
‘‘၂၀၁၅ မှာ … အမေစု နိုင်ရမယ်’’ ‘‘NLD ကို မဲပေးပါ’’ ဆိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တတိယအကြိမ်မြောက် ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်သံတွေကို ဟိုဟိုဒီဒီကနေ ကြားရပြန်လေတော့ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အကြိုကာလတုန်းက နားရည်ဝခဲ့တဲ့ ‘‘စုနိုင်မှ ချမ်းသာမည်’’ ဆိုတဲ့ သီချင်းကလေးတောင် ငွေရတုကာလကို ကျော်ဖြတ်ခဲ့ပါပကောလို့ တွေးမိပြီး ရေစုန်မျောပြီး ပျက်ပြယ်သွားခဲ့ရတဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်အတွက် နှမြောတသဖြစ်ရတဲ့စိတ်တွေ ပြန်လည်နိုးထလာတယ်။
တကယ်တော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတပွဲ ဖြစ်မြောက်ဖို့ဆိုတာ ရွေးကောက်ပွဲကို လုံခြုံစိတ်ချရမှုရှိရှိ၊ ငြိမ်းအေးခြင်းအတိနဲ့ ပြီးဆုံးအောင် လုပ်ဆောင်ပေးဖို့ တာဝန်ရှိတဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း(သို့)အစိုးရနဲ့ ရွေးကောက်ပွဲကို လွတ်လပ်မှုရှိပြီး တရားမျှတတဲ့ ရလဒ်ထွက်ပေါ်တဲ့အထိ ကမကထပြု ကျင်းပပေးရမယ့် ရွေးကောက်ပွဲကော်မရှင်အပေါ်မှာ အများကြီး မူတည်ပါတယ်။ တနည်းပြောရရင် ရွေးကောက်ပွဲ ကျင်းပမယ့်အချိန်မှာ နိုင်ငံ့အာဏာအရပ်ရပ်ကို ချုပ်ကိုင်ထားတဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း(သို့)အစိုးရတရပ်အနေနဲ့ တိုင်းပြည်အကျိုးစီးပွားနဲ့ပတ်သက်ပြီး မှန်ကန်တဲ့စိတ်စေတနာ ဘယ်လောက်ရှိသလဲ ဆိုတဲ့အချက်နဲ့ အဲဒီအာဏာပိုင်အဖွဲ့အစည်း (သို့) အစိုးရက ရွေးချယ်ခန့်အပ်တဲ့ ရွေးကောက်ပွဲကော်မရှင်အပေါ် ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေနဲ့ မဲဆန္ဒရှင်ပြည်သူတွေက ဘယ်လောက်အတိုင်းအတာအထိ ယုံကြည်ကိုးစားမှုရှိလဲ ဆိုတဲ့အချက်ပေါ်မှာ မူတည်ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း(သို့)အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်က စိတ်စေတနာမှန်မှန်၊ သမာသမတ်ကျကျ (ဒိုင်လူကြီးပီပီသသ) ကျင်းပပြုလုပ်ပေးမှသာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲရလဒ်ဆိုတာ ထွက်ပေါ်နိုင်မှာပါ။
၁၉၉၀ ရွေးကောက်ပွဲအကြောင်းကို ပြန်စဉ်းစားကြည့်တဲ့အခါ ရွေးကောက်ပွဲကို လုံလုံခြုံခြုံနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးအောင် တာဝန်ယူလုပ်ဆောင်ပေးခဲ့တဲ့ အာဏာပိုင်အဖွဲ့အစည်းက ဒေါက်တာမောင်မောင် ဦးဆောင်တဲ့ မဆလအစိုးရကို အာဏာသိမ်းပြီး တက်လာခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင် ခေါင်းဆောင်တဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(န၀တ) ဖြစ်တယ်။ န၀တအဖွဲ့ဟာ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ထိုစဉ်က အရှိန်အဟုန်မြင့်မားနေဆဲ ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးကို ပစ်ခတ်သတ်ဖြတ်နှိမ်နင်းပြီး တက်လာခဲ့တဲ့ အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့အပြင် သူ အာဏာသိမ်းခဲ့တဲ့ မဆလအစိုးရအဖွဲ့ဝင်တွေကိုလည်း ဖမ်းဆီးထိန်းသိမ်း တရားစီရင်ခြင်းမျိုး မရှိတဲ့အခါကျတော့ ပြည်သူလူထုအမြင်မှာ အရင် မဆလတပါတီအာဏာရှင်တွေနဲ့ ပုလင်းတူဘူးဆို့ စစ်အာဏာပိုင်အဖွဲ့အစည်းလို့ပဲ မြင်ပြီး ရွံကြောက်ကြီးဖြစ်နေခဲ့တယ်။ ရွေးကောက်ပွဲအကြို မဲဆွယ်ကာလတွေမှာလည်း မဆလပါတီတဖြစ်လဲ တစညပါတီဘက်ကပဲ ဘက်လိုက်လုပ်ဆောင်ပေးတာတွေ ရှိလိမ့်မယ်လို့ ပြည်သူတွေက သံသယကြီးခဲ့ကြတယ်။ ဒါပေမယ့် အခုကာလလို မီဒီယာတွေ၊ အင်တာနက်တွေ အားမကောင်းသေးလို့လားမသိ၊ ရွေးကောက်ပွဲမတိုင်မီကာလမှာ သိသာထင်ရှားတဲ့ ဘက်လိုက်မှုတွေကို တွေ့မြင်ကြားသိရတာ သိပ်မရှိခဲ့ပါဘူး။ ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုယ်တိုင် စစ်တပ်အနေနဲ့ ဘက်မလိုက်ဖို့ မိန့်ခွန်းခြွေတာကိုလည်း ကြားခဲ့ရပါတယ်။
၁၉၉၀ ရွေးကောက်ပွဲကော်မရှင်နဲ့ပတ်သက်ပြီး ပြောရရင်တော့ အခု ၂၀၁၅ ရွေးကောက်ပွဲကော်မရှင်လို ပြည်သူတွေ သံသယမကြီးခဲ့ကြဘူးလို့ ယူဆမိတယ်။ အဆိုပါ ရွေးကောက်ပွဲကော်မရှင်ကို န၀တစစ်အာဏာသိမ်းအဖွဲ့က ရွေးချယ်ခန့်အပ်ခဲ့တာမဟုတ်ဘဲ ဒေါက်တာမောင်မောင် အစိုးရအဖွဲ့ အာဏာအသိမ်းမခံရမီ စက်တင်ဘာ ၁၁ ရက်နေ့မှာ ရွေးချယ်ခန့်အပ်ပေးခဲ့တာဖြစ်ပါတယ်။ ကော်မရှင်လူကြီး ၅ ဦးဖြစ်တဲ့ ဦးဘဌေး(၈၃ နှစ်)က အငြိမ်းစား ဘဏ္ဍာတော်မင်းကြီး၊ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးစောကြာဒိုး (၈၂ နှစ်)က အငြိမ်းစား ဗိုလ်မှူးချုပ်၊ ဦးစန်းမောင်(၈၁ နှစ်)က အငြိမ်းစား ချွေတာစုဆောင်းရေးနဲ့ အာမခံစာချုပ်များ မင်းကြီး၊ ဆရာချယ်(၇၅ နှစ်)က ယခင်ပါလီမန်အမတ်နဲ့ ယခင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးကျော်ညွန့်(၇၃ နှစ်)က အငြိမ်းစား ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဆိုတော့ လူရိုသေရှင်ရိုသေပုဂ္ဂိုလ်တွေလို့ ပြည်သူလူထုက ယူဆကြလို့နဲ့ တူပါရဲ့၊ အခု ဦးတင်အေးကော်မရှင်ကို နှုတ်ထွက်ပေးဖို့ တောင်းဆိုကြသလို ပူညံပူညံအသံတွေ မကြားခဲ့ရပါဘူး။
အဲဒါ့အပြင် ၁၉၉၀ ရွေးကောက်ပွဲကော်မရှင်ဟာ အခု ၂၀၁၅ ရွေးကောက်ပွဲကော်မရှင်လို မဲပေးချင်သူတိုင်း မဲစာရင်းသွားကြည့်ဖို့ တိုက်တွန်းတာတွေ၊ မဲစာရင်းမှာ မိမိနာမည် ပါမပါ … ပါရင်လည်း အချက်အလက်မှန်မမှန် ကြည့်ရှုစစ်ဆေးခိုင်းတာတွေ၊ အမှားပါရင် ဘာပုံစံ ညာပုံစံတွေနဲ့ လာရောက်ပြင်ဆင်ဖို့ ဆော်သြတာမျိုး၊ မဲဆန္ဒရှင်သက်သေခံလက်မှတ်တွေ ကြိုတင်လာရောက် ထုတ်ယူခိုင်းတာမျိုး ပြည်သူလူထုကို အာရုံနောက် အလုပ်ရှုပ်အောင် လုပ်ဆောင်တာတွေ လုံးဝမရှိခဲ့ပါဘူး။
