တိုက်ပွဲရပ်ပြီး နိုင်ငံရေးအရဖြေရှင်းဖို့ သဘောထားရှိတယ် – ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်

By မျိုးဇော်လင်း 6 May 2016
ရက္ခိုင့်တပ်မတော် ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်။

ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံရွာသား ရာပေါင်းများစွာ နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြပါတယ်။ စစ်ပွဲတွေရပ်စဲဖို့ ရခိုင်ပြည်နယ်တွင်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် အမျိုးသားလွှတ်တော်မှာ စစ်ရပ်စဲရေး အရေးကြီးအဆို တင်သွင်းဆွေးနွေးရာမှာ လွှတ်တော်က မှတ်တမ်းတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရက္ခိုင်တပ်မတော် (Arakan Army) ကို ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က ကချင်ပြည်နယ်မှာ စတင်တည်ထောင်ခဲ့ပြီး ဒီနှစ်ဆန်းကစပြီး ရခိုင်ပြည်နယ်တွင်းမှာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ရက္ခိုင့်တပ်မတော် ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်က သူတို့ဟာ ရသင့်ရထိုက်တဲ့ နိုင်ငံရေး အဆင့်အတန်း၊ အခွင့်အရေး ရရှိဖို့အတွက် တိုက်ပွဲဝင်နေတာဖြစ်ပြီး နိုင်ငံရေးအရ ဖြေရှင်းဖို့ သဘောထားရှိတယ်လို့ ဒီဗွီဘီနဲ့ သီးသန့်မေးမြန်းရာမှာ ဖြေဆိုပါတယ်။ ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

လက်ရှိ ရခိုင်မှာဖြစ်နေတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအခြေအနေရှိတယ်၊ ဘယ်တွေဖြစ်နေလဲ ပြောပေးပါဦးခင်ဗျ။

“ရခိုင်မှာဖြစ်နေတဲ့တိုက်ပွဲ စဖြစ်တာကတော့ ကျနော်တို့လှုပ်ရှားတဲ့၊ နေထိုင်တဲ့ခွင်ကို တပ်မတွေ ထိုးလာတာပေါ့။ စတခ ၁၅ တို့၊ ၅ တို့ ၉ တို့ပေါ့။ အဲ့ဒါ ထိုးလာတယ်ဆိုတော့ ကျနော်တို့လည်း ဒီလို ရွေ့လျားတိုက်ပွဲပေါ့နော်။ ဒါ လှုပ်ရှားစစ်ကြောင်းနဲ့ပဲ ပြန်ခုခံတာပေါ့။ ဒါကြောင့် ဒုက္ခသည်တွေကလည်း ကြောက်လန့်ပြီးတော့ ထွက်ပြေးသွားတာ။ တကယ်တမ်း တိုက်ပွဲဖြစ်တာက ၇ ကြိမ်၊ ၈ ကြိမ်လောက်တော့ဖြစ်တယ်။ နှစ်ဘက်ရင်ဆိုင်ဖြစ်တာပေါ့။ ပြောက်ကျား ကြိုးကြားကြိုးကြားဖြစ်တာတော့ အများကြီးဖြစ်တယ်။ အဲ့လိုဖြစ်တဲ့အချိန်မှာ အစိုးရတပ်တွေက ရမ်းသမ်းပစ်တာများတယ်။ လက်နက်ကြီးတွေကို ရွာတွေမှာ ကျလာတယ်။ အဲ့ဒါကြောင့် ရွာသွားတွေက ကြောက်လန့်ပြီး ပြေးသွားတာများတယ်။ နောက်ပြီးမှ သူတို့က အမြစ်ပြတ်ချေမှုန်းရေးပုံစံဆိုတော့ ရိက္ခာတွေဘာတွေကို ၀ယ်ယူတာတို့၊ ပို့ဆောင်တာတို့ အကုန်လုံး ဖြတ်တောက်ထားတော့ ရွာသားတွေလည်း ရိက္ခာပြတ်ပြီးမှ အကုန်လုံး စစ်ဘေးဒုက္ခသည်တွေ ဖြစ်ကုန်တာပေါ့။”

