ရခိုင်ပြည်နယ်နေ့ ကျယ်ကျယ်ပြန့်ပြန့် မကျင်းပနိုင်

ဧရာဝတီ

ယနေ့ ကျရောက်သော ၃၅ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ရခိုင်ပြည်နယ် အတွင်း ကျောက်တော် မြို့နယ် တခုတည်းတွင်သာ ကျင်းပနိုင်ကြောင်း သိရှိရသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က “ပါတီရုံးချုပ်မှာ ပြည်နယ်နေ့အခမ်းအနား ကျင်းပဖို့က ရွေးကောက်ပွဲကော်မရှင်ကို စာတင်ဖို့ အချိန်မရလိုက်တဲ့အတွက် မကျင်းပနိုင်တော့ပါဘူး။ နောက်ပြီး ရုံးချုပ်နေရာ အပြောင်းအရွှေ့လည်း ရှိနေတော့ စစ်တွေမှာ အခမ်းအနား မလုပ်နိုင်တော့ဘဲ ကျောက်တော် တမြို့နယ်မှာပဲ လုပ်လိုက်ရပါတယ်” ဟု ၄င်းက ပြောသည်။

rakhaing-2010-01
ရန်ကုန်တွင် ကျင်းပသော ရခိုင်ပြည်နေ့ အခမ်းအနားတွင် စည်တော် ယွန်းနေစဉ်။ (ဓာတ်ပုံ - ဧရာဝတီ)
မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အာဏာရစဉ်က ရေးဆွဲခဲ့သော ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအရ ၁၉၇၅ ခုနှစ်မှစ၍ ဒီဇင်ဘာ ၁၅ ရက်နေ့ကို ရခိုင်ပြည်နယ်နေ့ အဖြစ် သတ်မှတ် ပေးခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရ လက်ထက်တွင် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို အာဏာပိုင်များက ဦးဆောင် မကျင်းပပေးသည့် အပြင် ကျယ်ပြန့်စွာ မကျင်းပနိုင်ရန် ပြုလုပ်ထားကြောင်း ဒေါက်တာ အေးမောင်က ပြောသည်။

၎င်းက “ဆိုရှယ်လစ်ခေတ် တခေတ် လုံးမှာတော့ ပြည်နယ်နေ့ အခမ်းအနားကို အကျယ်တ၀င့် ပြုလုပ်နိုင်ခဲ့ပါတယ်။ ၁၉၈၈ အရေး အခင်းအပြီး တပ်မတော် အစိုးရ တက်လာတော့ ပြည်သူနဲ့ နိုင်ငံရေး အဆက်ပြတ်အောင် လုပ်တဲ့ သဘောလည်း ပါကောင်းပါမယ်လေ။ ပြည်နယ်နေ့ အခမ်းအနားကို အရင်လို မလုပ်နိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ရခိုင်တွေရဲ့ ရင်ထဲမှာတော့ ဒီနေ့ဟာ တို့ပြည်နယ်နေ့ပါဆိုတာ ရှိနေပါတယ်” ဟု ဆိုသည်။

ရန်ကုန်ရှိ ရခိုင်တိုင်းရင်းသားများကလည်း တာမွေမြို့နယ် မေတ္တာညွန့် ရပ်ကွက်အတွင်းရှိ ရန်ကင်း သာသနာပြုကျောင်းတိုက်တွင် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ကျင်းပကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ တက်ရောက်သည့် ရခိုင်သံဃာတော်တပါးက “အရင်က ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ကြီးကြီးကျယ်ကျယ် ကျင်းပတယ်။ အခုတော့ ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ရခိုင်ပြည်နယ်မှာတောင် လွတ်လွတ်လပ်လပ် ကျင်းပလို့မရဘူး။ ဒီစစ်အစိုးရကိုယ်တိုင် ပြောပြောနေတဲ့ လူမှုရေးဦးတည်ချက် ၄ ရပ်ထဲက အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုတာ ဘာတွေလဲလို့ မေးရမယ်” ဟု မိန့်သည်။

အဆိုပါ အခမ်းအနားသို့ ရခိုင်တိုင်းရင်းသား ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး သံဃာတော် ၉ ပါးအား ဆွမ်း၊ သင်္ကန်း ကပ်လှူခြင်း၊ ရခိုင်အာဇာနည်များအကြောင်း ဟောပြောခြင်း၊ ရခိုင်စည်တော် ယွန်းခြင်း၊ ခရုသင်းမှုတ်ခြင်းများ ပြုလုပ်ကြောင်း သိရသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။