‘‘၁၅ နှစ်တာအတွင်း ဒီနှစ်သင်္ကြန်ဟာ အစ်မအတွက်တော့ ထာဝရအမှတ်ရနေမယ့်သင်္ကြန်ပါပဲ’’

အေးမြတ်သူနှင့်တွေ့ဆုံခြင်း

Byလွင်သဲငယ်ဦးOn  Wed, 2016-04-20 09:30Issue No.အတွဲ (၁၅)၊ အမှတ် (၆)

သင်္ကြန်ကာလအတွင်း ရိုးရှင်းသော ဝတ်စားဆင်ယင်မှုဖြင့် ရပ်ကွက်အတွင်း အုန်းလက်မဏ္ဍပ်တွင် ရေကစားနေသည့် ရုပ်ရှင်သရုပ်ဆောင် အေးမြတ်သူ၏ ပုံရိပ်များက မြန်မာပြည် ဆိုရှယ်လူမှုကွန်ရက်စာမျက်နှာများ၌ လူ ကြိုက်များပြီး ပျံ့နှံ့မှု အားကောင်းခဲ့သည်။ ထို့အပြင် နှစ်ဆန်းတစ်ရက်နေ့တွင်လည်း ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့သည့် ပုံရိပ်များ ထပ်မံပျံ့နှံ့လာပြီး ပရိသတ်၏ ချစ်ခင်အားပေးမှုကို ဆက်လက်ရရှိခဲ့သည့် ရုပ်ရှင်သရုပ်ဆောင်
အေးမြတ်သူ၏ သင်္ကြန်တွင်း ရေကစားဖြစ်ပုံနဲ့ ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့သည့်အပေါ် 7Day News ဂျာနယ် ပရိသတ်များ အတွက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။


ပထမဆုံးအနေနဲ့ ဒီနှစ်သင်္ကြန်မှာ အုန်းလက်မဏ္ဍပ်နဲ့ ရေကစားဖြစ်ခဲ့တဲ့အကြောင်းလေး ပြောပြပေးပါဦး။

အဲဒီလို ဆော့ဖြစ်ဖို့တော့ ကြိုပြီး စိတ်ကူးထားတာတော့ မရှိပါဘူး။ ဒီနှစ်က ရာသီဥတု အရမ်းပူတယ်ဆိုတော့ အစ်မအနေနဲ့ သင်္ကြန်ဘယ်မှမသွားဘဲ အိမ်မှာပဲ နားနားနေနေနေမယ်လို့ စဉ်းစားထားတာပေါ့။ ဒါပေမဲ့ သင်္ကြန် ရောက်လာတော့ သင်္ကြန်ကားတွေဖြတ်သွားတာတွေ၊ သံချပ် အသံတွေနဲ့ မဏ္ဍပ်က သီချင်းသံတွေကြားရတော့ ရေဆော့ချင်တဲ့စိတ် ဖြစ်လာတယ်။ အဲဒီလို အစ်မ မဆော့ဖြစ်တော့တာ အထက်တန်းကျောင်းသူ ဘဝကတည်းကဆို ဆယ့်ငါးနှစ်လောက်ရှိပြီ ထင်တယ်။ နှစ်တိုင်းမဏ္ဍပ်တွေမှာ သီချင်းဆိုတယ်။ ပြီး ခရီးသွားတာတွေနဲ့ ဖြတ်သန်းနေရတာလေ။ ဒီနှစ်တော့ တကယ်ကို လွတ်လွတ်လပ်လပ်နဲ့ အခုလိုရေကစားရလို့ အရမ်းပျော်ရွှင်ရပါတယ်။

အစ်မက ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်ဖြစ်တာကြောင့် လူစည်ကားတဲ့ သင်္ကြန်တွင်းမှာ အခုလို ရေကစားတယ်ဆိုတော့ အစ်မအနေနဲ့ စိုးရိမ်စိတ် ဥပမာ- ကိုယ့်လုံခြုံရေးကိုလည်း စိတ်ပူမိတာမျိုးကော ရှိလားအစ်မ။

အဲဒီလို စိုးရိမ်စိတ်တော့ မရှိခဲ့ဘူးရှင့်။ ဘာလို့လဲဆိုတော့ သင်္ကြန်ဆိုတာ မြန်မာလူမျိုးတွေ အတွက်​ ရိုးရာပွဲတော်တစ်ခု ဖြစ်သလို အချင်းချင်းလည်း မောင်နှမသားချင်းတွေလို စိတ်ထားကြတာ တွေ့ရတယ်။ အစ်မကို ရေပက် မယ်ဆိုလည်း ယဉ်ယဉ်ကျေးကျေး ပြောကြတယ်။ ကားတွေ တားပေး ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ယဉ်ယဉ်ကျေးကျေးပဲ ရေကစားခဲ့ကြ တယ်။ နောက်ပြီး အစ်မက ကိုယ့် ဝါသနာနဲ့ အသက်မွေးမှုက
မင်းသမီး တစ်ယောက်ဖြစ်ပေမယ့်လည်း ကင်မရာနောက်ကွယ်မှာဆို သာမန်လူလိုပဲ။ ငါက မင်းသမီးဆိုပြီး စိတ်မရှိတဲ့အတွက် သာမန်လူလိုနေတာကြောင့် အဲဒီလိုစိုးရိမ် စိတ်၊ ပူပန်စိတ်တွေ မရှိဘူးညီမ။

အစ်မအနေနဲ့ ဒီနှစ်ဖြတ်သန်းတဲ့ သင်္ကြန်အတွေ့အကြုံနဲ့ မနှစ်က ဖြတ်သန်းခဲ့တဲ့ သင်္ကြန်အတွေ့အကြုံနှိုင်းယှဉ်ကြည့်ရင် ဘယ်လိုတွေ ကွာခြားမှုရှိလဲ။