နှစ်ဘက်ထိခိုက်မှု အနေနဲ့ကော ဘယ်လိုမျိုးရှိလဲခင်ဗျ။

“၁၆ ရက်နေ့ကနေပြီးမှ ကျတာတော့ ၁ ယောက်ရှိခဲ့တယ်။ ထိခိုက်ဒဏ်ရာရတာတော့ ၈ ယောက်၊ ၉ ယောက်တော့ရှိတယ်။ ဒဏ်ရာပြင်းထန်တာ ၁ ယောက်ပေါ့။ ကျနော်တို့နေထိုင်တဲ့ နေရာကိုတော့ ကျနော်တို့က သေချာပြင်ဆင်ပြီးမှ နေနေတာလေ။ အဲ့တော့ သူတို့က အင်အားအများကြီး သုံးပြီးတော့မှ ညှပ်ပြီးဝင်တယ်ဆိုတော့ သူတို့အတွက် ထိခိုက်ဒဏ်ရာရတာများတယ်လို့ သိထားတယ်။ ဆေးရုံတွေကို တင်တာတို့ အရပ်သားတွေ ကိုယ်တိုင်လည်း မျက်မြင်ပေါ့နော်။ တော်တော်လေးများတယ်။ ရာဂဏန်းလောက်ထိရှိမယ်။ ထိခိုက်ဒဏ်ရာ ၆၀ အထက်ပေါ့။”

တိုက်ပွဲတွေရပ်သွားဖို့ ရခိုင်မှာရှိတဲ့ ပြည်နယ်အချို့မှာလည်း ဆန္ဒထုတ်ဖော်မှုတွေ ရှိနေတယ်ပေါ့နော်။ ရန်ကုန်မှာလည်း ရှိနေတယ်ဆိုတော့ တိုက်ပွဲတွေရပ်ဖို့ဆိုရင် အဓိက အကြောင်းအရင်းက ဘာများလိုအပ်မလဲခင်ဗျ။

“အဓိကအကြောင်းအရာကတော့ အခု အစိုးရဘက်က လှုပ်ရှားနေတဲ့ စစ်ဆင်ရေးတွေကို ရပ်လိုက်ရင် တိုက်ပွဲက ရပ်ပါတယ်။ အဲ့ဒါက ကျနော်တို့ဘက်က စတိုက်တာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဒီမိုကရေစီ လူထုတင်မြှောက်ထားတဲ့ အစိုးရနဲ့ နိုင်ငံရေးအရ ဖြေရှင်းဖို့အတွက် ကျနော်တို့ စောစောကတည်းက သဘောထားရှိပြီးသားဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က စပြီးတော့ မတိုက်ဘူး။ ကျနော်တို့မြင်တာက ဒီ စစ်ဘက်ဆိုင်ရာ အာဏာလက်လွှတ်လိုက်ရတဲ့ အုပ်စုတွေက တိုက်ပွဲကို ဖန်တီးပြီးတော့မှ အစိုးရသစ်ကို အကျပ်အတည်းဖြစ်အောင် တဘက်လှည့်နဲ့ ဖန်တီးသလားဆိုတဲ့ စဉ်းစားချက်လည်း ဖြစ်တယ်ဗျ။ ဒါကြောင့် တိုက်ပွဲတွေကို ရပ်နားဖို့က ကျနော်တို့က ပိုရပ်နားချင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့လူထုက ပိုပြီးမှ ဒီတိုက်ပွဲဒဏ်တွေကို ခံရတာကို။ တိုက်ပွဲဖြစ်တော့ ကျနော်တို့လူထု နစ်နာတာကို ကျနော်တို့ ဘယ်ဖြစ်ချင်ပါ့မလဲ။ ဒါပေမယ့် ဟိုကနေ အမြစ်ဖြတ်ချေမှုန်းဖို့ စစ်ဆင်ရေး လုပ်လာတော့ ကျနော်တို့လည်း ခုခံရတော့မှာပေါ့။ လူထုသဘောထားကတော့ တိုက်ပွဲရပ်ဖို့၊ နိုင်ငံရေးအရ ဖြေရှင်းဖို့။ ကျနော်တို့လည်း တိုက်ပွဲရပ်ပြီး နိုင်ငံရေးအရဖြေရှင်းဖို့ သဘောထားရှိတယ်။”

စစ်ဘေးဒုက္ခသည်တွေက တိုးတိုးလာတယ်ဆိုတော့ အစ်ကိုတို့ဘက်ကနေပြီးတော့ ဆက်လက်ဖြစ်နေမယ်ဆိုရင်။

“အဲ့ဒါကတော့ ကျနော်တို့ အန်ဂျီအိုတွေကော၊ အခြား လူထုအခြေပြု အဖွဲ့အစည်းတွေပဲ ဒီကိစ္စကို အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်ပေါ့။ ဒီကိစ္စကို တကယ်လို့ လိုအပ်ရင် နိုင်ငံတကာအဖွဲ့အစည်းတွေကို အကူအညီ တောင်းခံပြီးတော့မှ ကျနော်တို့ လူမှုဒုက္ခတွေ၊ စစ်ဘေးဒုက္ခသည်တွေရဲ့ ကိစ္စတွေကို ဆောင်ရွက်ဖို့အတွက် ကြိုးစားသွားမှာပါ။”

