တောင်ပေါ်က ဥယျာဉ်ခြံ မြေတချို့ဆိုရင်လည်း မိုးရာသီမှာ တောင်ကမ်းပါးယံတွေ တအိ အိ ပြိုကျတာကြောင့် နှစ်ရှည်ပင်တွေ၊ ဥယျာဉ်မြေတွေ ပျက်စီးကြ သလို ပိုက်လိုင်းဖြတ်သွားတဲ့ ငါး၊ ပုစွန်မွေးမြူရေးကန်တွေရဲ့ တာ တမံတွေဟာလည်း သေချာ ပြန်လည်မပြုပြင်ပေးခဲ့တာကြောင့် တဖြည်းဖြည်းပျက်စီးလာတာ တွေ့ရပါတယ်။

ပြီးတော့ ကျေးရွာတွေထဲကနေ ပိုက်လိုင်းဖြတ်သွားတဲ့ အတွက် တစ်ရွာလုံး မနေရဲတော့တဲ့ အခြေအနေတွေ၊ သင်္ချိုင်းမြေ ပေါ်ကနေ ပိုက်လိုင်းဖြတ်သွားတဲ့အတွက် လူသေရင် သင်္ဂြိုဟ်ဖို့ မြေနေရာ အခက်အခဲဖြစ်နေတာတွေလည်း ရှိပါတယ်။ နောက် တစ်ခုကတော့ လျော်ကြေးပေးတဲ့အခါ ပွင့်လင်းမြင်သာမှုမရှိခဲ့တဲ့ အပြင် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေရဲ့ အကျင့်ပျက်ခြစားမှု တွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ကျောက်ဖြူမြို့

ကျွန်တော်တို့ဟာ ကျောက်ဖြူကို နိုဝင်ဘာ ၁၅ ရက်မှာ ရောက်ပါတယ်။ ကျောက်ဖြူမြို့နယ်က သဘာဝဓာတ်ငွေ့နဲ့ ရေနံတွေ မြောက်မြားစွာထွက်ရှိနေပေမယ့် မြို့နယ်မှာရှိတဲ့ ဒေသခံတွေ အတွက်တော့ အကျိုးခံစားခွင့် မည်မည်ရရ မရရှိကြပါဘူး။ ကျွန်တော်တို့ နှစ်ယောက် ဆိုင်ကယ်တစ်စီးငှားပြီး ကျောက်ဖြူမြို့ ကို ဟိုဟိုဒီဒီ ပတ်ကြည့်လိုက်ပါတယ်။

ကျောက်ဖြူမြို့မှာ လမ်းကောင်းကောင်း မတွေ့ရပါဘူး။ ကျောက်ခင်းလမ်းတွေနဲ့ ချိုင့်ခွက်တွေ၊ ပေါက်ပြဲနေတဲ့ ကွန်ကရစ် လမ်းအဟောင်းတွေပဲရှိပါတယ်။ လမ်းအကောင်းဆိုလို့ ကျောက် ဖြူမြို့ကနေ မလကျွန်းပေါ်မှာရှိနေတဲ့ တရုတ်ကုမ္ပဏီရဲ့ သဘာဝဓာတ်ငွေ့သန့်စင်စက်ရုံကိုသွားတဲ့ လမ်းတစ်ခုတည်းသာ ညီညာ ဖြောင့်ဖြူးတာ တွေ့ရပါတယ်။

ကျောက်ဖြူပိုက်လိုင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပထမ ဆုံး တွေ့ဆုံမေးမြန်းဖြစ်တဲ့သူကတော့ ကျောက်ဖြူမြို့နယ် လူမှု ကွန်ရက်အသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်နဲ့ ကျောက်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းအတွင်းရေးမှူး ဦးထွန်းကြည်တို့ ဖြစ်ပါတယ်။

မြန်မာ-တရုတ်ပိုက်လိုင်းစီမံကိန်းနဲ့ပတ်သက်ပြီး ၂ဝ၁၃ မတိုင်ခင်အထိ ပိုက်လိုင်းစောင့်ကြည့်တဲ့သူတွေက ထုတ်ပြန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုထုတ်ပြန်ချက်တွေ၊ နစ်နာနေတဲ့ ဒေသ ခံတောင်သူတွေရဲ့ ဆန္ဒပြသတင်းတွေ၊ အလုပ်သမားပြဿ      နာ  စတဲ့ သတင်းတွေဟာ ပြည်တွင်း၊ ပြည်ပမီဒီယာစာမျက်နှာတွေပေါ် မှာ မကြာခဏဆိုသလို တွေ့ခဲ့ရတာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ တော့ ပိုက်လိုင်းစီမံကိန်းသတင်းတွေဟာ ပြည်တွင်း၊ ပြည်ပ မီဒီ ယာတွေမှာ သိပ်မတွေ့ရတော့ပါဘူး။

ဒီလိုသတင်းတွေမကြားရတော့ပေမယ့် အားလုံးအဆင် ပြေသွားတာမဟုတ်ဘူးလို့ ကျောက်ဖြူမြို့နယ်လူမှုကွန်ရက် အသင်းဥက္ကဋ္ဌ ဦးထွန်းလွင်က ဆိုပါတယ်။

ပိုက်လိုင်းဖြတ်သွားတဲ့ ကျွန်းတစ်ကျွန်းဖြစ်တဲ့ မြို့ချောင်း ကျွန်းပေါ်က တောင်သူတွေဟာ နောက်တစ်ရက်(နိုဝင်ဘာ ၁၆ ရက်နေ့)မှာ နစ်နာကြေးတောင်းဖို့ ကျောက်ဖြူမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးကို စာလာတင်ဖို့ရှိတာကြောင့် သူတို့နဲ့ အတူ အဲဒီကျွန်းကို လိုက်သွားဖို့ ကျောက်ဖြူမြို့နယ် ကျေးလက်ဒေ သဖွံ့ဖြိုးရေးအသင်းမှ အထွေ ထွေအတွင်းရေးမှူး ဦးထွန်းကြည်က ကျွန်တော်တို့ကို အကြံပြုလမ်းညွှန်ပါတယ်။

ဒါပေမဲ့ မြို့ချောင်းကျွန်းကတောင်သူတွေဟာ အဲဒီရက်မှာ ရောက်မလာကြပါဘူး။ အကြောင်းကတော့ သူတို့ကျေးရွာက အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုးဖို့ ကြန့်ကြာနေတာကြောင့်လို့ ဆိုတယ်။ ဒါကြောင့် နိုဝင်ဘာ ၁၇ ရက်မှ ကျောက်ဖြူကို ရောက် လာကြတာပါ။

မြို့ချောင်းကျွန်း

နိုဝင်ဘာ ၁၇ ရက်မှာ မြို့ချောင်းကျွန်းဒေသခံနှစ်ဦးနဲ့အတူ ကျွန်တော်တို့ဟာ မြို့ချောင်းကျွန်းကို သွားခဲ့ကြပါတယ်။မြို့ ချောင်းကျွန်းဟာ မဒေးကျွန်းနဲ့ မြစ်တစ်မြစ်သာခြားတဲ့ ကျွန်း လေးတစ်ကျွန်းပါ။ အဲဒီကျွန်းကို ရောက်ဖို့ ကျောက်ဖြူကနေ သုံးနာရီလောက် ကျွန်တော်တို့နှစ်ယောက် စက်လှေစီးခဲ့ရပါတယ်။ ဒီကျွန်းပေါ်က ဒေသခံတွေဟာလည်း စီမံကိန်းလုပ်တဲ့အချိန်တုန်း က တခြားဒေသတွေလို ထိခိုက်မှု၊ ဆုံးရှုံးနစ်နာမှုတွေကို ခံခဲ့ရ သလို ယခုအချိန်အထိလည်း ခံနေရကြတုန်းပါပဲ။

ဒါပေမဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းစလုပ် တဲ့အချိန်တည်းက ယနေ့အထိ ဒေသခံတွေမှာ အကြောက်တရား လွှမ်းမိုးနေတဲ့အပြင် သူတို့ရဲ့အခွင့်အရေးတွေကို တောင်းဆိုဖို့ ဦးဆောင်မယ့်သူမရှိတာကြောင့် ဒေသခံတွေအားလုံးဟာ နှုတ် ဆိတ်နေကြရပါတယ်။ သူတို့ကျွန်းပေါ်မှာရှိတဲ့ ကျေးရွာပေါင်း ၃၄ ရွာရှိတဲ့အနက်က  ကပိုင်ချောင်း၊ ကျောက္ခမောက်နဲ့ ရတနကျေး ရွာတွေအနီးက ပိုက်လိုင်းဖြတ်သွားတာပါ။

မြို့ချောင်းကျွန်းပေါ်ကိုရောက်တော့ ကပိုင်ချောင်းကျေးရွာ ကို စက်လှေဆိုက်ကပ်ပါတယ်။ ကျွန်တော်တို့နှစ်ယောက်ဟာ အဲဒီရွာကနေတစ်ဆင့် ရတနကျေးရွာကို ခရီးဆက်ခဲ့ကြပါတယ်။ ကပိုင်ချောင်းကျေးရွာကနေ ကျောက္ခမောက်ကျေးရွာကို ဆိုင် ကယ်စီး၊ အဲဒီရွာကမှတစ်ဆင့် ရတနရွာကို လမ်းဆက်လျှောက် ရတာပါ။

