ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကနှင့် မေးမြန်းလျှောက်ထားခြင်း

‘‘နိုင်ငံရေး အာဏာတည်မြဲချင်တယ်ဆိုရင် အကောင်းဆုံးယတြာကတော့ ပြည်သူလူထုရဲ့ ကောင်းကျိုးကို အစွမ်းကုန်သယ်ပိုးခြင်းပါပဲ။ အဲဒီလိုသယ်ပိုးဖို့ အဓိကကတော့ မေတ္တာတရားနဲ့ ပညာတရားရှိရမှာပါပဲ’’


ဓာတ်ပုံ−နေခြည်

မဲစာရင်းသွားကြည့်ရန် ပြည်သူများအား အင်တိုက်အားတိုက် တိုက်တွန်းခဲ့သော ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒာဓိကကို အထွေထွေရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းသာလိုတော့သည့် အချိန်တွင် 7Day Daily က ရွေးကောက်ပွဲနှင့်ပတ်သက်၍ သွားရောက်လျှောက်ထားမေးမြန်းခဲ့ပါသည်။ ဆရာတော်က ပြည်သူများသို့ ပါးလိုသောသတင်းစကား၊ရွေးကောက်ပွဲ ကော်မရှင်လူကြီးမင်းများထားရမည့် စိတ်သဘောထား၊ နိုင်ငံရေးသမားများဆောင်ထားရမည့် အကောင်းဆုံးယတြာနှင့် ရွေးကောက်ပွဲနိုင်သူ၊ရှုံးသူတို့ ထားရမည့်စိတ်ထား အစရှိသောမေးခွန်းများကို မေးမြန်းလျှောက်ထားခဲ့သည်များ စာဖတ်ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါသည်။

အရှင်ဘုရားက မဲစာရင်းကိစ္စမှာ ပြည်သူတွေ မဲစာရင်းသွားကြည့် ဖို့ တိုက်တွန်းခဲ့ပါတယ်။ အောင် မြင်ခဲ့တာလည်း တွေ့ရပါတယ်။ အခုလိုတိုင်းပြည်အတွက် အရေး ကြီးတဲ့ကာလမှာ ပြည်သူတွေကို ဘာများတိုက်တွန်းချင်ပါသလဲ ဘုရား။