မဲပေးတဲ့ရက်မှာ မှတ်ပုံတင် ဒါမှမဟုတ် အဲဒီရပ်ကွက်မှာ အမှန်တကယ် နေထိုင်ကြောင်း သက်သေခံအထောက်အထားတခုခုပြပြီး အေးအေးချမ်းချမ်း မဲပေးခွင့်ရခဲ့ကြပါတယ်။ ညနေ မဲရုံသိမ်းချိန်မှာ မဲရုံကြီးကြပ်တဲ့ တာဝန်ရှိသူတွေက သက်ဆိုင်ရာ စောင့်ကြည့်ပုဂ္ဂိုလ်တွေနဲ့ အများပြည်သူရှေ့မှာပဲ မဲရေတွက်ပြီး အဲဒီမဲရုံမှာ ကိုယ်စားလှယ်လောင်းတွေ ရရှိခဲ့တဲ့ မဲအရေအတွက်တွေကို တခါတည်း ကြေညာပေးတာ ကြားခဲ့ရပါတယ်။ မြို့မှာရှိသမျှ မဲရုံတွေက ကြေညာတဲ့ မဲအရေအတွက်ကို ပေါင်းကြည့်ရင် ဗဟိုရွေးကောက်ပွဲကော်မရှင်က တရားဝင် မကြေညာမီမှာပင် ကိုယ်နေထိုင်တဲ့မြို့မှာ ဘယ်ကိုယ်စားလှယ်လောင်း ရွေးချယ်ခံရကြောင်း သိရှိနိုင်တဲ့အနေအထားဖြစ်ခဲ့ပါတယ်။
ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကော်မရှင်အနေနဲ့ ၁၉၈၈ အောက်တိုဘာ ၁ ရက်ကနေ ၁၉၉၀ ပြည့်နှစ် ဇွန်လ ၃၀ ရက်အထိ နိုင်ငံတော်ဘဏ္ဍာငွေမှ ၃၅,၆၁၈,၃၀၃ ကျပ် သုံးစွဲခဲ့ကြောင်း၊ မဲဆန္ဒနယ် ၄၈၅ နယ် ရှိတဲ့အနက် ပြည်သူလူထု တခဲနက် ထောက်ခံအားပေးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၄၄၇ နေရာ ၀င်ပြိုင်ရာမှာ ၃၉၂ နေရာ (၈၇.၆၉%) ရရှိပြီး စစ်အာဏာသိမ်း န၀တအဖွဲ့ ဘက်လိုက်လိမ့်မယ်လို့ ပြည်သူလူထု သံသယကြီးခဲ့တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)က ၄၁၃ နေရာ ၀င်ပြိုင်ပြီး ၁၀ နေရာ(၂.၄၂% )ပဲ အနိုင်ရရှိခဲ့တာကို ရွေးကောက်ပွဲအပြီး ကော်မရှင်က ထုတ်ပြန်တဲ့ ကြေညာချက်တွေအရ ရှင်းရှင်းလင်းလင်း သိခဲ့ရပါတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ တနိုင်ငံလုံးနီးပါး ဒေါ်အောင်ဆန်းစုကြည်လှိုင်းလုံးကြီး ရိုက်ခတ်သွားခဲ့တယ်လို့ ပြောစမှတ်ဖြစ်လောက်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ်နေရာအများစု အနိုင်ရခဲ့ချိန်မှာ တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ၂၃ ဦး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ၁၁ ဦး၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့က ၅ ဦး ရွေးချယ်ခံရကြောင်းလည်း နောက်ပိုင်းမှာ ဆက်လက်သိရှိခဲ့ရပါတယ်။
ထိုစဉ်က နိုင်ငံလူဦးရေ ၄၂ သန်းကျော်ရှိတဲ့အနက် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်တဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ သန်းနှစ်ဆယ်ကျော် (၂၀,၁၈၁,၃၁၃) မှာ လာရောက်မဲဆန္ဒပေးသူဦးရေ ဆယ့်ငါးသန်းကျော် (၁၅,၁၂၂,၅၂၄) ရှိခဲ့တယ်လို့ သိရပါတယ်။