ဟုတ်ကဲ့။ လက်ရှိအခြေအနေမှာကော တိုက်ပွဲတွေ အခြေအနေက ဘယ်လိုရှိလဲခင်ဗျ။

“တိုက်ပွဲအခြေအနေက ကျနော်တို့ကတော့ ကျနော်တို့စစ်ကြောင်းကို တတ်နိုင်သမျှ ရှောင်ပေးဖို့တော့ ညွှန်ကြားထားတယ်။ သို့သော် ကျနော်တို့ ရှောင်လို့မရတဲ့ အနေအထားတွေ ရှိလာရင်တော့ ပြန်ပြီးမှ ခုခံရတော့မှာဖြစ်တယ်။ ဒါကြောင့် အခု ဒီရက်ပိုင်းမှာ တိုက်ပွဲကြီးကြီးမားမား မဖြစ်သော်လည်းဘဲ အရမ်းရှောင်ရခက်တဲ့ အနေအထားမျိုးတွေ ရောက်ခဲ့ပြီဆိုရင်တော့ ကျနော်တို့လည်း ပြန်လည်ခုခံရတော့မှာဖြစ်တယ်။ ဒါကြောင့် တိုက်ပွဲအနေအထားက ပိုဆိုးသွားနိုင်တဲ့ အနေအထားမျိုးလည်း ရှိနေတယ်ခင်ဗျ။”

အေအေကို ကူညီပေးတဲ့ တိုင်းရင်းသားအဖွဲ့တွေကော ရှိလားခင်ဗျ။ ဘယ်လိုမျိုးရှိလဲဗျ။ ဘယ်နှဖွဲ့လာက်ရှိလဲ။

“ကျနော်တို့ တိုင်းရင်းသား မဟာမိတ်တွေပေါ့။ တပ်ပေါင်းစုအနေနဲ့ ပူးပေါင်းဆောင်ရွက်တာရှိတယ်။ အချို့နေရာတွေပေါ့နော်။ ကေအိုင်အို၊ ကေအိုင်အေနဲ့လည်း ကျနော်တို့ ပူးပေါင်းစစ်ဆင်ရေးတွေလည်း လုပ်ခဲ့တာပဲ။ ကိုးကန့်၊ ပလောင်မှာလည်း လုပ်တာပဲ။ ဒီကေဘီအေမှာလည်း ကျနော်တို့ လှုပ်ရှားခဲ့တယ်ဆိုတော့ ကျနော်တို့ မိတ်ဆွေတော့များတယ်ဗျ။ ဒါကြောင့် မိတ်ဆွေတွေနဲ့ အကုန်ပူးပေါင်းဆောင်ရွက်မှု ဆိုတာက ကိုယ်စီကိုယ်စီ ရှိကြတာပေါ့။ တခြား အသီးသီး မှတ်ချက်တွေတော့ ကျနော် မပေးလိုဘူးခင်ဗျ။ အဓိကကတော့ ရက္ခိုင့်တပ်မတော်က တိုက်ပွဲဝင်တာပါပဲ။ ကျန်တာကတော့ နည်းနည်းပါးပါးတော့ ရှိရင်လည်း ရှိမှာပေါ့။ နည်းဗျူဟာအဆင့်မှာကျတော့။ ဒါက ခုနက ပြောသလိုပဲ စစ်ဘက်ဆိုင်ရာ အနေအထားဆိုတော့ အတိအကျ မှတ်ချက်မပေးလိုဘူးလို့ ကျနော် စောစောက ပြောတဲ့အတိုင်းပါပဲ။”

အစ်ကိုတို့ ဒီအစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေးလုပ်ဖို့ အခြေအနေတွေ ဘယ်လိုမျိုးရှိလဲခင်ဗျ။

“ကျနော်က ဒီကိစ္စမှာ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးထက် နိုင်ငံရေးအရ အဖြေရှာတယ်ဆိုတာကို ပိုပြီးတော့မှ သဘာဝကျတယ်လို့ ပြောလိုတယ်။ ကျနော်တို့က ရှာဖွေနေတာ ငြိမ်းချမ်းရေးဆိုတာထက် ကျနော်တို့ ရသင့်ရထိုက်တဲ့ နိုင်ငံရေးအဆင့်အတန်း၊ အခွင့်အရေးကို လိုနေတာဖြစ်တယ်။ အဲ့ဒါရရင် ငြိမ်းချမ်းရေးက ရပြီးသားပဲ။ ဒါကြောင့် ဒီအစိုးရက ဒီမိုကရေစီစနစ်အရ လူထုသဘောနဲ့ ရွေးကောက်ထားတဲ့ အစိုးရဖြစ်တယ်။ ဒါကြောင့် ဒီအစိုးရက လူထုသဘောထားအတိုင်း ပြည်ထောင်စုကို ကောင်းမွန်စွာ တည်ဆောက်မယ်လို့ ကျနော်တို့ မျှော်လင့်ထားတယ်။ သို့သော်လည်းပဲ ကျနော်တို့ ဒီအစိုးရ ဘယ်အတိုင်းအတာထိ ဆောင်ရွက်နိုင်မလဲ၊ သူ့ရဲ့စစ်တပ်ပေါ့နော် အစိုးရရဲ့ စစ်တပ်ကနေပြီးတော့မှ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လောက်ထိ လိုက်နာမလဲဆိုတာလဲ မေးခွန်းတွေအဖြစ်ပဲ ရှိနေပါသေးတယ်။”

