ရွေးကောက်ပွဲအလွန် ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ရေးတို့အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် အမျိုးသားပါတီတို့ NLD နှင့် ပူးပေါင်းမည်


နိုဝင်ဘာ ၁ ရက်က သုဝဏ္ဏ မြို့ဦးစေတီကွင်း၌ ပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲသို့ လာရောက်ကြသည့် ပြည်သူများအား တွေ့ရစဉ်

ရွေးကောက်ပွဲအလွန် ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ရေးတို့အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD)၊ ရခိုင် အမျိုးသားပါတီ (ANP) တို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီခေါင်းဆောင်များက နိုဝင်ဘာ ၄ ရက်တွင် ပြောကြားသည်။

နိုဝင်ဘာ ၄ ရက်က ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်၌ DVB ရုပ်သံလိုင်းက ပြုလုပ်သော National Election Debate အစီအစဉ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်နှင့် ရခိုင် အမျိုးသား ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်တို့က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ အေးမောင်က “ဖက်ဒရယ် ဒီမိုကရက်တစ် Society ဒီနှစ်ခုကို ပြဋ္ဌာန်းပေးဖို့ လိုတယ်။ ဘာကြောင့်ဆို တိုင်းရင်းသားက ပင်လုံကို ပြောခဲ့ကြတာကိုး။ ပင်လုံ၏ ဒုတိယ ကတိသည် တန်းတူရေး၊ အဲဒီ ဥစ္စာတွေကို မေ့ထားခဲ့တာ အခုနှစ်ပေါင်း ၆၀ ကျော်ပြီ။ အဲဒီတော့ ကျွန်တော်တို့က ဒီမိုကရေစီ ဆိုတာကို ဖွဲ့စည်းပြီးမှ ဖက်ဒရယ် ဆိုတာကို မေ့သွားမှာ စိုးရိမ်တယ်။ ဒါကြောင့် ပြိုင်တူ ကျွန်တော်တို့ ရွှေ့မယ်။ ဒီအပြောင်းအလဲမှာ ဒီကာလလို အခွင့်အရေး တစ်ခါမှ နောက်မရနိုင်တော့ဘူး။ အာဏာရှင် စနစ်တစ်ခုကနေ ခင်ဗျားတို့ သိတဲ့အတိုင်း၂၀၀၈ ဖွဲ့စည်းပုံကြီးကို စပြီးကိုင်လာကတည်းက ဒီအခွင့်အရေးကို ဒီမှာဖြတ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားတယ်။ အဲဒါကြောင့် ဒီမိုကရေစီ ရထားကြီးကို ထပ်ပြီးတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီတုန်းကလို ထပ်ပြီး ဖျက်ဆီးခဲ့လို့ရှိရင် နှစ်ပေါင်း ၆၀ ကျော်လောက် တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အမေ့ပစ်ခံ ဘ၀မှာ ထပ်ရှိမှာစိုးလို့ ပြိုင်တူပဲ သွားချင်တယ်။ ဒါကြောင့်
ဒီမိုကရက်တစ် အင်အားစုနဲ့ ကျွန်တော်တို့ ပူးပေါင်းမယ်။ မြန်မာ့ အခင်းအကျင်း အားလုံးကို ခုနက တိုင်းရင်းသားများ တောင်းတဲ့ ဖက်ဒရယ်ရအောင် ကတိပေးရမယ်။ စစ်မှန်တဲ့ ကျွန်တော်တို့ ဒီမိုကရေစီ နိုင်ငံဖြစ်အောင်
ဖွဲ့စည်းပုံ အရကို ပြောင်းပြီးမှ တိုင်းရင်းသား ငြိမ်းချမ်းမှုကို ရအောင် ယူနိုင်ရမယ်။ ဒါက ကျွန်တော်တို့ဘက်က ဦးတည်ချက်ပါ” ဟု ပြောကြားသည်။

ထို့ပြင် တိုင်းရင်းသားများ အနေဖြင့်NLD နှင့် ပိုမိုပူးပေါင်းရန် ရှိကြောင်း၊ ဖက်ဒရယ် စနစ်ကို ထောက်ခံသည့် မည်သည့် အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းရန် ရှိကြောင်းနှင့် လတ်တလောတွင်မူ ထိုသို့ တိုင်းရင်းသားများဘက်မှ ပူးပေါင်းနိုင်သည့် အဖွဲ့အနေဖြင့် NLD ပါတီ တစ်ခုသာ ရှိကြောင်း ဒေါက်တာ အေးမောင်က ပြောကြားသည်။