မဲစာရင်းကြည့်ရမယ့်အချိန် တုန်းကလည်း မဲစာရင်းကြည့်ဖို့ တိုက်တွန်းခဲ့တာပေါ့နော်။ တချို့ က မဲစာရင်းတောင် ကြည့်ရ ကောင်းမှန်းမသိကြဘူး။ ပေါ့ပေါ့ တန်တန်သဘောထားတဲ့အတွက် ကြောင့် ရဟန်းတစ်ပါးဖြစ်ပေမယ့်လို့လည်း မလွှဲမရှောင်သာပြော ဖြစ်သွားတာပေါ့။ ဦးပဉ္စင်းပြောလို့ လည်း နဂိုက မဲစာရင်းကြည့်ရ ကောင်းမှန်းမသိတဲ့သူက သိသွား တယ်။ မကြည့်ဖြစ်တဲ့သူကလည်း ကြည့်ဖြစ်သွားတယ်။ အဲဒါ ကြောင့် ဦးပဉ္စင်းကို ကျေးဇူးတင် ပါတယ်လို့ လာပြောကြတဲ့ ဒကာ၊ဒကာမတွေလည်း ရှိပါတယ်။  အဲဒီတော့  စကားလေးတစ်ခွန်းနဲ့ နိုင်ငံ့ကောင်းကျိုး၊ ပြည်သူ့ကောင်းကျိုးကို သယ်ပိုးရွက် ဆောင်ခွင့်ရလို့ အထူးပဲ ၀မ်းသာမိပါတယ်။ အခုအချိန်မှာကျတော့ မဲစာရင်းထဲမှာ ပါတဲ့သူတိုင်း မဲပေးဖြစ်အောင် ပေးကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်။ အမှန်ကတော့ မဲပေးခွင့်ရှိတဲ့သူတိုင်း မဲပေးဖြစ်အောင် ပေး ကြပါလို့ တိုက်တွန်းရမှာပေါ့နော်။ ဒါပေမဲ့လက်ရှိအခင်းအကျင်းအရ မဲစာရင်းမှာပါတဲ့ သူ တွေပဲ မဲပေးခွင့်ရကြမှာဆိုတော့ မဲစာရင်းထဲမှာ ပါတဲ့သူတိုင်း မဲပေးဖြစ်အောင်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဘာကြောင့်ဒီလိုတိုက်တွန်းရတာလဲဆိုတော့ နိုင်ငံသားတိုင်းမှာ  ကိုယ်လိုချင်တဲ့ အစိုးရတစ်ရပ်ကို ရွေးချယ်ရမယ့် အခွင့်အရေးလည်းရှိနေ တယ်။ ကိုယ့်တိုင်းပြည်ကောင်း ကျိုးကို အမှန်တကယ်သယ်ပိုး ရွက်ဆောင်နိုင်တဲ့သူကို တိုင်းပြည်ဦးဆောင်ခွင့်ရအောင် လုပ်ပေးရမယ့် တာဝန်လည်းရှိတာပေါ့နော်။ ကိုယ့်တိုင်း ပြည်ကို ဦးဆောင်မယ့် အစိုးရတစ်ရပ်ကို ရွေးချယ်ခွင့်ရတဲ့ အ ခွင့်အရေးဆိုတာ အင်မတန်ဝမ်းမြောက်ဂုဏ်ယူစရာကောင်း ပါတယ်။ ဒီလိုအခွင့်အရေးမျိုးကို ကိုယ်က လုံးဝလက်မလွှတ်သင့် ဘူး။ တကယ်လို့ မဲသွားမပေးဘူး ဆိုရင် ကိုယ်က တာဝန်မကျေတဲ့ သူတစ်ယောက်လည်း ဖြစ်သွား မှာပေါ့။ ကိုယ်လုပ်မှ ကိုယ်စားရ မယ်။ မဲသွားပေးစရာမလိုပါဘူး ဆိုတဲ့ သူတွေလည်းရှိတယ်။ သာ မန်အားဖြင့် ကြည့်လိုက်ရင်တော့ ဟုတ်သလို ထင်ရတာပေါ့နော်။ ဒါပေမဲ့ ကိုယ်လုပ်မှ ကိုယ်စားရ မယ်ဆိုတဲ့ စကားကို ခွဲခြမ်းကြည့် ရင် လုပ်တာရယ်၊ စားတာရယ် နှစ်မျိုးရှိတယ်။ အဲဒီတော့ ကိုယ်လုပ် သလောက် အကျိုးခံစားခွင့်ရဖို့ အလုပ်လုပ်တဲ့ နေရာမှာ အဆင် ပြေပြေလုပ်ဆောင်နိုင်ဖို့က အရေးကြီးသေးတယ်။ ဒါတွေ အဆင်ပြေဖို့က စနစ်ကောင်းဖို့၊ အစိုးရ ကောင်းဖို့ လိုတယ်။ လယ်သမား က ကိုယ်လုပ်မှ ကိုယ်စားရမယ် ဆိုပေမယ့် ကိုယ်စိုက်မယ့် လယ် အစိုးရက သိမ်းသွားရင် လုပ်လို့ မရတော့ဘူးလေ။ အစိုးရသိမ်း ထားတဲ့ လယ်ကို သွားထွန်ရင် လည်း တရားစွဲခံရဦးမယ်။ အ လုပ်သမားတွေဆိုရင်လည်း ကိုယ့်အိမ်နဲ့ အလုပ်ကို အဝေးကြီးသွား ရပြီး လမ်းမှာ ကားတွေ ပိတ်လို့ အချိန်ကုန်ရတယ်။ လုပ်ငန်းခွင် ဆိုင်ရာအခြေခံအဆောက်အအုံ တွေ မကောင်းဘူးဆိုရင်လည်း အလုပ်လုပ်ရတာ ပင်ပန်းဆင်းရဲ တာပေါ့။ ကိုယ်လုပ်မှ ကိုယ်စားရ မယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ စနစ်မကောင်းတဲ့အတွက် ကိုယ် လုပ်သလောက် အကျိုးခံစားခွင့် မရဘူး။ မလိုအပ်ဘဲ အချိန်ဆုံးရှုံး မှု၊ စိတ်အား၊ လူအားဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာရတယ်။ ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့အစိုးရမကောင်းဘူး၊ စနစ် မကောင်းဘူးဆိုရင် ကိုယ်လုပ်တဲ့ လုပ်အားခထိုက်ထိုက်တန်တန်ရ မှာ မဟုတ်ဘူး။ အလုပ်ချင်းအတူ တူကို လုပ်အားခပိုရလို့ မိသားစု နဲ့ခွဲ၊ ကိုယ့်ရေမြေကို စွန့်ခွာပြီး ပြည်ပမှာ သွားအလုပ်လုပ်နေရ တာတွေ အများကြီးပါ။ အဲဒါ ကြောင့် အစိုးရကောင်းဖို့၊ စနစ် ကောင်းဖို့ အရေးကြီးပါတယ်။ ကျောင်းသားလည်း ကိုယ်စာ ကျက်မှ ကိုယ်ရမှာပေါ့လေ။ ဒါ ပေမဲ့ ကိုယ်သင်ကြားတဲ့ ပညာ ရေး၊ ကိုယ်ကျက်တဲ့ စာအဆင့် အတန်းမြင့်ဖို့ လိုတာပေါ့လေ။ ကျန်းမာရေးကလည်း ဒီလိုပဲ။နောက်ပြီး ကိုယ်လုပ်ပြီး ကိုယ်စားရတဲ့ အခါမှာလည်း ကိုယ်စားရတဲ့ အ စားအစာတွေ အရည်အသွေး ကောင်းဖို့၊ ဘေးအန္တရာယ်ကင်း ဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ အ ရေးကြီးတာပေါ့လေ။ ဒါကြောင့် စနစ်ကောင်းကို ကျင့်သုံးမယ့် အစိုးရတစ်ရပ်ကို ရွေးချယ်တင် မြှောက်နိုင်ဖို့ နိုင်ငံသားတစ်ဦး၊ တစ်ယောက်ချင်းစီက ဘယ်အဖွဲ့ အစည်းကတော့ စနစ်ကောင်း အောင်၊ အစိုးရကောင်းအောင် လုပ်နိုင်မလဲဆိုတာ လေ့လာပြီး ကောင်းအောင်လုပ်နိုင်မယ့် အဖွဲ့  အစည်းကို မဲပေးရမှာပေါ့။ အဲဒီ တော့ ကိုယ့်ကိုယ်တိုင်လည်း မဲ သွားပေးကြပါ။ ကိုယ့်ဝန်းကျင်က လူတွေ မဲသွားပေးဖြစ်အောင် လည်း ကူညီတိုက်တွန်းပေးကြပါ လို့ ပြောချင်ပါတယ်။