အစိုးရသစ်ကနေပြီးတော့ ကမ်းလှမ်းမှုတွေ ရှိလားခင်ဗျ။

“ကမ်းလှမ်းမှုက မရှိဘူး။ ကျနော်တို့ဘက်ကတော့ သူတို့ဘက်က  ကမ်းလှမ်းတယ်ဆိုရင် နိုင်ငံရေးအရ အဖြေရှာဖို့ အမြဲတမ်း အသင့်ရှိနေပါတယ်။”

လွှတ်တော်မှာလည်း ရခိုင်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ အဆိုတင်သွင်းတာတွေလည်း ရှိတယ်ဆိုတော့ အစ်ကိုတို့ဘက်ကကော ဘယ်လိုမျိုး ကမ်းလှမ်းထားတာ ရှိလဲခင်ဗျ။

“ဒါ လူထုရဲ့ဆန္ဒပဲ။ ကျနော်တို့ လေးစားတယ်။ လူထုက တိုက်ပွဲတွေကို မလိုလားဘူး။ နိုင်ငံရေးအရ အဖြေရှာဖို့ဆိုတာ ဒါ နည်းလမ်းတကျ တောင်းဆိုတဲ့ လူထုဆန္ဒပဲ။ ဒါ ဒီမိုကရေစီအရဆိုလည်း တရားနည်းလမ်းကျတယ်။ အဲ့ဒါကို လွှတ်တော်က ဆုံးဖြတ်တဲ့ပုံစံကို ကျနော်တို့တွေ့ရတော့ ကျနော်တို့ အရမ်းအံ့သြမိတယ်ပေါ့။ ၂၀၀၈ အခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ လွှတ်တော်က တိုင်းရင်းသားအရေးအရာတွေကို ဖြေရှင်းတဲ့အခါမှာ ဒီလိုပုံစံမျိုးပဲ ဖြစ်နေရင်တော့ တိုင်းရင်းသားတွေအတွက် အလားအလာကောင်းတဲ့၊ ရှေ့ပြေးနိမိတ်တော့ မဟုတ်ဘူးဗျ အဲ့ဒါကလေ။ တိုင်းရင်းသားတွေရဲ့ ဆန္ဒတွေပေါ့နော်။ အဲ့ဒါကို မှတ်တမ်းအဖြစ်ပဲ ထားတာဆိုတော့ ကျနော်တို့ တခြားတိုင်းရင်းသားတွေကိုလည်း ဒီလိုမျိုး အကုန်လုံးပေါ့နော် ဖြစ်လာမလားဆိုတာ ဒါ ရင်လေးစရာပါ။ ကျနော်တို့ကတော့ နဂိုကတည်းက ကျနော်တို့လူထုတွေ လိုလားတဲ့ ကျနော်တို့လူထုအတွက် လိုအပ်နေတဲ့ အခွင့်အရေးတွေအတွက် မရရင် ရတဲ့နည်းလမ်းနဲ့တော့ တိုက်ပွဲဝင်သွားမှာပဲ။ အကောင်းဆုံးနည်းလမ်းကတော့ နိုင်ငံရေးအရ ဖြေရှင်းတာပေါ့ဗျာ။ မရရင်လည်း ဆက်ပြီး တိုက်ပွဲဝင်မှာပေါ့။ ကျနော်တို့လည်း အများနည်းတူပေါ့နော်။ အရင်အစိုးရ လက်ထက်ကတည်းက အန်စီစီတီနဲ့ ဆွေးနွေးထားတဲ့ အချက်အလက်တွေ အများကြီးရှိပါတယ်။ တိုင်းရင်းသားဒေသတွေအတွက်၊ တိုင်းရင်းသား လူမျိုးတွေအတွက်၊ မြန်မာနိုင်ငံသားတွေရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ အတွက်ပေါ့။ အဲ့ဒီအခွင့်အရေးတွေအတွက် ကျနော်တို့ မှန်မှန်ကန်ကန်နဲ့ ရပ်တည်ပြီးတော့မှ ဆွေးနွေးလုပ်ဆောင်သွားဖို့ပါ။ အဆင်သင့်ကြိုဆိုနေပါတယ်။ အဲ့ဒါတွေအတွက်။”

http://burmese.dvb.no/archives/148485
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။