ရတနကျေးရွာကို အရင်ဆုံးသွားဖို့ရွေးချယ်လိုက်တာက တော့ ပိုက်လိုင်းလမ်းကြောင်းဟာ ရတနကျေးရွာရဲ့ သင်္ချိုင်းမြေ ပေါ်ကနေ ဖြတ်သွားတယ်ဆိုတာ သိရလို့ပါ။ သင်္ချိုင်းမြေနေရာ ကိုရောက်တော့ ပိုက်လိုင်းလမ်းကြောင်းနဲ့ကပ်နေတဲ့ တောင် ကုန်းလေးပေါ်မှာ မြေပုံတစ်ခုကို တွေ့ရတယ်။ အဲဒီမြေပုံဟာ လွန် ခဲ့တဲ့လေးလက ရေနစ်ပြီးသေတဲ့အလောင်းကို မြှုပ်ထားတဲ့ မြေပုံ လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အလောင်းမြှုပ်ထားတဲ့နေရာကို လိုက်ပြတဲ့ဒေသခံတစ်ဦး က ပိုက်လိုင်းမြှုပ်ထားတဲ့နေရာကို လက်ညှိုးထိုးပြရင်း ”ဒီပိုက် လိုင်းမြှုပ်ထားတဲ့နေရာက လူမြှုပ်တာလေ။ အခု လူသေရင် မြှုပ် စရာနေရာမရှိတော့ဘူး။ ကျန်ခဲ့တဲ့ ဒီနေရာလေးမှာ မြှုပ်ရတာ။ ဒီထက်လည်း တိုးပြီး မြှုပ်လို့ မရဘူး။ မြေပိုင်ရှင်တွေရှိတယ်”လို့ ပြောပြပါတယ်။

ရတနကျေးရွာဟာလည်း ရခိုင်ပြည်နယ်က ဒေသတော် တော်များများကလို သင်္ချိုင်းကို အဆိုးသင်္ချိုင်းနဲ့ အကောင်း သင်္ချိုင်း ဆိုပြီး ခွဲခြားထားပါတယ်။ အဆိုးသင်္ချိုင်းဆိုတာကတော့ ဓားထိုးခံရတဲ့သူ၊ ကြိုးဆွဲချပြီးသေတဲ့သူ၊ ရေနစ်ပြီးသေတဲ့သူ  စတဲ့ အစိမ်းသေသေတဲ့လူသေတွေကို မြှုပ်တဲ့သင်္ချိုင်းဖြစ်ပြီးတော့ အကောင်းသင်္ချိုင်းဆိုတာကတော့ အသက်ကြီးလို့ အိုနာပြီး သေ တဲ့သူ၊ ရောဂါဖြစ်ပြီး သေတဲ့သူတွေကို မြှုပ်တဲ့သင်္ချိုင်းဖြစ်ပါတယ်။

ရတနကျေးရွာမှာ အိမ်ခြေ ၅၂ အိမ်ရှိပြီး လူဦးရေ ၃ဝဝ ဝန်းကျင်ရှိပါတယ်။ သူတို့ရွာရဲ့ သင်္ချိုင်းဟာ အခုလိုအဖြစ်မျိုးနဲ့ ကြုံတွေ့ရမယ်လို့ ရွာသူရွာသားတွေ ထင်မှတ်မထားကြပါဘူး။ ဒေသခံတွေဟာ အဖမ်းခံရမှာကို ကြောက်ကြတာကြောင့် ဘယ် သူမှ မဟန့်တားရဲ၊ မပြောရဲခဲ့ကြဘူးလို့ ကျေးရွာလူကြီးတွေက ဆိုပါတယ်။

ပိုက်လိုင်းဟာ အဆိုးသင်္ချိုင်းတောင်ကုန်းပေါ်က မြေနေ ရာတော်တော်များများကို ဖြတ်သန်းသွားပါတယ်။

”အခု လူတစ်ယောက် အစိမ်းသေသေရင်မြှုပ်စရာနေရာ မနည်းလိုက်ရှာရတယ်။ မြေက နည်းနည်းပဲကျန်တော့တယ်။ ဒီ အလောင်းကို ချောင်းထဲမျှောပစ်လို့ရတာ မဟုတ်ဘူး”လို့ ယင်း ရွာက အသက် ၈၄နှစ် အရွယ် ဦးကျော်ဇံလှက ပြောပါတယ်။

သင်္ချိုင်းမြေကို ပြောင်းရွှေ့ပြီး အသစ်လုပ်မယ်ဆိုရင် မြေ နေရာအသစ်ဝယ်ရမယ်။ ပြီးတော့ စာပေကျမ်းဂန်တတ် ကျွမ်းတဲ့ ဘုန်းကြီးတွေ၊ တတ်သိနားလည်တဲ့သူတွေကိုပင့်ဖိတ်ပြီး သင်္ချိုင်း နေရာကို ကြိုးချည်မျှင်တွေနဲ့ ဝန်းရံတာ၊ ပရိတ်တရားနာတာတွေ လုပ်ရတယ်။ ဒီနေရာမှာ အမှားအယွင်းရှိခဲ့ရင်တော့ ရွာကလူတွေ တစ်ယောက်ပြီးတစ်ယောက်သေတာမျိုးတွေ ဖြစ်တတ်တယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။

”မြေဝယ်စရိတ်တွေ၊ ပရိတ်တရားနာမယ့် စရိတ်တွေ ကြီး မားတဲ့အတွက် ကုန်ကျငွေကို သင်္ချိုင်းမြေကို ဖျက်ဆီးခဲ့တဲ့ အစိုးရ နဲ့ ကုမ္ပဏီတွေက လျော်ကြေးပေးသင့်တယ်”လို့ ဦးကျော်ဇံလှက ဆိုပါတယ်။

သင်္ချိုင်းမြေကို ပိုက်လိုင်းဖြတ်တုန်းက လျော်ကြေးပေးမယ် လို့ပြောခဲ့ပေမယ့် အခုအချိန်ထိ ဘာလျော်ကြေးမှ မရခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပိုက်လိုင်းစီမံကိန်းကို အကောင်အထည်ဖော်တဲ့ အရှေ့ တောင်အာရှရေနံပိုက်လိုင်းကုမ္ပဏီ (South East Asia Crude Oil Pipeline – SEAOP) နဲ့ အရှေ့တောင်အာရှ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီ (South East Asia Gas Pipeline – SEAGP) တို့က ၂ဝ၁၄ မှာ ထုတ်ပြန်ထားတဲ့ လက်ကမ်းစာ စောင်မှာတော့ ပိုက်လိုင်းဖြတ်သွားတဲ့ နေရာတွေမှာ ဘုန်းကြီး ကျောင်းတွေ၊ စေတီဘုရားတွေ၊ စာသင်ကျောင်းတွေ၊ သုသာန် တွေ၊ တိရစ္ဆာန်ဘေးမဲ့ဒေသနဲ့ အထူးစိုက်ပျိုးရေး ကြိုးဝိုင်းဒေသ တွေကို ရှောင်ပြီး ဆောင်ရွက်သွားရမယ်လို့ ဖော်ပြထားပါတယ်။

ကျောက္ခမောက်ကျေးရွာနဲ့ ရတနကျေးရွာကြားက ပိုက် လိုင်းလမ်းတစ်လျှောက်ကို ကျွန်တော်တို့လမ်းလျှောက်ပြီး လိုက် ကြည့်ခဲ့ကြသေးတယ်။ ပိုက်လိုင်းမြှုပ်ထားတဲ့နေရာတွေမှာ အပေါ်ကနေ မြေကြီးကို နှစ်ပေ၊ သုံးပေအထိ မို့မောက်နေအောင် ဖို့ခဲ့ပေမယ့် အခုချိန်မှာ ပိုက်လိုင်းမြေဖို့ထားတဲ့ လမ်းကြောင်း ဟာ ဘေးနားက လယ်ကွင်းတွေနဲ့ တစ်ပြေးညီတည်း ဖြစ်နေပါတယ်။

အကြောင်းကတော့ ပိုက်လိုင်းအပေါ်ဖို့ထားတဲ့မြေတွေဟာ မိုးတွင်းမှာ မိုးရေနဲ့အတူ လယ်ကွင်းတွေဆီကို စီးဆင်းသွား တာကြောင့်ပါ။ တချို့နေရာတွေမှာ ကျောက်စရစ်ခဲတွေ၊ကျောက် ခဲတုံးတွေဟာ လယ်ကွင်းအလယ်အထိ ရောက်နေတာကို တွေ့ရ ပါတယ်။

ဒါကြောင့် ပိုက်လိုင်းဘေးတစ်ဖက်စီမှာရှိနေတဲ့ လယ်ယာ မြေတွေဟာ စိုက်ပျိုးလို့မရအောင် ပျက်စီးနေတာတွေ့ရပါတယ်။  ပိုက်လိုင်းသတ်မှတ်ဧရိယာဘေးက လယ်ကွင်းတွေမှာ စပါးတွေ စိုက်ပျိုးထားကြပေမယ့် သီးနှံအထွက်နှုန်းဟာ တစ်ဝက်လောက် အထိ လျော့ကျသွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒါ့ အပြင် ပိုက်လိုင်းလမ်းကြောင်းလုပ်တဲ့အခါ ယာယီအသုံးပြုမြေအဖြစ်ငှားရမ်းခဲ့တဲ့ မြေယာတွေမှာလည်း အခုအချိန်အထိ စိုက် ပျိုးလို့မရသေးဘူးလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

ရတနကျေးရွာကနေ ပြန်လာတော့ ည ၇နာရီလောက်မှာ ကျောက္ခမောက်ကျေးရွာကို ရောက်ပါတယ်။ ရွာရောက်တော့ မှောင်နေပါပြီ။ အဲဒီညက ရတနကျေးရွာနဲ့ ကျောက္ခမောက်ကျေး ရွာကြားက ပိုက်လိုင်းကြောင့် ထိခိုက်နစ်နာနေတဲ့ တောင်သူ ၁ဝ ဦးခန့်ကို တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ကျောက္ခမောက်ကျေးရွာက အသက် ၅၇ နှစ်အရွယ် ဦးမောင် ကျော်မြင့်မှာတော့ ပိုက်လိုင်းစီမံကိန်းမှာ သူ့ရဲ့ လယ်နဲ့ ဥယျာဉ်ခြံ မြေတစ်ဧကကျော်ပါသွားပါတယ်။ လျော်ကြေးအနေနဲ့ ကျပ် ဆယ်သိန်းကျော်ရရှိပါတယ်။ သူ့လယ်တွေကို မပေးချင်ဘဲ ပေး လိုက်ရတာလို့ သူက ဆိုတယ်။ ဒီမြေတွေဟာ ဘိုးဘွားပိုင်တွေပါ။ ”ဒီလောက်လျော်ကြေးလောက်နဲ့ ကျွန်တော့်လယ်ကို မလဲနိုင် ဘူး”လို့ သူက ဆိုပါတယ်။

