ကောင်းမြတ်နိုင်
ရန်ကုန်၊ နိုဝင်ဘာ ၁၁

မြေပုံမြို့နယ်နှင့် မင်းပြားမြို့နယ် အမျိုးသားလွှတ်တော် နေရာမှ ရခိုင်အမျိုးသားပါတီကို ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သူ ဦးအေးသာအောင်သည် ယမန်နေ့က စစ်တွေမှ ရန်ကုန်သို့ ပြန်ရောက်လာရာ ရန်ကုန်လေဆိပ်တွင် သူ့အား ချစ်ခင် မြတ်နိုး လေးစားသူများက ကြိုဆိုခဲ့ကြသည်။
ကြိုဆိုသူများက ဆိုင်းဘုတ်များ၊ ပိုစတာများကိုင်ဆောင်ကာ ကြိုဆိုခဲ့ကြပြီး မိန်းခလေးငယ်များက ဦးအေးသာအောင် အောင်မြင်မှုကို ဂုဏ်ပြုသည့် အနေဖြင့် ပန်းစည်းများ ပေးအပ်ကာ ခရီးဦးကြိုပြုခဲ့ကြသည်။
"ရခိုင်ပြည်သူတွေ အနေနဲ့ ရခိုင်အမျိုးသားရေး၊ တိုင်းရင်းသား အရေး၊ ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်  ရရှိရေး ဆိုတဲ့  ရည်ရွယ်ချက်တွေနဲ့  တခဲနက် မဲပေးခဲ့ ကြတယ်လို့  ယုံကြည်ပါတယ်။ ရခိုင်အမျိုးသား ပါတီကို ခုလို ယုံကြည်ပြီး မဲပေးခဲ့ကြတဲ့  ရခိုင်ပြည်သူတွေ ကို ကျေးဇူးအများကြီးတင် ပါတယ်" ဟု ဦးအေးသာအောင် က နိရဉ္စရာသို့ ပြောဆိုသည်။
ရခိုင်အမျိုးသားပါတီ၏ လက်ရှိ အောင်မြင်မှု အပေါ် ကျေနပ် လက်ခံမှု ရှိပါသလား ဟု မေးမြန်းရာ သူက “ ကျွန်တော်တို့ မျှော်လင့် ထားတာထက် ပိုအောင်မြင်တယ်လို့  ဆိုနိုင်ပါတယ်။ ဥပမာ အနိုင်ရဖို့ ခက်ခဲတဲ့  အမ်းမြို့နယ် မှာ ၂ နေရာ နိုင်ပါတယ်။ နောက်ပြီး ရမ်းဗြဲ၊ ကျောက်ဖြူတို့ မှာလည်း အနိုင်ရခဲ့ ပါတယ်။ ဘူးသီးတောင်၊ မောင်တော ဘက်တွေ မှာ အနိုင်ရခဲ့သလို တခြားနေရာတော်တော်များများ အနိုင်ရခဲ့ ပါတယ်။ ဒါပေမယ့်  သံတွဲ၊ တောင်ကုတ်၊ ဂွနဲ့ မာန်အောင်မှာ NLD က အနိုင်ရသွားတဲ့နေရာတွေ အတွက်တော့ စိတ်မကောင်း ဖြစ်မိပါတယ်" ဟု ၄င်းက ဆိုသည်။
လာရောက် ကြိုဆိုကြသူများအထဲမှ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တစ်ဦးဖြစ်သည့်  ဒေါက်တာဇော်မြင့် က လဲ "ဦးအေးသာအောင်ဟာ ခုလို ရခိုင်ပြည်နယ်မှာ အရွေးချယ်ခံရတဲ့ အတွက် ဝမ်းသာဂုဏ်ယူပါတယ်။ ပြောရမယ်ဆိုရင် ဒါဟာ လူမှန် နေရာမှန် ကို ပြန်ရောက်လာတာပါ " ဟု နိရဉ္စရာသို့  ဆိုသည်။
"ရခိုင်အမျိုးသားခေါင်းဆောင် ဦးအေးသာအောင်အား ကြိုဆိုပါ၏" ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားသော ကြိုဆိုကြသူများသည် "တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်၊ ဖက်ဒရယ် ခေါင်ဆောင် ဦးအေးသာအောင်၊ ရခိုင်အမျိုးသားခေါင်းဆောင် ဦးအေးသာအောင်၊ ကျမ္မာပါစေ၊ အောင်မြင်ပါစေ” စသော ကြွေးကြော်သံများဖြင့် ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်ဟုလည်း သိရသည်။
( ဓာတ်ပုံ- နိရဉ္စရာ)
_____Narinjara News

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။