၁၉၉၀ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ နယူးယောက်မြို့ ၄၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ခဲ့တဲ့ န၀တ နိုင်ငံခြားရေးဝန်ကြီး ဦးအုံးဂျော်က “၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့မှာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မြန်မာနိုင်ငံပြည်သူတို့ရဲ့ဆန္ဒများ၊ ရည်မှန်းချက်များနှင့်အညီ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီးဖြစ်ပါတယ်။
အဲဒီသမိုင်းဝင်ဖြစ်ရပ်ဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အနေနဲ့ နိုင်ငံတော်အာဏာကို စတင်တာဝန်ယူခဲ့တဲ့နေ့က စပြီး ကြေညာခဲ့ရုံမက နောက်ထပ်လည်း အကြိမ်ကြိမ် ထပ်လောင်း အတည်ပြုပြောကြားထားတဲ့ ကတိက၀တ်ကို ဖြည့်ဆည်းလိုက်ခြင်းပဲဖြစ်ပါတယ်။ လွတ်လပ်စွာ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ငါးဦးရဲ့ ကြီးကြပ်မှုအောက်မှာ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေနဲ့ တိတိကျကျ လိုက်နာကျင့်သုံးပြီး ပါတီစုံရွေးကောက်ပွဲ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲဟာ အမှန်တကယ်ပဲ လွတ်လပ်မှုရှိတယ်၊ တရားမျှတမှုရှိတယ် ဆိုတာကို ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီများအားလုံးသာမက ရွေးကောက်ပွဲကို မျက်မြင်ကိုယ်တွေ့ လာရောက်လေ့လာခဲ့ကြတဲ့ သတင်းဌာန ၃၂ ခုကို ကိုယ်စားပြုတဲ့ သတင်းထောက်များအနေနဲ့ပါ လက်ခံခဲ့ကြပါတယ်။
ရွေးကောက်ပွဲမှာ မဲဆန္ဒပေးသူ များပြားပြီး မဲဆန္ဒပေးပိုင်ခွင့်ရှိသူစုစုပေါင်းရဲ့ ၇၂.၅၉ % သော မဲဆန္ဒရှင်တွေဟာ ၎င်းတို့ နှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းကို အနှောင့်အယှက် အဟန့်အတားကင်းစွာ ပြည်သူ့လွှတ်တော်သို့ ရွေးချယ်တင်မြှောက်ခြင်းအားဖြင့် အခြေခံအကျဆုံးသော လူ့အခွင့်အရေးရပိုင်ခွင့်ကို ကျင့်သုံးနိုင်ခဲ့ကြပါတယ်။’’ လို့ ပြောကြားခဲ့သလို အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုသားညွန့်ပေါင်းအစိုးရရဲ့ ၀န်ကြီးချုပ်လုပ်ခဲ့တဲ့ ဒေါက်တာစိန်ဝင်းကလည်း ‘‘အဆိုပါရွေးကောက်ပွဲကြီးတွင် ပြည်သူတို့က မိမိတို့ လိုလားနှစ်သက်သော ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ပေါက်လာမည်ဟူသော ယုံကြည်ချက်ဖြင့် မိမိတို့၏ လွတ်လပ်သော စိတ်ဆန္ဒအရ တခဲနက် ဆန္ဒမဲပေးခဲ့ကြပါသည်။ ရွေးကောက်ပွဲသည် အမှန်တကယ် လွတ်လပ်မှုရှိကြောင်း၊ တရားမျှတမှုရှိကြောင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီများအားလုံးသာမက ရွေးကောက်ပွဲအား မျက်မြင်ကိုယ်တွေ့ လာရောက်လေ့လာခဲ့ကြသည့် သတင်းထောက်များအနေနှင့်ပါ လက်ခံခဲ့ကြပါသည်။’’ လို့ ဦးခင်ကျော်ဟန် စုစည်းတင်ပြတဲ့ ‘၁၉၉၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှတ်တမ်း’ စာအုပ်အမှာစာမှာ ရေးသားခဲ့တာ တွေ့ရပါတယ်။