သူတို့ဒေသမှာ လျော်ကြေးပေးခဲ့တုန်းက လယ်မြေနဲ့ ဥယျာဉ်ခြံမြေ ဘယ်လောက်သိမ်းလို့ လျော်ကြေးဘယ်လောက် ပေးတယ်၊ ဥယျာဉ်ထဲမှာရှိတဲ့ သီးနှံပင်တွေ ဘယ်လောက်ပါလို့ လျော်ကြေးဘယ်လောက်ပေးတယ်ဆိုတာ မသိခဲ့ရဘူးလို့ ဦးမောင်ကျော်မြင့်က ပြောပါတယ်။

”နာမည်ခေါ်တယ်။ ဦးဘယ်သူ လျော်ကြေးဘယ်လောက် ရတယ်ဆိုတာပြောတယ်။ ပြီးရင် လက်မှတ်ထိုးခိုင်းတယ်။ ကျန် တာ ဘာမှမသိရဘူး။ မေးလို့လည်းမရဘူး”လို့ ကျောက်ဖြူမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ လျော်ကြေးထုတ်စဉ်က တွေ့ ကြုံခဲ့ရတာကို ဦးမောင်ကျော်မြင့်က ပြန်ပြောပြပါတယ်။

လက်ရှိ ပိုက်လိုင်းဘေးမှာကျန်နေခဲ့တဲ့ တစ်ဧကတောင် မပြည့်တော့တဲ့ လယ်မြေဟာလည်း တဖြည်းဖြည်းပျက်စီးလာပါ တယ်။ အဲဒီလိုပျက်စီးလာလို့ ၂ဝ၁၃ မှာ သီးနှံလျော်ကြေး ဆိုပြီး လျော်ကြေးတစ်ကြိမ်ရခဲ့ဖူးတယ်လို့ ဆိုတယ်။

ဦးမောင်ကျော်မြင့် စိုးရိမ်တာတစ်ခုက ပိုက်လိုင်းလမ်း ကြောင်းဘေးက ကျန်ခဲ့တဲ့သူ့လယ်မြေတွေ လုံးဝပျက်စီးသွား မယ့် အရေးပဲဖြစ်ပါတယ်။ သူလယ်မြေတွေအားလုံး ပျက်စီးသွား မယ်ဆိုရင် မိသားစုစားဝတ်နေရေးက အခက်အခဲတော်တော် တွေ့နိုင်တယ်လို့ ဆိုပါတယ်။

အဲဒီညမှာ ကျောက္ခမောက်မှာ အိပ်ကြပါတယ်။ နောက်တစ် နေ့ နိုဝင်ဘာ ၁၈ ရက် မနက်မှာတော့ ကပိုင်ချောင်းကို ဆက်သွား ပါတယ်။

ကျောက္ခမောက်ကနေ မိနစ် ၂ဝ ခန့် ဆိုင်ကယ်နဲ့သွားရတဲ့ ကပိုင်ချောင်းကျေးရွာဘက်မှာဆိုရင် လယ်ယာမြေနဲ့ ဥယျာဉ်ခြံ မြေတွေအပြင် ငါးကန်၊ ပုစွန်ကန်တွေပါ ပျက်စီးသွားတာပါ။ စီမံ ကိန်းလုပ်စဉ်က ပျက်စီးသွားတဲ့ အဲဒီကန်တွေကို ပြန်လည်ပြုပြင် ပေးတာမျိုး မရှိတာကြောင့် ဆားငန်ရည်ဝင်ပြီး ငါး၊ ပုစွန်မွေးလို့ မရတော့ဘူးလို့ ဆိုပါတယ်။

ကပိုင်ချောင်းကျေးရွာက အသက်၅၃ နှစ်အရွယ် ဦးသောင်း ချေဆိုရင် ပိုက်လိုင်းစီမံကိန်းရောက်မလာခင်က သူ့မှာ ၁၅ ဧက ကျယ်တဲ့ လယ်မြေနဲ့ ငါး၊ ပုစွန်မွေးမြူတဲ့ကန်တွေ ရှိခဲ့ပါတယ်။ ဒါ ပေမဲ့ ပိုက်လိုင်းစီမံကိန်းလုပ်တဲ့အခါမှာတော့ သူ့ရဲ့ ငါး၊ ပုစွန်မွေး ထားတဲ့နေရာဟာ ပိုက်လုံးတွေ အတင်အချလုပ်တဲ့ ဆိပ်ကမ်း အဖြစ် အသုံးပြုခံရပြီး တာတမံတွေ ပျက်စီးသွားပါတော့တယ်။ တမံတွေပျက်စီးသွားတာကြောင့် သူ့ရဲ့ ငါး၊ ပုစွန်ကန်တွေဟာ မြစ် နဲ့ တစ်ဆက်တည်း ဖြစ်သွားပါတော့တယ်။

အခုဆိုရင် ပိုက်လိုင်းသွယ်တန်းတဲ့လုပ်ငန်းပြီးသွားတာ သုံးနှစ်လောက်ရှိပါပြီ။ ပျက်စီးသွားတဲ့ တာတမံတွေကို ပြန်လည် ပြုပြင်ပေးတာမျိုး မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဦးသောင်းချေအတွက် လျော်ကြေးအဖြစ် ကျပ်ငါးသိန်းခွဲတစ် ကြိမ်နဲ့ ၁၈ သိန်းကျော် တစ်ကြိမ်ရပါတယ်။ နောက်ပိုင်းမှာ သီးနှံ လျော်ကြေးဆိုပြီး သုံးသိန်းကျော် တစ်ကြိမ်ထပ်ရပါသေးတယ်။ ဒီလျော်ကြေးဟာ ပျက်စီးသွားတဲ့ ၁၅ ဧက စလုံးအတွက် ပေးတာ မဟုတ်ပါဘူး။ ပိုက်လိုင်းလမ်းကြောင်းမှာပါသွားတဲ့နေရာအတွက်ပဲ လျော်ကြေးပေးတာပါ။

အဲဒီနောက်ပိုင်းမှာတော့ ဦးသောင်းချေမှာ စိုက်ပျိုးစရာ လယ်ယာမြေလည်း မရှိတော့သလို မွေးမြူစရာ ပုစွန်ကန်၊ ငါး ကန်လည်း မရှိတော့ပါဘူး။

ဒါကြောင့် ပိုက်လိုင်းတည်ဆောက်ရေးပစ္စည်းတွေ သယ် ယူပို့ဆောင်တဲ့ကားတွေသွားဖို့ လမ်းလုပ်ရာမှာ လမ်းခင်း ကျောက် ရှာဖွေရောင်းချတာတွေ လုပ်ခဲ့သလို လမ်းပေါ်မှာ ကျောက်ထုတဲ့အလုပ်ကိုလည်း လုပ်ခဲ့ကြပါတယ်။

ဒီကြားထဲ မိန်းမဖြစ်သူ အူအတက်ပေါက်လို့ ဗိုက်ခွဲလိုက်ရ သလို သားဖြစ်သူလည်း ခြေထောက်ကျိုးခဲ့လို့ ဆေးရုံတက်ခဲ့ရ တယ်။ အဲဒီတုန်းကဆိုရင် ဆေးကုသစရိတ်အတွက် ဦးသောင်း ချေဟာ သူတို့နေတဲ့ ခြံမြေကို တစ်ဝက်ခွဲရောင်းလိုက်ရပါတယ်။ ဒါတောင်အကြွေး သိန်းအစိတ် ကျန်ခဲ့ပါတယ်။

ကျောက်ထုတဲ့လုပ်ငန်းမရှိတော့တဲ့နောက်မှာ ဦးသောင်း ချေဟာ နေပူမရှောင်၊ မိုးရွာမရှောင် ပိုက်ကွန်တစ်လက်နဲ့ ငါးရှာ တဲ့ အလုပ်ကို လုပ်ရင်း တစ်နေ့စာ၊ တစ်နေ့ရှာနေရတဲ့အခြေအနေ အထိ ရောက်သွားပါပြီ။

”ဒီပိုက်လိုင်းစီမံကိန်းက ဦးလေးတို့မိသားစုဘဝကို ဖျက် ဆီးပစ်လိုက်တာပဲ။ ပြန်တော့မယ်။ မနက်ဖြန်စောစော ငါးရှာ သွားရဦးမယ်”လို့ ကျွန်တော်တို့စကားဝိုင်းကို နှုတ်ဆက်ပြီး ဦးသောင်းချေဟာ သူ့အိမ်ကို ပြန်သွားပါတယ်။ ယခုလည်း သူ့မှာ အကြွေးတွေတင်နေတာကြောင့် ကျန်နေသေးတဲ့ အိမ်မြေတစ် ဝက်ကို ရောင်းဖို့ လုပ်နေပါတယ်။

