Published on Sun, 01/24/2016 - 18:15
ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရငွေများ၏ ၅၁ ရာခိုင်နှုန်းကို ၀န်ကြီးဌာန အမည်ဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် အပ်နှံထားပြီး အဆိုပါငွေများအား မည်သို့ အသုံးချနေသည်ကို သိရှိရမှု မရှိ ဖြစ်နေကာ ထိုသို့ လုပ်ဆောင်နေမှုများမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ၀င်ငွေများကို နိုင်ငံတော်၏ အမျိုးသားဘတ်ဂျက် လုပ်ငန်းစဉ်မှ စနစ်တကျ ဖယ်ထုတ်ထားသလို ဖြစ်နေကြောင်း EITI တွင် အစိုးရ၊ ကုမ္ပဏီ၊ အရပ်ဘက် သုံးဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့မှ အရပ်ဘက် ကိုယ်စားလှယ်များက ပြောကြားသည်။
EITI တွင် အဖွဲ့ဝင်လောင်း နိုင်ငံအဆင့်မှ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံအဖြစ် ဖြစ်လာစေရန် တင်ပြရမည့် အစီရင်ခံစာတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ကျောက်မျက်၊ သတ္တုကဏ္ဍတို့မှ ရရှိသည့် အခွန်စုစုပေါင်း အမေရိကန် ဒေါ်လာ ၃ ဒသမ ၁ ဘီလျံကို တိုက်ဆိုင် စစ်ဆေးထားသည့် EITI အစီရင်ခံစာကို နိုင်ငံတကာ အတွင်းဝန်ရုံးသို့ တင်သွင်းနိုင်ရန် ကျောက်မျက်ကုမ္ပဏီများကို စိစစ်ရာတွင် အဆိုပါ အချက်အလက်များကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
EITI တွင် အဖွဲ့ဝင်လောင်း နိုင်ငံအဆင့်မှ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံအဖြစ် ဖြစ်လာစေရန် တင်ပြရမည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ (EITI) နယ်ပယ်၌ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အား အခြေခံသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်း၏ အခွန်ဘဏ္ဍာငွေ ၁၀၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ ၁၃ ခု၊ ကျောက်မျက်ရတနာပြပွဲ၏ အခွန်ဘဏ္ဍာငွေ ၆၇ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် ကျောက်မျက်ရတနာ ကုမ္ပဏီ ၃၀ နှင့် သတ္တုကဏ္ဍ၏ အခွန်ဘဏ္ဍာငွေ ရာခိုင်နှုန်း ၅၀ ကို ကိုယ်စားပြုသည့် ကုမ္ပဏီ ၁၁ ခုတို့ ပါဝင်ကြောင်း သိရသည်။
အဆိုပါ အစီရင်ခံစာအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ ၁၃ ခုမှ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်အတွက် ရရှိသည့် အခွန်ဘဏ္ဍာ ငွေကျပ် ဘီလျံ ၈၈၀ မှ ၄၉ ရာခိုင်နှုန်းကိုသာ ဘဏ္ဍာရေး ၀န်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး ကျန် ၅၁ ရာခိုင်နှုန်းကို စွမ်းအင်ဝန်ကြီးဌာန အမည်ဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် အပ်နှံထားခြင်းဖြင့် ထိုသို့ များပြားလှသည့် ရေနံနှင့် သဘာဝဓာတ် ငွေ့ဝင်ငွေများသည် နိုင်ငံတော်၏ အမျိုးသားဘတ်ဂျက် လုပ်ငန်းစဉ်မှ စနစ်တကျ ဖယ်ထုတ်ခံထားရသည့် အခြေအနေကို သွယ်ဝိုက်ညွှန်းဆိုနေသည်ဟု အရပ်ဘက်လူမှု အဖွဲ့ အစည်းပေါင်း (၅၁၈) ဖွဲ့ဖြင့် ပါဝင် ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ (MATA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"၀န်ကြီးဌာန နာမည်နဲ့ပဲ မြန်မာ့စီးပွားရေးဘဏ်မှာ အပ်ထားတယ်။ အဲဒီလို အပ်တာက ဥပဒေအရလို့ ပြောတယ်။ ဘယ်လိုပြန်သုံးစွဲလဲ။ မသုံးဘဲနဲ့ပဲ ဘဏ်မှာအပ်ထားလားဆိုတာ ဘာမှ မသိရဘူး" ဟု EITI ၏ အရပ်ဘက် ကိုယ်စားလှယ် MATA မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မိုးမိုးထွန်းက ပြောကြားသည်။
ထို့ပြင် EITI အစီရင်ခံစာ၌ နိုင်ငံတော် ဘတ်ဂျက်သို့ ပေးသွင်းမှု မရှိသည့် ၀န်ကြီးဌာနများ၏ ဘဏ်အပ်ငွေကဲ့သို့သော Others Account စာရင်းများ အများအပြား ဖော်ပြထားပြီး ထိုသို့ အမျိုးသား အကျိုးစီးပွားအတွက် အလွန်အရေးကြီးသည့် တွင်းထွက်သယံဇာတမှ ရငွေများ မည်သို့စီးဆင်းနေသည်ကို သိရှိရန် ပွင့်လင်းမြင်သာသော အခြေအနေသို့ ရောက်ရှိရန် အရေးကြီးနေသည်။
ထို့ကြောင့် EITI အစီရင်ခံစာ ထုတ်ပြန်ရာတွင် တွင်းထွက် သယံဇာတဆိုင်ရာ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ၏ Others Account ငွေစာရင်းများ တည်ထောင်ထားရှိမှုနှင့် စီမံခန့်ခွဲမှုအတွက် ဥပဒေမူဘောင်တစ်ခု ပြဋ္ဌာန်းပေးသင့်ပြီး နောင်အနာဂတ် အစီရင်ခံစာများတွင် Others Account ဘဏ်စာရင်း အတွင်းရှိ စုဆောင်းထားသော ငွေပမာဏများကို ဖော်ပြရန် သာမက ထိုစာရင်းများမှ ငွေများကို မည်သို့ စီမံခန့်ခွဲနေသည်ကို ဖော်ပြရန် လိုအပ်မည်ဖြစ်ကြောင်း (MATA) ၏ အကြံပြုချက်က ဆိုသည်။
"Others Account တွေ ဘယ်လိုလုပ်ထားတယ် ဆိုတာသိမှ အခုနိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ထည့်သွင်းဆွေးနွေးနေတဲ့ အရင်းအမြစ်များ စီမံခန့်ခွဲခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရောက်သွားမယ်။ ဒီလိုသိရမှ ဘယ်ပိုက်ဆံတွေက ဘယ်ကို ရောက်သွားတယ်ဆိုတာ သိပြီး ဘယ်ပြည်နယ်အတွက် ဘယ်လိုခွဲမယ်ဆိုတာ သိရမယ်" ဟု ပေါင်းကူးမှ ဒေါက်တာ ကျော်သူက ဆိုသည်။
Writer:
ဖြိုးဝေ
http://news-eleven.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။