သရုပ်ဆောင်အနေနဲ့ အရင်နှစ်တွေက သင်္ကြန်တွေမှာ မဏ္ဍပ်တွေမှာ သီချင်းဆိုတာနဲ့ပဲ ဖြတ်သန်းတာ များတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ အရင်နှစ်တွေနဲ့ မတူဘဲ ထူးထူးခြားခြား အုန်းလက်မဏ္ဍပ်မှာ ရေပက်ခဲ့တယ်။ ပြီးတော့ ရေဆော့နေကြရင်း မောင်နှမတွေ ဖြစ်သွားသလို ခံစားရတယ်။ သင်္ကြန်ရက်တွေမှာ မနက်ပိုင်း ဘုရားသွား ပဋ္ဌာန်းရွတ်တယ်။ ပြီး ညနေရေ ကစားရင်းနဲ့ သင်္ကြန်ကို ဖြတ်သန်းရတော့ ပျော်ရွှင်ရတယ်။ ၁၅ နှစ် တာကာလအတွင်း သင်္ကြန်ကို ဖြတ်သန်းတာ ဒီနှစ်သင်္ကြန်ဟာ အစ်မအတွက်တော့ ထာဝရအမှတ်ရနေမယ့် သင်္ကြန်ပါပဲ။

ဟုတ်ကဲ့ပါ အစ်မရေ။ အစ်မအနေ နဲ့ အခုတစ်လော အနုပညာလှုပ်ရှားမှုတွေ ကိုလည်း ပြောပြပေးပါဦး။

အခုလက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးပါဘူး။ မေလဆန်းပိုင်းလောက်မှ အနုပညာအလုပ်တွေ ပြန်စလုပ်ဖို့ ရှိပါတယ်။

နောက်တစ်ခုအနေနဲ့ နှစ်ဆန်းတစ်ရက်နေ့မှာလည်း ကုဋီသန့်ရှင်းရေး အပါအဝင် နှစ်သစ်ကူးကုသိုလ် ပြု မှုတွေကိုလည်း တွေ့ရတယ်။ အဲဒီလို လုပ်အားအလှူဒါနပြုဖြစ်တဲ့ အပေါ်မှာလည်း ပရိသတ်တွေက အစ်မကို အားပေး ချစ်ခင်တာ တွေ့ရတယ်။ အဲဒီအပေါ် အစ်မရဲ့ ဝမ်းသာပီတိနဲ့ အတွေ့အကြုံလေးကိုလည်း မျှဝေပေးပါဦး။

အစ်မကို အခုလိုပရိသတ်တွေ ချစ်ခင်သဘောကျတာကို တွေ့ရလို့ အရမ်းပျော်တယ်။ အစ်မ အခုနောက်ပိုင်းမှာ အရင်ကလို မဟုတ်ဘဲ တဖြည်းဖြည်း ရင့်ကျက်လာတာဟာ ပရိသတ်တွေရဲ့ ဝေဖန်အကြံပေးမှု၊ သွန်သင်ဆုံးမမှု
တွေကြောင့်ဖြစ်တယ်။ အစ်မ တစ်ခုခုလုပ်ပြီဆို ပရိသတ်တွေက ဒါကတော့ ကောင်းတယ်၊ ဟိုဟာတော့ မလုပ်နဲ့ အဲဒီလိုလေးတွေ အကြံပြု ထောက်ပြကြတယ်။ အစ်မ အခုဆို နေတာ၊ ထိုင်တာ ဝတ်စားဆင်ယင်ပုံတွေက အစ တဖြည်းဖြည်း  ပြောင်းလဲလာတယ်။ အသက်အရွယ်ကလည်း တစ်ကြောင်း ပရိသတ်ရဲ့အားပေးမှု တွေကြောင့် ကိုယ့်ကိုယ်ကိုယ် ရင့်ကျက်လာတယ်လို့ ခံစားလာရတယ်။ အဲဒီလို အစ်မကိုပြောင်းလဲအောင် လုပ်ပေးတဲ့ ပရိသတ်ကြီး ကိုလည်း တကယ်ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ နှစ်ဆန်းတစ်ရက်နေ့ ကုသိုလ်ပြုခဲ့တာကလည်း အစ်မအမေက ကုဋီဆေးရတဲ့ အကျိုးကျေးဇူးတွေ ပြောပြထားတော့ အစ်မလည်း အဲဒီလို အရမ်း
လုပ်ချင်ခဲ့တာပေါ့။ အဲဒီကုသိုလ်က ဒီနှစ်မှပဲ သူငယ်ချင်းတွေရဲ့ကောင်းမှုကြောင့် အကောင်အထည်ဖော်ခဲ့ရတာပါ။

ပရိသတ်ကြီးအတွက် နှစ်သစ်ဆုမွန်ကောင်းစကားလေး ပြောပေးပါဦး အစ်မ။

မြန်မာလူမျိုးတွေအနေနဲ့ နှစ်ဆန်းတစ်ရက်နေ့ မြန်မာတို့ရဲ့ နှစ်သစ်မှာ ကုသိုလ်ကောင်းမှုတွေ  မျိုးစုံလုပ်တဲ့အတွက် တစ်နှစ်ပတ်လုံး အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ၊ အောင်မြင်မှုတွေနဲ့ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေလို့ အေးမြတ်သူက ဆုမွန်ကောင်း တောင်းပေးပါတယ်။

ကျေးဇူးတင်ပါတယ်။

___7daydaily
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။