စီမံကိန်းကြောင့် ပျက်စီးသွားတဲ့နေရာမှာ ဦးသောင်းချေ တို့မိသားစုပိုင်တဲ့ ငါး၊ ပုစွန်ကန်တွေအပြင် ကပိုင်ချောင်းကျေးရွာ က  လူအများမှီခိုစားသောက်နေတဲ့ ငါး၊ ပုစွန်ကန်လည်း ပျက်စီး သွားခဲ့ပါတယ်။ ပိုက်လိုင်းဟာ အဲဒီငါး၊ ပုစွန်ကန်အလယ်ကနေ ဖြတ်သွားတာပါ။ ကပိုင်ချောင်းကျေးရွာမှာ နေထိုင်တဲ့ အိမ် ထောင်စု ၈ဝဝ ထဲက ငါးပုံတစ်ပုံလောက်ဟာ အဲဒါတွေကို အမှီ ပြုပြီး လုပ်စားနေကြတာလို့ ကပိုင်ချောင်း ကျေးရွာအုပ်ချုပ်ရေး မှူး ဦးသန်းမောင်က ဆိုပါတယ်။

အခုအချိန်မှာ ဦးသောင်းချေအပါအဝင် ကပိုင်ချောင်း ကျေးရွာက လယ်သမားတွေဟာ တစ်နေ့လုပ် တစ်နေ့စားဖြစ် သွားတဲ့သူတွေ၊ သူများလယ်ကို အငှားလုပ်တဲ့သူတွေဖြစ်သွားကြတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။ လျော်ကြေးပေး တဲ့ အချိန်တုန်းက ပိုက်လိုင်းလမ်းကြောင်းမှာ အသုံးပြုထားတဲ့ ပေ ၁ဝဝ အတွက်သာ လျော်ကြေးငွေပေးခဲ့တာလို့ဆိုပါတယ်။  ပိုက်လိုင်းဖြတ်သန်းရာ ဘေးပတ်ဝန်းကျင်မှာ ပျက်စီးသွားတဲ့ လယ်ယာမြေအတွက်ကို လျော်ကြေးပေးတာမရှိဘူးလို့ ကပိုင်း ချောင်းကျေးရွာသား ကိုညီညီလင်းက ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးဦးသန်းမောင်ကတော့ ပြန်လည် ပြုပြင်ပေးခြင်းမရှိဘဲ ပျက်စီးသွားတဲ့ ငါး၊ ပုစွန်ကန်တွေအတွက် နစ်နာကြေးပေးဖို့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးထံ စာနဲ့ တစ်မျိုး၊ နှုတ်နဲ့တစ်ခါ တင်ပြခဲ့ပါတယ်။ ၂ဝ၁၃ က အစိုးရတာဝန် ရှိသူတွေလာရောက် ကြည့်ရှုခဲ့ပေမယ့် အခုအချိန်အထိ ဘာမှ ထူးမလာဘူးလို့ ပြောပါတယ်။

”သူတို့က ပိုက်လုံးအတွက်ပဲ ဂရုစိုက်တာ။ ကျန်တာဂရု မစိုက်ဘူး။ အခုလည်း ဒီချောင်းတွေကို ပိတ်လိုက်တော့ ရေက သွားစရာမရှိတော့ဘူး။ လယ်ထဲကို ရောက်ကုန်တယ်”လို့ ဦးသန်း မောင်က ဒေါသထွက်နေတဲ့ လေသံနဲ့ ပြောပါတယ်။

တောင်ကျရေတွေစီးတဲ့ ချောင်းလက်တက်ကိုပါ ပိုက်လိုင်း က ပိတ်ပစ်လိုက်သလိုဖြစ်တာကြောင့် တောင်ကျရေတွေ စီးစရာ လမ်းကြောင်းမရှိတော့အတွက် လယ်မြေတွေမှာ မိုးတွင်းဆို ရေ က သုံးပေ၊ လေးပေအထိ ပြည့်နေတတ်တယ်လို့ ဒေသခံ တောင် သူလယ်သမားတွေက ပြောပါတယ်။

မဒေးကျွန်းနဲ့ မျက်နှာချင်းဆိုင်ဖြစ်တဲ့ မြို့ချောင်းကျွန်း ပေါ်က ပိုက်လုံးစတက်တဲ့နေရာနဲ့ ဒေသခံတွေ ပြောနေတဲ့ ငါး၊ ပုစွန်ကန် ရှိရာနေရာကို ကျွန်တော်တို့ သွားကြည့်တဲ့အခါ လယ် ယာမြေတွေမှာ စပါးပင်မရှိဘဲ မြက်ပင်တွေ၊ နွားခြေရာခွက်တွေ ကိုသာ တွေ့ ခဲ့ရပါတယ်။

ညခုနစ်နာရီဝန်းကျင်မှာတော့ မြစ်တစ်ဖက်ကမ်းက မဒေး ကျွန်းပေါ်မှာ လျှပ်စစ်မီးထိန်ထိန်ညီးနေတာကို တွေ့ရပါတယ်။ အဲဒီမီးရောင်တွေဟာ အမှောင်ထဲမှာ နေရတဲ့ မြို့ချောင်းကျွန်း ပေါ်က ဒေသခံတွေကို လှောင်ပြောင်နေသလိုပါပဲ။

အဲဒီညမှာတော့ မြို့ချောင်းကျွန်းပေါ်ရှိ ကပိုင်ချောင်းကျေး ရွာက အိမ်မှာ အိပ်ခဲ့ကြပါတယ်။



Photo: Khin Maung Myint      အမ်းမြို့နယ်၊ အောက်ကျွန်းကျေးရွာချောင်းကမ်းနားတွင် ဓာတ်ငွေ့ပိုက်လိုင်းပေါ်နေသည်ကိုတွေ့ရစဉ်

မဒေးကျွန်း

နိုဝင်ဘာ ၁၉ ရက် မနက် ၄ နာရီခွဲလောက်မှာ မြို့ချောင်း ကျွန်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ မဒေးကျွန်းကို စက်လှေနဲ့ သွား ကြပါတယ်။ မဒေးကျွန်းဆိပ်ကမ်းအနီးမှာတော့ ငါးဖမ်းလုပ်ငန်း လုပ်နေတဲ့ တဲအိမ်လေးတွေ ရှိပါတယ်။ တဲအိမ်တွေရဲ့ အနီးပတ် ဝန်းကျင်မှာတော့  ဆွေးမြည့်ပေါက်ပြဲနေတဲ့ ကွန်တိန်နာ အဟောင်းတွေ ရှိပါတယ်။

အဲဒီမြင်ကွင်းနဲ့ လုံးဝဆန့်ကျင်နေတာကတော့ မဒေးကျွန်း ပေါ်မှာရှိနေတဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့ပြုပြင်ထိန်းသိမ်းရေး စင်တာ တည်ရှိရာနေရာပါ။ သန့်ရှင်းသပ်ရပ်တဲ့ အဆောက်အအုံ တွေ၊ ကွန်ကရစ်လမ်းတွေရှိပါတယ်။ ရဟတ်ယာဉ်ကွင်းလည်း ရှိ ပါတယ်။ ပြီးတော့ အဖြူရောင်သုတ်ထားတဲ့ ရေနံလှောင်ကန်ကြီး တွေ၊ စက်ယန္တရားကြီးတွေ၊ မြေသယ်ကားကြီးတွေနဲ့ လှုပ်ရှား သက်ဝင်နေတဲ့ လုပ်ငန်းခွင်ကိုလည်း တွေ့ရပါတယ်။ ခြံဝင်းတစ်ခု ထဲမှာတော့ အပြာရောင်နဲ့ ပြောက်ကျားအင်္ကျီဝတ်ထားတဲ့ လုံခြုံ ရေးဝန်ထမ်း ၂ဝ လောက်က နံပါတ်တုတ်တွေ၊ ဒိုင်းတွေ ကိုင်ပြီး လေ့ကျင့်နေကြပါတယ်။

မဒေးကျွန်းပေါ်မှာ ရွာမ၊  ပြိန်၊ ကျောက်တန်း၊ ပဒိန်ဆည် ဆိုတဲ့ ကျေးရွာ လေးရွာရှိပါတယ်။ ကျောက်တန်းကျေးရွာက ကိုမောင်မောင်မြင့် ပြောပြတာကတော့ ကျွန်းပေါ်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်း လုပ်မယ်ဆိုတာကို ဒေသခံတွေနဲ့ ဆွေးနွေးတိုင်ပင်တာမျိုး မလုပ်သလို ဘာစီမံကိန်းလုပ်မယ် ဆိုတာကိုလည်း ဒေသခံတွေ မသိခဲ့ရဘူးတဲ့။

ကျွန်းပေါ်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်း အကောင် အထည်ဖော်ခဲ့တဲ့အတွက်ကြောင့် ကျေးရွာဖွံ့ဖြိုးရေးအဖြစ် စာ သင်ကျောင်း၊ ကျန်းမာရေးဆေးခန်း၊ ရွာချင်းဆက်ကွန်ကရစ် လမ်း၊ ရေပေးဝေရေးနဲ့ ည ၆နာရီမှ မနက် ၆နာရီအထိ လျှပ်စစ်မီး ပေးထားတာတွေကို တွေ့ရပါတယ်။

ဒါပေမဲ့ သူတို့လုပ်ပေးထားတဲ့ ရေပိုက်က သံပိုက်ဆိုတော့ ”အကုန်လုံး သံချေးတွေချည်းပဲ။  သူတို့ဆီကို ရေသွယ်တဲ့ ပိုက်က ကော်ပိုက်။ ကျွန်တော်တို့ ကျေးရွာတွေကျတော့ သံပိုက်ဗျာ”လို့ ကိုမောင်မောင်မြင့်က ဆိုပါတယ်။