ရခိုင်အမျိုးသား ပါတီသည် မဲဆန္ဒနယ် ၇၈ နေရာတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပါတီအနေဖြင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး အပါအ၀င် လုပ်ငန်းစဉ် ၁၈ ရပ် ချမှတ်ထားကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “ကျွန်တော်တို့ ပါတီစဖွဲ့တဲ့ ၁၉၈၈ ကတည်းက ဒီမေးခွန်း ရှိပါတယ်။ ဒီမေးခွန်းကို ကျွန်တော်တို့ လူကြီးတွေက မူဝါဒတစ်ခု အနေနဲ့ ဖြေထားတာ ရှိပါတယ်။ ဒီမိုကရေစီ အရေးနှင့် ဖက်ဒရယ် အရေးသည် ဒင်္ဂါးတစ်ပြားရဲ့ ခေါင်းနဲ့ပန်းလိုပဲ တစ်ဆက်တည်း ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီမိုကရေစီအရေးကို ဆောင်ရွက်သလိုပဲ ဖက်ဒရယ် ပြည်ထောင်စု ကိစ္စကိုလည်း တစ်ပြိုင်နက် ကျွန်တော်တို့ လေးလေးပင်ပင် ထမ်းဆောင်မှာ ဖြစ်ပါတယ်။ အကယ်၍ ရွေးကောက်ပွဲ ပြီးခဲ့လို့ရှိရင် မဟာမိတ်ဖွဲ့မယ့် ကိစ္စပေါ့။ ဒါက ကျွန်တော်တို့ကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ အစိုးရဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ ကျွန်တော်တို့ ပူးပေါင်းမယ့် ပါတီသည် ဒီမိုကရက်တစ် အုပ်စုကိုပဲ ပူးပေါင်းမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

“ဒီမိုကရက်တစ် အင်အားစုဆိုတာကတော့ ရှင်းနေတာပဲ NLD ပေါ့” ဟု ဦးစိုင်းညွန့်လွင်က The Daily Eleven သတင်းစာကို ပြောကြားသည်။

နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ပြည်သူ့လွှတ်တော် ၄၆ နေရာ၊ အမျိုးသား လွှတ်တော် ၁၄ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၉၆ နေရာတို့တွင် ၀င်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (SNLD)  နှင့် ရခိုင်အမျိုးသား ပါတီတို့သည် တိုင်းရင်းသားပါတီ ရှစ်ပါတီ ပါဝင်ဖွဲ့စည်းထားသည့် စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် ပါတီတစ်ခု ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် UNA ၏ မဟာမိတ် အဖွဲ့အစည်း တစ်ခုလည်း ဖြစ်သည်။

NLD နှင့် မဟာမိတ် ဆက်ဆံရေးနှင့် ပတ်သက်၍ ဦးစိုင်းညွန့်လွင်က “ဆက်ဆံရေးကတော့ ပုံမှန်ပါပဲ။ ဘာမှ ကတိက၀တ် ပြုထားတာတော့ မရှိဘူး။ ဒါပေမဲ့ အားလုံး ပြေပြေလည်လည် ခင်ခင်မင်မင် အားလုံးရှိကြတယ်။ သိပ်ပြီးတော့ အတိုက်အခံ ဆိုတာလည်း မရှိဘူး။ ကောင်းပါတယ် အားလုံး။ ဒါပေမဲ့ ကတိက၀တ်ပြု၊ စာချုပ်ချုပ်ထားတာ ဘာညာလိုမျိုးတော့ မရှိပါဘူး” ဟု ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် အစိုးရဖွဲ့နိုင်ပါက တိုင်းရင်းသား အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လွတ်လပ်ခြင်း၊ တူညီသော အခွင့်အရေး ရရှိခြင်းနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရှိခြင်းတို့နှင့် ပြည့်စုံသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း စက်တင်ဘာ ၁၄ ရက်တွင် ထွက်ရှိခဲ့သည့် NLD ၏ ရွေးကောက်ပွဲ ကြေညာ စာတမ်းတွင် ဖော်ပြထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနိုင်ရပါက မနိုင်သည့် သူများကို မေတ္တာထား ဆက်ဆံရမည်ကို သဘောပေါက်ပြီး ရာခိုင်နှုန်း ၁၀၀ နိုင်ရင်တောင် လက်ကမ်း ကြိုဆိုပြီး အတူလက်တွဲ လုပ်ချင်စိတ်ရှိသည်ဟု နိုဝင်ဘာ ၁ ရက်က ရန်ကုန်မြို့၌ ပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

Writer:
ဇာလီမြင့်ဦး

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။