ရွေးကောက်ပွဲ ကျင်းပပြီး ၁၃ နှစ်အကြာ ၂၀၀၃ ခုနှစ် မေလ ၂၇ ရက်နေ့မှာ မန္တလေးမြို့မှာ ရောက်ရှိနေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ‘‘န၀တဟာ တကယ်က ဒီရွေးကောက်ပွဲရလဒ်တွေကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူလူထုဟာလည်း ဒီရွေးကောက်ပွဲရလဒ်တွေကို ဘယ်တော့မှ မမေ့ဖို့ လိုပါတယ်။ ကျမတို့သမိုင်းမှာဆိုလို့ရှိရင် နိုင်ငံရေးအရ မမေ့ရမယ့်ကိစ္စတွေထဲမှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ဟာလည်း အပါအ၀င်ဖြစ်ပါတယ်’’ လို့ ပြောကြားခဲ့ပါတယ်။
ပြန်လည်သုံးသပ်ရရင် ၁၉၉၀ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတတဲ့ရလဒ် ထွက်ပေါ်ခဲ့တာဟာ ကော်မရှင်လူကြီးတွေရဲ့ သမာသမတ်ကျကျ ဆောင်ရွက်ကျင်းပပေးခဲ့မှုက အဓိကကျသလို တစညပါတီ ၀က်ဝက်ကွဲ မရှုံးလောက်ဘူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ညွန့်ပေါင်းအစိုးရလောက်တော့ ဖွဲ့နိုင်မယ်လို့ ယူဆပြီး ဘက်လိုက်မှုတွေ မလုပ်ဆောင်ခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲရလဒ် မထွက်ပေါ်မီအချိန်အထိ အာဏာသိမ်း န၀တ စစ်ခေါင်းဆောင်တွေဆီမှာ နိုင်ငံ့အာဏာကို ရေရှည်ဆုပ်ကိုင်ဖို့ အစီအစဉ်မရှိသေးတာ (အနိုင်ရတဲ့ပါတီကို အာဏာလွှဲပြီး တပ်မတော်က စစ်တန်းလျားပြန်မယ်လို့ ရွေးကောက်ပွဲမတိုင်မီ ဗိုလ်ချုပ်မှူးကြီး စောမောင် ပြောခဲ့တဲ့အတိုင်း လုပ်ဆောင်ဖို့ပဲ စဉ်းစားချက်ရှိသေးတာ) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြည်တွင်းပြည်ပဒီမိုကရေစီအင်အားစုတွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက အသိအမှတ်ပြုခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ရဲ့ အသီးအပွင့်တွေကို အသည်းကြားက မဲပြားတွေနဲ့ ပေးဆပ်ခဲ့ကြတဲ့ မြန်မာပြည်သူလူထု ခံစားစံစားခွင့်မရရှိခဲ့ခြင်းဟာ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်မပေးဘဲ ရက်စက်ကောက်ကျစ်မှုအပေါင်း သရဖူဆောင်းခဲ့ကြတဲ့ န၀တ/နအဖစစ်ခေါင်းဆောင်တွေမှာ အဓိက တာဝန်ရှိသလို ရွေးကောက်ပွဲရလဒ် အကောင်အထည်ပေါ်လာစေဖို့ မှန်ကန်ရဲရင့်တဲ့ စဉ်းစားဆုံးဖြတ်ချက်တွေ ချမှတ်လုပ်ဆောင်နိုင်ခြင်းမရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေမှာလည်း တာဝန်မကင်းဘူးလို့ ကျနော့်အနေနဲ့ ထင်မြင်ယူမိပါတယ်။
ဒေါက်တာလွဏ်းဆွေ
(ကိုးကား - ဦးခင်ကျော်ဟန် စုစည်းတင်ပြတဲ့ ‘၁၉၉၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှတ်တမ်း’)
== News Watch(စောင့်ကြည့်သတင်းဂျာနယ်)
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။