မဒေးကျွန်းပေါ်က လျော်ကြေးရခဲ့တဲ့သူတချို့ အဆင်ပြေ ကြပေမယ့် ကျွန်းအရှေ့က မြစ်အနီးတစ်ဝိုက်မှာ ငါးမဖမ်းရ တား မြစ်နယ်မြေတွေ သတ်မှတ်လိုက်တဲ့အတွက် ကျွန်းပေါ်က ဒေသခံ တွေ အဓိကလုပ်ကိုင်တဲ့ ငါးဖမ်းလုပ်ငန်း တော်တော်များများ ထိခိုက်နစ်နာသွားတယ်လို့ သူက ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်ခန့်က မြစ်ထဲမှာ မိုင်းခွဲတာ၊ ကျောက်တွေ၊ မြေကြီးတွေကို သင်္ဘောနဲ့တင်ပြီး မြစ်ထဲစွန့်ပစ်တာ၊ ရေနံတင် သင်္ဘောတွေလာဖို့ ရေလမ်းကြောင်းပြ အမှတ်အသား ဗော်ယာ တွေချလာတဲ့အတွက် ငါးဖမ်းပိုက်တွေနဲ့ ငြိပြီး ဆုံးရှုံးခဲ့တာတွေရှိ တယ်လို့ မဒေးကျွန်း၊ ရွာမကျေးရွာက ရေလုပ်ငန်းလုပ်သက်အနှစ် ၂ဝ ကျော်ပြီဖြစ်တဲ့ အသက် ၃၁ နှစ် အရွယ် ကိုမောင်ဝင်းဖြူက ဆိုပါတယ်။

ငါးတွေ ရှားပါးလာသလားဆိုတာကတော့ လွတ်လွတ်လပ် လပ်ဖမ်းရတာ မဟုတ်တဲ့အတွက် စီမံကိန်းမလုပ်ခင်အချိန်နဲ့ နှိုင်း ပြီး ပြောလို့မရဘူးလို့ ကိုမောင်ဝင်းဖြူက ဆိုပါတယ်။ သူ့မှာ သား နှစ်ယောက်နဲ့ သမီးတစ်ယောက်ရှိပါတယ်။ မူလတန်းတက်နေတဲ့ သားနှစ်ယောက်ကို ဒီငါးဖမ်းတဲ့လုပ်ငန်းနဲ့ပဲ ကျောင်းထားနေ တာပါ။

တကယ်လို့ ငါးဖမ်းလုပ်ကွက်တွေ အခုထက် ပိတ်ပင်တားဆီးမှုတွေလုပ်လာမယ်ဆိုရင် ”သားသမီးတွေကို ဘယ်လို ပညာ သင်မှာလဲ”လို့ သူကမေးပါတယ်။ အဲဒီလိုသာဖြစ်ခဲ့ရင် သူတို့ ထမင်းအိုးကို ရိုက်ခွဲသလိုဖြစ်လိမ့်မယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် နောက်ပိုင်းမှာ ကြီးမားတဲ့ ရေနံတင်သင်္ဘောတွေ ဝင်လာရင် မြစ်ထဲမှာ ငါးဖမ်းတဲ့လုပ်ငန်းကို လုပ်ကိုင်လို့ရတော့မှာ မဟုတ်သလို မြစ်ကမ်းဘေးမှာရှိတဲ့ မြေနေရာတွေကိုလည်း ကုမ္ပဏီတွေက စီမံကိန်းအတွက် လိုက်ဝယ်နေလို့ မြစ်ထဲမှာသာ မက မြစ်ကမ်းဘေးမှာ တဲထိုးနေကြတဲ့ နေရာပါ ပျောက်တော့ မယ်လို့ မြစ်ကမ်းစပ်မှာ ငါးဒိုင်ဖွင့်ထားတဲ့ အသက် ၃၃ နှစ်အရွယ် ကိုညွန့်မောင်က ပြောပါတယ်။

”လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကဆိုရင် နှစ်ရက်လောက် ဝယ် လိုက်တာနဲ့ ခြောက်သိန်း၊ ခုနစ်သိန်းတန်ဖိုးရှိတဲ့ ငါးတွေကို ကျောက် ဖြူမြို့ကို သွားသွင်းရတယ်။ အခုက တစ်သိန်းဖိုးတောင် မပြည့် တော့ဘူး”လို့ သူ့ငါးဒိုင်မှာ ငါးအဝင်နည်းလာတဲ့အကြောင်းကို ကိုညွန့်မောင်က ဆိုပါတယ်။

ကျွန်တော်တို့ဟာ မဒေးကျွန်းကနေ ညနေငါးနာရီလောက် မှာ မြို့ချောင်းကျွန်းကို ပြန်လာကြပါတယ်။ အဲဒီညမှာ အဲဒီကျွန်း ပေါ်က ကပိုင်ချောင်းရွာမှာ တည်းခိုကြပါတယ်။

နိုဝင်ဘာ ၂ဝ ရက် မနက်ပိုင်းမှာ ကျောက်ဖြူမြို့ကို ပြန် သွားခဲ့ကြပါတယ်။ ကျောက်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးဦးညီညီလင်းနဲ့ တွေ့ဆုံဖို့ ချိန်းထားတဲ့အတွက်ကြောင့်ပါ။ သူဟာ ၂ဝ၁၄ နှစ်ဝက်လောက်မှ ကျောက်ဖြူမြို့ကို တာဝန် ကျလာတာပါ။ သူမရောက်ခင်က ကိစ္စ တွေကို အကုန်မပြောနိုင် ပေမယ့် သိသလောက်တော့ ဖြေပေးမယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းအကောင်အထည်ဖော်ပြီးတဲ့နောက်ပိုင်းမှာ တော့ ကျောက်ဖြူမြို့မှာ ဟိုတယ်လုပ်ငန်းတွေ အဆင်ပြေလာကြ သလို ဒေသမှာ ရောင်းဝယ်ဖောက်ကားမှုတွေ အဆင်ပြေလာ ကြတဲ့အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများ လာတယ်လို့ သူက ဆိုပါတယ်။

ဦးညီညီလင်းပြောတာကတော့ ဒေဝူးအင်တာနေရှင်နယ် ကုမ္ပဏီဘက်က ဒေသဖွံ့ဖြိုးရေးအဖြစ် ကျောက်ဖြူမြို့နယ်မှာ စာသင်ကျောင်း ဆောက်ပေးတာ၊ ကျန်းမာရေးဆေးခန်းနဲ့ သား ဖွားဆရာမသင်တန်းပေးတာတွေအပြင် သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့လည်း ဆောင်ရွက်ပေးနေတာတွေ ရှိတယ်လို့ ဆို ပါတယ်။

ကျောက်ဖြူမြို့ပေါ်မှာ မီးဘေးအ္တရာယ်နဲ့ပတ်သက်ပြီး ရေကန်လုပ်ပေးတာတွေ၊ အမှိုက်ပုံးထားပေးတာတွေလည်း ရှိ တယ်လို့ ဆိုပါတယ်။ သို့သော် သက်ဆိုင်ရာ ကုမ္ပဏီတွေဘက်က ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ သူတို့ရှိနေတဲ့ နေရာ အနီးပတ်ဝန်းကျင်မှာသာ အဓိကဆောင်ရွက်တာဖြစ်တယ် လို့လည်း သူက ဆက်ပြောပါတယ်။

အဲဒီည (နိုဝင်ဘာ ၂ဝ ရက်) မှာ ကျောက်ဖြူမှာ အိပ်ကြ ပါတယ်။

အမ်းမြို့နယ်သို့

နိုဝင်ဘာ ၂၁ ရက် မနက် ၁၁ နာရီလောက်မှာ အမ်းမြို့နယ် ထဲက သပြုချိုင်ကျွန်းကို စက်လှေနဲ့ ခရီးဆက်ခဲ့ကြပါတယ်။ အဲဒီကျွန်းကို ညနေ ငါးနာရီခွဲလောက်ရောက်ပါတယ်။ အဲဒီ ကျွန်းက ဒေသခံတွေခေါ်ကြတဲ့ တရုတ်ဆိပ်မှာ စက်လှေဆိုက် ပါတယ်။ (ပိုက်လိုင်းစီမံကိန်းလုပ်တုန်းက တရုတ်တွေ ပစ္စည်း အသယ်အချတွေလုပ်ပြီး ယာယီနေထိုင်ခဲ့ကြတဲ့အတွက် တရုတ် ဆိပ်လို့ ခေါ်တာပါ။)

စက်လှေပေါ်ကနေ ဆိပ်ကမ်းကို စတက်လိုက်တာနဲ့ ကျောက်ဖြူမြို့နယ်မှာလို ပိုက်လိုင်းလမ်းဘေးတစ်ဖက်စီမှာ ပျက် စီးနေတဲ့ လယ်ယာမြေတွေနဲ့ ငါး၊ ပုစွန်မွေးမြူရေးကန်တွေကို မြင်ရပါတယ်။ ကျွန်းပေါ်ရောက်တော့ ညနေစောင်းနေပြီဖြစ်လို့  လင်ပန်းကျဆိုတဲ့ရွာမှာ ညအိပ်လိုက်ကြပါတယ်။

နောက်တစ်ရက် နိုဝင်ဘာ ၂၂ မှာ အဲဒီကျွန်းပေါ်မှာ ရှိ နေတဲ့ လင်ပန်းကျ၊ ကျောက်မြောင်း၊ တောင်ကြီးရင်း၊ ရေ ကောင်းချိန် စတဲ့ ကျေးရွာတွေက ဒေသခံတွေနဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ပိုက်လိုင်းစီမံကိန်းနောက်ဆက်တွဲအဖြစ် လယ်ယာမြေ ပျက်စီးကုန်ကြသလို တောင်ကမ်းပါးယံတွေပြိုကျတဲ့အတွက် ဥယျာဉ်ထဲမှာရှိတဲ့ အပင်တွေ ပျက်စီးကုန်ကြတယ်လို့ ဒေသခံ တွေက ဆိုပါတယ်။

ကျောက်မြောင်းကျေးရွာက အသက် ၈ဝ အရွယ် ဒေါ်ယိုင် ဖြူက လွန်ခဲ့တဲ့နှစ်နှစ်က ပိုက်လိုင်းပေါက်တယ်ဆိုပြီး ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြပါသေးတယ်။ အဲဒီနေ့က ဒေါ်ယိုင် ဖြူရဲ့အိမ်ရှေ့ လယ်ကွင်းနှစ်ကွင်းကျော်လောက်မှာရှိတဲ့ ပိုက်လိုင်း လမ်းကြောင်းမှာ ဓာတ်မီးရောင်လို အလင်းတစ်ခုကို သုံးကြိမ် တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။

ဒေါ်ယိုင်ဖြူဟာ သူ့သမက်နဲ့ အိမ်နီးနားချင်းတစ်ယောက်ကို ခေါ်ပြီးပြတော့ သူတို့နှစ်ယောက်က သွားကြည့်ဖို့ပြင်ပါတယ်။ ဒါပေမဲ့ ဒေါ်ယိုင်ဖြူက တားပါတယ်။ ”ပေါက်ကွဲမယ်ဆိုရင် ပြေး လို့လွတ်မှာမဟုတ်တဲ့အတွက် သွားမကြည့်ခိုင်းဘူး”လို့ သူက ဆိုတယ်။

ဒေါ်ယိုင်ဖြူတွေ့လိုက်ရတဲ့ အလင်းရောင်ကို ကျောက်မြောင်း ဒေသခံတွေက ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်တယ်ဆိုပြီးတော့ ယူဆသွား ကြတဲ့အတွက် ကျောက်မြောင်းရွာက လူတချို့ဟာ အထုပ်အပိုး တွေ ထုပ်ပြီး ပြေးတဲ့သူက ပြေးကြတယ်လို့ ဆိုပါတယ်။

ကျောက်မြောင်းကျေးရွာမှာ ပိုက်လိုင်းယိုစိမ့်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး CNPC က တာဝန်ရှိသူတစ်ဦးကတော့ ယင်း အဖြစ်အပျက်မှာ ဓာတ်ငွေ့မပို့လွှတ်မီ ပိုက်လိုင်းမှာ အပေါက်ရှိ မရှိဆိုတာကိုစမ်းသပ်ဖို့ ဓာတ်ငွေ့စမ်းသပ်ပို့လွှတ်ခဲ့တဲ့ အချိန်မှာ အပေါက်ရှိနေတဲ့အတွက် အဲဒီလိုဖြစ်ပေါ်ခဲ့တာလို့ သူက ပြောပြ ပါတယ်။

ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ ဒေသခံတွေကို ပိုက် လိုင်းနဲ့ပတ်သက်လို့ ပညာပေးသင့်တဲ့အကြောင်းကို ရေကောင်း ချိန် ကျေးရွာက အသက် ၅၉ နှစ်အရွယ် ဦးတင်မောင်က အခုလို ပြောပါတယ်။ ”တစ်ခုခုဖြစ်ရင် ဆောင်ရန်၊ ရှောင်ရန်တွေကို ဘာ မှ ပြောတာမရှိဘူး။ ပညာပေးတာလည်း မရှိဘူး။ မတော်တဆ ပေါက်ကွဲရင် ဘယ်သူက တာဝန်ယူမှာလဲ”

ကျွန်တော်တို့ဟာ ကျောက်မြောင်းရွာကနေ သပြုချိုင် ကျွန်းရဲ့ ချောင်းတစ်ဖက်ကမ်းမှာရှိနေတဲ့ နွားရုံတောင်ကျေးရွာ အုပ်စုထဲက မျောက်ကိုင်းကျေးရွာရဲ့ သင်္ချိုင်းမြေကိုလည်း သွား ကြည့်ခဲ့ပါတယ်။ ပိုက်လိုင်းအတွက် သင်္ချိုင်းမြေကို ဖျက်ဆီးမယ် ဆိုတာကို ဒေသခံတွေ ကြိုမသိခဲ့ပါဘူးတဲ့။ သင်္ချိုင်းကိုဖျက်တုန်းက မြင်ကွင်းကို အဲဒီရွာက အသက် ၇၅ နှစ်အရွယ် ဦးအေးထွန်းပြော ပြတာက ”အဝတ်စားအစတွေက ဟိုနားဒီနားမှာ ပြန့်ကျဲနေ တယ်။ မလုပ်နဲ့လို့ပြောလို့လည်း မရတော့ဘူးလေ”လို့ ဆိုတယ်။

မျောက်ကိုင်းရွာမှာ အိမ်ခြေ ၉ဝ ဝန်းကျင်ရှိပြီး လူဦးရေက ၄ဝဝ နီးပါးရှိပါတယ်။ အခု ရွာရဲ့ မီးသင်္ဂြိုဟ်တဲ့နေရာက ပိုက်လိုင်း လမ်းကြောင်းဘေးနားက တောင်ကုန်းလေးပေါ်မှာဖြစ်ပါတယ်။ အရင်က လူသေလောင်းကို မီးသင်္ဂြိုဟ်တာ ရှိသလို မြေမြှုပ်တာ လည်း ရှိခဲ့ပေမယ့် အခုတော့ မြှုပ်စရာနေရာမရှိလို့ မီးပဲ သင်္ဂြိုဟ် နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သင်္ချိုင်းမြေတွေပါသွားလို့ လျော်ကြေးပေးဖို့ အမ်းမြို့နယ် က အစိုးရတာဝန်ရှိသူတွေ၊ နေပြည်တော်က MOGE  ရုံးနဲ့ ပြည် နယ်ဝန်ကြီးချုပ်အထိ စာတင်ထားပေမယ့် အခုအချိန်အထိ လျော်ကြေးမရသေးဘူးလို့ ဦးအေးထွန်းက ဆိုပါတယ်။

”ကျွန်တော်တို့ရဲ့ ဆွေမျိုးတွေ မြှုပ်ထားတဲ့နေရာ မရှိတော့ ဘူး။ မီးသင်္ဂြိုဟ်နေရာလည်း ပါသွားပြီ”လို့ ဦးအေးထွန်းက ဆိုပါ တယ်။ အဲဒီနေရာမှာတော့ အဝါရောင်ဆေးသုတ်ထားတဲ့ ပိုက် လိုင်းအမှတ်အသားတိုင်တစ်တိုင် ရှိနေပါတယ်။

ရင်ခတ္တိန်ကျွန်း

သပြုချိုင်ကျွန်းနဲ့ တစ်ဖက်ကမ်းမှာရှိနေတဲ့ ရင်ခတ္တိန်ကျွန်း က ကျေးရွာတချို့မှာ ငါး၊ ပုစွန်မွေးမြူတဲ့လုပ်ငန်းကို အဓိက လုပ် ကိုင်ကြပါတယ်။ ဒီကျွန်းပေါ်မှာရှိတဲ့ ကျေးရွာခြောက်ရွာက လယ် သမားအများစုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ်ကျော်ကတည်း က ငါး၊ ပုစွန်မွေးမြူရေးကို စုပေါင်းလုပ်ကိုင်လာခဲ့ကြတာပါ။ အခု တော့ ပုစွန်ကန်၊ ငါးကန်တွေအထဲကို ရေနံပိုက်လိုင်းဖြတ်သွားတဲ့ နောက် ငါး၊ ပုစွန်တွေဟာ မွေးမြူရေးကန်ထဲကို မဝင်တော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ငါး၊ ပုစွန်မွေးမြူရေးကန်တွေ ပျက်စီးသွားတဲ့အတွက် ပြန် လည်ပြုလုပ်ပေးခဲ့ပေမယ့် မူလအတိုင်းမဟုတ်ဘဲ အဖြစ်သာ လုပ် ပေးခဲ့တာကြောင့် ဒီရေတက်ချိန်မှာ တာပေါင်ကို ရေလျှံပြီး ငါး၊ ပုစွန်ကန်တွေ ပျက်စီးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မူလကန်တွေက အမြင့်ရှစ်ပေ၊ အကျယ်လေးပေရှိပါတယ်။ စီမံကိန်းကြောင့် ပျက်စီးသွားလို့ ပြန်ပြုပြင်ပေးတဲ့ကန် အမြင့်က ”ငါးပေတောင် မရှိဘူး” လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးမောင်စိုးဦး က ဆိုပါတယ်။

ပျက်စီးသွားတဲ့ ငါး၊ ပုစွန်မွေးမြူရေးကန်အချို့ဟာ အလုပ် မဖြစ်တော့လို့ စပါးစိုက်ပျိုးတဲ့ဘက်ကို ပြောင်းလဲဖို့ ကြိုးစားနေ တဲ့ ဒေသခံအချို့လည်းရှိပါတယ်။ ဒါပေမဲ့ အဲဒီကန်က မြေတွေဟာ ပင်လယ်ရေသွင်းထားတဲ့အတွက် ဆားဓာတ်တွေရှိနေသေးတာ ကြောင့် နှစ်နှစ်ကြာပြီးမှ စပါးစိုက်ပျိုးရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုလိုပျက်စီးသွားတာကြောင့် ဒေသခံတွေက ၂ဝ၁၅၊ အောက်တိုဘာက အမ်းမြို့နယ်မှာ ဆန္ဒထုတ်ဖော်ပြီး နစ်နာကြေး တွေတောင်းဆိုခဲ့ကြပါတယ်။ အဲဒီအခါ MOGE၊ အထွေထွေ အုပ်ချူပ်ရေးမှူး၊ CNPC ကုမ္ပဏီမှ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ငါး၊ ပုစွန်ကန်တွေကို ပြန်လည်ပြုပြင်ပေးဖို့ သဘောတူညီခဲ့ပါ တယ်။ ဒါပေမဲ့ အခုအထိတော့ အကောင်အထည်ပေါ်မလာသေး  ပါဘူး။

ရင်ခတ္တိန်ကျွန်းမှာရှိတဲ့ လယ်သမားတွေကတော့ နစ်နာ ကြေးပေးမယ့်ရက်ကို စောင့်မျှော်နေကြသလို ဖြေရှင်းပေးခြင်း မရှိဘူးဆိုရင် ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်သွားမယ်လို့ ဦးဆောင် ဆန္ဒပြသူ ကိုမျိုးလွင်က ပြောပါတယ်။

အဲဒီညမှာ ဒီကျွန်းပေါ်က အောက်ကျွန်းရွာမှာ အိပ်ခဲ့ကြပါ တယ်။ နောက်နေ့ ၂၃ ရက် မနက်မှာ အမ်းမြို့ကိုသွားပါတယ်။ အမ်းမြို့ပေါ်ရောက်တော့ ညနေ ၅ နာရီကျော်နေပါပြီ။

ပျက်လုနီးပါးဖြစ်သွားတဲ့ ရွာ၊ လျော်ကြေးမယူတဲ့ တောင်သူ

နိုဝင်ဘာ ၂၄ ရက်မှာတော့ ပိုက်လိုင်းကြောင့် ရွာပျက်ပြီး သင်္ချိုင်းပျောက်သွားတဲ့  အရှိုချင်းတွေနေထိုင်တဲ့ ပတ်ကွေ့ကျေး ရွာ၊ ဆင်ခုံတိုင်ကျေးရွာတို့ကို ခရီးဆက်ခဲ့ကြပါတယ်။

ရင်ခတ္တိန်ကျွန်းပေါ်က ဒေသခံ ၂ဝ လောက်နဲ့ နှစ်ရက် တွေ့ဆုံမေးမြန်းပြီး ညနေ သုံးနာရီဝန်းကျင်မှာတော့ အမ်းမြို့ကို ကျွန်တော်တို့ ဆိုယ်ကယ်နဲ့ ခရီးဆက်ခဲ့ပါတယ်။ အမ်းမြို့နယ် အဆုံးနီးပါးအထိ သွားရောက်လေ့လာခဲ့ကြတာပါ။

အမ်းမြို့နယ်၊ ပဲပဒုံကျေးရွာမှာ ဒီနေ့အထိ လျော်ကြေးမယူ သေးတဲ့ အသက် ၅၇နှစ်အရွယ် မုဆိုးမ ဒေါ်တင်အေးနဲ့ တွေ့ခဲ့ပါ သေးတယ်။ သူ့ရဲ့လယ်တွေဟာ ပိုက်လိုင်းဖြတ်သွားလို့ မဟုတ်ဘဲ စီမံကိန်းမှာ စက်ယန္တရားကြီးတွေ သွားလာတာကြောင့် ပျက်စီးခဲ့ ရတာပါ။

သူ့ကို လျော်ကြေးပေးခဲ့ပေမယ့် ”တန်ရာတန်ကြေးမပေး လို့ အဒေါ်မယူခဲ့ဘူး”လို့ သူကဆိုတယ်။ သူ့ကိုပေးတဲ့ လျော်ကြေး ဟာ ဥယျာဉ်ခြံမြေ နှစ်ဧကခွဲအတွက် ကျပ်နှစ်သိန်းကျော်ပဲပေးတာကြောင့် တန်ရာတန်ကြေးမဟုတ်လို့ ဒီငွေကို မယူဘဲ နိုင်ငံ တော်ကို လှူလိုက်တယ်လို့ သူကဆိုပါတယ်။ အမ်းမြို့နယ်မှာ လျော်ကြေးငွေ မယူတာဆိုလို့ ဒေါ်တင်အေးတစ်ယောက်သာ ရှိပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး မော်ကွန်းက မေးမြန်းကြည့်ရာ မှာ ဒေါ်တင်အေးရဲ့ လျော်ကြေးငွေ ကျပ်နှစ်သိန်းကျော်ကို မြန်မာ့ စီးပွားရေးဘဏ်မှာ အခုအချိန်အထိအပ်နှံထားတယ်လို့ MOGE မှ ညွှန်ကြားရေးမှူး ဦးဝေဦးက နေပြည်တော်မှာ မော်ကွန်းနဲ့ တွေ့ဆုံစဉ်ပြောပါတယ်။

အမ်းမြို့နယ်မှာ နောက်ထပ်တွေ့ရတာကတော့ ပိုက်လိုင်း စီမံကိန်းကြောင့် ရွာပျက်သလိုဖြစ်သွားတဲ့ ဖြစ်ရပ်ပါ။ အဲဒါက တော့ အမ်းမြို့နယ်ထဲက အိမ်ခြေ ၅ဝ ကျော်ရှိပြီး လူဦးရေ ၂၅ဝ ဝန်းကျင်ရှိတဲ့ ပတ်ကွေ့ဆိုတဲ့ ကျေးရွာပါ။ ပိုက်လိုင်းနှစ်ခုက ကျေး ရွာရဲ့အလယ်တည့်တည့်က ဖြတ်သွားတာပါ။ ဒါပေမဲ့ အိမ်နှစ်အိမ် သာ လျော်ကြေးငွေရခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဦးသန်းထွန်းက ဆိုပါတယ်။

ဒါပေမဲ့ တခြားအိမ်တွေမှာ နေထိုင်တဲ့သူတွေဟာ ပိုက် လိုင်းပေါက်ကွဲမှာကို ကြောက်တဲ့အတွက် သူတို့အိမ်တွေမှာ မနေ ရဲကြတော့ဘဲ သူတို့တောင်ယာလုပ်ကိုင်တဲ့ တောတောင်တွေထဲ ပြောင်းနေကြသလို တချို့ကလည်း ရန်ကုန်-စစ်တွေ ကားလမ်းမ ဘေးမှာ ဝါးအိမ်လေးတွေဆောက်ပြီးပြောင်းပြေးကြတယ်လို့ ဦးသန်းထွန်းက ပြောပါတယ်။

”ကျွန်တော့်ရွာက ရွာပျက်သလိုဖြစ်သွားပြီ။ ပိုက်လိုင်းကို ဖင်ခုထိုင်ထားသလိုဖြစ်နေတော့ ဘယ်သူက နေရဲတော့မှာလဲ”လို့ ဦးသန်းထွန်းက ဆိုပါတယ်။ သူကတော့ ရန်ကုန်-စစ်တွေ ကား လမ်းမဘေးမှာ အရင်ကတည်းက နေထိုင်နေတဲ့သူပါ။

ကျွန်တော်တို့ ပတ်ကွေ့ကျေးရွာရောက်တော့ ရန်ကုန်-စစ် တွေ ကားလမ်းဘေးမှာ တဲအိမ်တွေ ဆောက်ထားတာ တွေ့ရပါ တယ်။ ပိုက်လိုင်းအနီးကအိမ်တွေမှာ လူတစ်ယောက်မှ မတွေ့ရ သလို အိမ်တွေဟာလည်း ဆွေးမြည့်လို့နေပါတယ်။ တချို့အိမ်တွေ ဆို အမိုးတွေတောင် မရှိတော့ပါဘူး။ ”ကျွန်တော်တို့အတွက် အိမ်နေရာ တိတိကျကျချပေးစေချင်ပါတယ်”လို့ ဦးသန်းထွန်းက ပြောပါတယ်။

ပတ်ကွေ့ကျေးရွာက အရှိုချင်းလူမျိုး ဒေါ်သန်းမြင့်မိသားစု ဆိုရင် ပိုက်လိုင်းမစခင် ကျပ်သိန်း ၂ဝ ခန့် အကုန်အကျခံပြီး ဆောက်ထားတဲ့ အိမ်ကို ဒီအတိုင်းစွန့်ပစ်ခဲ့ရတာပါ။ ”ပိုက်လိုင်း ကို ကြောက်လို့ ပစ်ထားခဲ့ရတာ။ ပေါက်ကွဲရင်သေနိုင်တယ်ဆိုလို့ ထားခဲ့တာ။ မနေရဲဘူး”လို့ သူက ဆိုတယ်။

လက်ရှိမှာတော့ ကားလမ်းဘေးမှာ ကျပ်တစ်သိန်းကျော် အကုန်အကျခံဆောက်လုပ်ထားတဲ့ ဝါးတဲအိမ်ကလေးမှာ သူတို့ မိသားစုနေထိုင်ကြပါတယ်။ ကျေးရွာသူ၊ ကျေးရွာသားတွေက ပိုက်လိုင်းပေါက်ကွဲနိုင်တယ်ဆိုတာကြောင့် အားလုံးပြောင်းရွှေ့ ခဲ့ပေမယ့် ပိုက်လိုင်းပေါက်ကွဲနိုင်ခြင်း ရှိ၊ မရှိကို တိတိကျကျ မသိကြပါဘူး။ ပိုက်လိုင်းနဲ့ ပတ်သက်ပြီး  တာဝန်ရှိသူတွေက လာ ရောက်ပညာပေးတာမျိုးလည်း မရှိဘူးလို့ ဒေသခံတွေက ဆို ပါတယ်။

အရှိုချင်းသင်္ချိုင်း

ပတ်ကွေ့ကျေးရွာကနေ ဆိုင်ကယ်နဲ့ နာရီဝက်ကျော်ဆက် သွားရင် ဆင်ခုံတိုင်ကျေးရွာကိုရောက်ပါတယ်။ ကျေးရွာနဲ့ ပိုက် လိုင်းက ချောင်းတစ်ခုသာခြားပါတယ်။ ဆင်ခုံတိုင်ကျေးရွာရဲ့ အဓိကပြဿ     နာက ပိုက်လိုင်းစီမံကိန်းကြောင့် ရွာရဲ့ သင်္ချိုင်းမြေ ကို မြေကြီးတွေ ဖုံးလွှမ်းသွားတဲ့ကိစ္စပါ။

ဒီရွာကလူတွေက အရှိုချင်းလူမျိုးတွေပါ။ အရှိုချင်းလူမျိုး တွေဟာ လူသေတဲ့အခါ မီးသင်္ဂြိုဟ်လေ့ရှိပါတယ်။ ကျန်ခဲ့တဲ့ အရိုးပြာကို မြေအိုးထဲထည့်ပြီး အဲဒီမြေအိုးကို သင်္ချိုင်းမြေပေါ်မှာ ချထားလေ့ရှိပါတယ်။ အိုးပေါ်မှာ သေဆုံးသူရဲ့နာမည်ကို ရေးထား တတ်ကြတယ်လို့ဆိုပါတယ်။ သေဆုံးသွားသူတွေကို သတိရတဲ့ အခါ ကျန်ခဲ့တဲ့အရိုးပြာအိုးကို သွားကြည့်တာမျိုး လုပ်လေ့ရှိတယ် လို့ ဒေသခံတွေက ဆိုပါတယ်။

”အခုကတော့ သတိရရင်လည်း ဘာမှ သွားကြည့်စရာမရှိ တော့ဘူး”လို့ ဆင်ခုံတိုင်ကျေးရွာက ချင်းတိုင်းရင်းသားတစ်ဦးက ပြောပါတယ်။ သူက အမည်မဖော်စေချင်ပါဘူး။ သူတို့က အမည် နဲ့တကွ ပြောရမှာကို ကြောက်နေကြပါတယ်။

သင်္ချိုင်းပျောက်သွားတဲ့အတွက် ကျေးရွာထဲက ဦးသိန်း အောင်ဆိုတဲ့ အဘိုးအိုတစ်ယောက်က သူ့ဥယျာဉ်အနားမှာ ပေ ၄ဝ၊ ၆ဝ မြေကွက်တစ်ကွက်ကို ရွာသင်္ချိုင်းလုပ်ဖို့အတွက် လှူ လိုက်ပါတယ်။

”သူလှူတဲ့သင်္ချိုင်းမှာ သူပဲ ပထမဆုံး ခေါင်းချသွားရတာ ပဲဗျာ”လို့ ဆင်ခုံတိုင်ကျေးရွာမှ ကိုဟန်ဝင်းအောင်က ပြောပါ တယ်။ ပိုက်လိုင်းလမ်းကြောင်းမှာပါသွားတဲ့ သင်္ချိုင်းမြေအတွက် လျော်ကြေးရရင် မကျွတ်မလွတ်သေးတဲ့ သေဆုံးသွားသူတွေ အတွက် ရေစက်ချအမျှဝေတာလေးတွေ လုပ်ပေးစေချင်တယ်လို့ ကျေးရွာဒေသခံတွေက ပြောဆိုကြပါတယ်။

အဲဒီနေ့ ညဘက်မှာ အမ်းမြို့ကို ပြန်ပြီး အိပ်ပါတယ်။ နိုဝင် ဘာ ၂၅ ရက်မှာတော့ အမ်းမြို့ပေါ်က မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံးနဲ့ မြို့နယ်မြေစာရင်းဦးစီးဌာနရုံးတို့ကို  သွားရောက်ကာ မေးမြန်းဖို့ကြိုးစားတဲ့အခါ မြို့နယ်အုပ်ချုပ်ရေးမှူးက ခရီးသွား နေသလို မြေစာရင်းဦးစီးကလည်း သူတို့နဲ့ မသက်ဆိုင်ဘဲ MOGE ကိုသာ သွားရောက် မေးမြန်းပါလို့ ဖြေကြားခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ကျွန်တော်တို့ရဲ့ ရခိုင်ပိုက်လိုင်းလေ့လာရေးခရီးစဉ်ကို အဆုံးသတ်ကာ ရန်ကုန်ကို ပြန်လာခဲ့ပါတယ်။

အစိုးရသစ်အတွက် စိန်ခေါ်မှု

ရခိုင်ပြည်နယ်က ပိုက်လိုင်းဖြတ်သွားတဲ့ မြို့နယ်နှစ်ခုမှာ လျော်ကြေးပေးတဲ့အခါ အမြဲသိမ်းမြေအတွက် ဒေသပေါက်ဈေး ဖြစ်တဲ့ လယ်တစ်ဧကကို ၁၆ သိန်း၊ ၁၇ သိန်း၊ ၁၈ သိန်းဆိုပြီး သုံး မျိုးခွဲပေးခဲ့သလို ဥယျာဉ်ခြံမြေတစ်ဧကကို သိန်း ၃ဝ ပေးခဲ့တယ် လို့ MOGE မှ ၂ဝ၁၂ ခုနှစ် မြေယာလျော်ကြေးပေးခဲ့တဲ့ထုတ်ပြန် ချက်မှာ ဖော်ပြထားပြထားပါတယ်။

ပိုက်လိုင်းစီမံကိန်းအတွက် မြေတွေကို သိမ်းဆည်းတဲ့အခါ အမြဲသိမ်းမြေနဲ့ ယာယီသိမ်းမြေဆိုပြီး နှစ်မျိုးရှိပါတယ်။ အမြဲ သိမ်းမြေကို ကုမ္ပဏီက ပိုင်ဆိုင်ခွင့်ရှိပြီး ယာယီသိမ်းမြေကိုတော့ မူလမြေပိုင်ရှင်က ပိုင်ဆိုင်ခွင့်ရှိပါတယ်။ ယာယီသုံးမြေကို ကုမ္ပဏီ က ပိုက်လိုင်းတည်ဆောက်ဖို့ သုံးနှစ်အတွင်းသာ အသုံးပြုခွင့်ရှိ တယ်လို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေက ထုတ်ပြန်တဲ့ လက်ကမ်းစာစောင်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ကျောက်ဖြူမြို့နယ်ကနေ အမ်းမြို့နယ်အဆုံးအထိ ပိုက်လိုင်းလမ်းကြောင်းတစ်လျှောက်က တောင်သူတွေဟာ လယ်ဘယ်နှဧကပါသွားလို့ ဘယ်လောက်လျော်ကြေးရတယ်၊ ဥယျာဉ်ခြံက သီးနှံပင်အရေအတွက် ဘယ်လောက်ပါလို့ လျော် ကြေးဘယ်လောက်ရတယ်ဆိုတာ မသိကြပါဘူး။

တချို့ရွာတွေမှာ မြေယာကို ကုမ္ပဏီက ပိုင်သွားပြီလို့ ပြော ကြပေမယ့် တချို့ရွာတွေမှာတော့ ငါးနှစ်ပြည့်ရင် တစ်ကြိမ်လျော် ကြေးထပ်ပေးမယ်လို့ သိထားကြပါတယ်။ တချို့ရွာတွေမှာဆိုရင် ဆန္ဒပြကန့်ကွက်လို့ လျော်ကြေးပိုရတာတွေလည်းရှိသလို လျော် ကြေးပေးတဲ့ စာချုပ်စာတမ်း မရကြတာတွေလည်းရှိပါတယ်။

လျော်ကြေးပေးတဲ့အချိန်တုန်းက မြေစာရင်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစတဲ့အာဏာပိုင်တွေနဲ့ နီးစပ် သူတချို့ဟာ တခြားသူပိုင်တဲ့ မြေကွက်တွေကို ပိုင်ရှင်အမည်ခံပြီး ပိုက်ဆံထုတ်သွားတာတွေလည်း ရှိတယ်လို့ အမ်းမြို့နယ်မှ ပိုက်လိုင်းစောင့်ကြည့်ရေးအဖွဲ့တာဝန်ခံ ကိုမျိုးလွင်က ဆိုပါတယ်။ အဲဒီလိုထုတ်သွားတဲ့သူတွေ တိုင်ကြားခံရတဲ့အတွက် အမ်းမြို့ နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက် ထောင်ကျသွားတဲ့ အထိဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။ ဒီအချက်ကို ကျွန်တော်တို့ သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။

ဒီလိုကိစ္စတွေရှိတဲ့အတွက် နစ်နာတဲ့လယ်သမားတွေကို ဘယ်လိုဆောက်ရွက်ပေးဖို့ရှိပါသလဲလို့ MOGE က ညွှန်ကြား ရေးမှူး ဦးဝေဦးကို မေးကြည့်တော့ သူက ”ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ဘာမှ လုပ်ပေးဖို့ မရှိဘူး”လို့ ဖြေပါတယ်။

အမ်းမြို့နယ် ပိုက်လိုင်းစောင့်ကြည့်ရေးတာဝန်ခံ ကိုမျိုး လွင်ကတော့ အမ်းမြို့နယ်ထဲက ပိုက်လိုင်းစီမံကိန်းမှာ လျော် ကြေးမရတဲ့သူတွေ၊ လျော်ကြေးရပေမယ့် တန်ရာတန်ကြေးမရ ခဲ့တဲ့သူတွေ၊ ပိုက်လိုင်းကြောင့် နောက်ပိုင်း ထိခိုက်နစ်နာမှုရှိတဲ့သူ တွေအတွက် အစီအစဉ်တစ်ခုရှိတယ်လို့ အခုလိုဆိုပါတယ်။

”အစိုးသစ်လက်ထက်မှာ တက်လာမယ့်သမ္မတ မိန့်ခွန်း ပြောပြီး ၂၄ နာရီအတွင်း လူထုလှုပ်ရှားမှုတစ်ခု ကျွန်တော်တို့ လုပ်သွားမှာပါ”

ပိုက်လိုင်းဖြတ်သွားတဲ့ အခြားနေရာတွေဖြစ်တဲ့ မြန်မာ နိုင်ငံအလယ်ပိုင်းနဲ့ ရှမ်းပြည်နယ်ဘက်မှာရော အခြေအနေ တွေက ဘယ်လိုရှိပါသလဲ။ နောက်လာမယ့် အပိုင်းတွေမှာ ဖတ်ရှု နိုင်ပါတယ်။      ။

http://mawkun.com/feature/rakhine_human_right/

Enter Email To Subscribe

Enter your email address:

Monthly Popular Posts

အခမဲ့အင်္ဂလိပ်စာလေ့လာကြရအောင်

Recent Posts

Blog Archive