ရွေးကောက်ပွဲကို ဦးဆောင်ကျင်း ပမယ့် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်က တရားမျှတဖို့ အ ရေးကြီးပါတယ်ဘုရား။ အဲဒီ ပုဂ္ဂိုလ်တွေအနေနဲ့ ဘယ်လိုစိတ် ထားမျိုးထားသင့်သလဲဆိုတာ မိန့်ကြားပေးပါဘုရား။

ရွေးကောက်ပွဲဦးဆောင် ကျင်းပပေးမယ့် သူတွေက ဒိုင်လူ ကြီးစိတ်ဓာတ်မွေးမြူရမှာပေါ့ နော်။ ရွေးကောက်ပွဲဆိုတာ ရွေး ကောက်ပွဲကော်မရှင်က ရွေး ကောက်တာမဟုတ်ဘူး။ ပြည်သူ က ရွေးကောက်တာလေ။ ပြည် သူက သူတို့ဦးဆောင်စေချင်တဲ့ အစိုးရကို သူတို့ရဲ့ ကိုယ်ပိုင် အသိဉာဏ်နဲ့ ရွေးကောက်ကြ တာ။ ကိုယ်က ရွေးကောက်တာ မဟုတ်လို့ ဘယ်ဘက်မှ မလိုက်ဖို့  သမာသမတ်ကျဖို့ လိုတာပေါ့။ သန့်ရှင်းတဲ့ ကစားပွဲဖြစ်အောင်  ကိုယ်က ဒိုင်လူကြီးလုပ်ပေးရ တာ။ ကိုယ်ဘက်လိုက်လိုက်တဲ့ အဖွဲ့အစည်းက တိုင်းပြည်ကောင်းကျိုးကို ထိထိရောက်ရောက်မဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းဖြစ်နေရင် ပြည်သူတွေ နစ်နာတာပေါ့။ တိုင်းပြည်ကောင်း ကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်း ဘက်ကို ဘက်လိုက်လိုက်တယ် ဆိုရင် ကောင်းကျိုးဖြစ် နိုင်သေး တာပေါ့။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်ဘက်ကိုမှ ဘက်မလိုက်သင့်ပါဘူး။ ပြည်သူပြည်သားတွေ စိတ်ဆန္ဒနဲ့ ရွေးချယ်ထားတဲ့ အတိုင်းဖြစ်ဖို့ လိုပါတယ်။ မြတ်စွာဘုရားကလည်း ဟောကြားထားပါ တယ်။ ချစ်ခြင်းကြောင့်ပဲဖြစ်ဖြစ်၊ မုန်းခြင်းကြောင့်ပဲ ဖြစ်ဖြစ်၊ ကြောက်ခြင်းကြောင့်ပဲဖြစ်ဖြစ်၊  မသိနားမလည်ခြင်းကြောင့်ပဲဖြစ်ဖြစ် ဘယ်ဘက်ကိုမှ ဘက်မလိုက်ပါနဲ့။ တရားမမျှတတဲ့ အလုပ်မလုပ်ပါနဲ့။ လုပ်ရင် လဆုတ်ရက် မှာ လဟာ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်သွားသလိုပဲ ဘက်လိုက်သူ၊ တရားမမျှတသူရဲ့ ဘ၀ဟာလည်းနိမ့်ကျသွားမယ်။ သေးသိမ်သွားမယ်ဆိုတာ မြတ်စွာဘုရားက ဟောပြောထားတာပါ။ ဆုတ်ယုတ်ဖို့ပဲရှိတယ်။  တိုးတက်ဖို့ မရှိဘူး။ ဒီတော့ ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲ အဆင့်ဆင့်က ဘက်လိုက်ခဲ့မယ်ဆိုရင် ပစ္စုပ္ပန်ရော သံသရာမှာပါ ဆိုးကျိုးတွေဖြစ်စေ မှာပေါ့နော်။ ပစ္စုပ္ပန်မှာ အတိတ်ကံကောင်းလို့ ဘာမှမဖြစ်ဘူးဆိုရင်လည်း သံသရာမှာတော့ ဆုတ်ယုတ်မယ်။ ပစ္စုပ္ပန်မှာလည်း ဒီလူကြီးက ဘက်လိုက်သူပဲ။ တရားမမျှတသူပဲ၊ သမာသမတ်မ ကျတဲ့သူပဲ၊ ညစ်ပတ်တဲ့သူပဲဆိုပြီး ဂုဏ်သိက္ခာတော့ ဆုတ်ယုတ်သွားတာပေါ့။ ဘက်လိုက်လိုက်လို့ တိုင်းပြည်တိုးတက်အောင် မလုပ်နိုင်တဲ့အဖွဲ့အစည်းတက်လာရင် တိုင်းသူပြည်သားတွေရဲ့ဘဝတွေ ဆုတ်ယုတ်သွားတာပေါ့။ ဘယ်အဖွဲ့အစည်းက ဦးဆောင်ခဲ့လို့ နှစ်ပေါင်း ၅၀ ကျော် အတွင်း တိုင်းပြည်ဆုတ်ယုတ်ခဲ့သလဲဆိုတာ ကော်မရှင်လူကြီးတွေလည်း  သိမှာပါပဲ။ဒီတော့ တိုင်းသူပြည်သားတွေရဲ့ဘဝဆုတ်ယုတ်စေမယ့် အဖွဲ့အစည်းကို ဘက်မလိုက်ဖို့ အရေးကြီးတာပေါ့။ ဘက်လိုက်လိုက်မယ်ဆိုရင် နဂိုကတည်းက ဆုတ်ယုတ်နေတာ ပိုပိုပြီး ဆိုးရွားသွား မှာပေါ့။ ကမ္ဘာပေါ်မှာ အဆင်း ရဲဆုံး နိုင်ငံစာရင်းဝင်နေတယ်၊ အရှေ့တောင်အာရှမှာ အနိမ့်ကျဆုံးစာရင်းဝင်နေတယ်ဆိုက တည်းက ဒီအုပ်ချုပ်တဲ့ အဖွဲ့အ စည်းက ပြောင်းလဲသင့်နေပြီ။ ဒီလူဒီလူတွေချည်းပဲ ဆက်အုပ်ချုပ်နေ ရင် တိုင်းပြည်က ဆက်ဆုတ်ယုတ် ဖို့ပဲရှိတယ်။ မူပြောင်းစနစ်ပြောင်း လို့ တိုးတက်မယ်ဆိုရင်လည်း တိုးတက်မှုနှုန်းက နှေးကွေးနေမယ်။ ဒါကြောင့် ဒီမိုကရေစီရေးအ တွက်၊ လူ့အခွင့်အရေးအတွက် အစဉ်တစိုက်တောင်းဆိုနေတဲ့သူ တွေသာ အုပ်ချုပ်ခွင့်ရမယ်ဆိုရင် စစ်မှန်တဲ့ဒီမိုကရေစီစနစ်လည်း ထွန်းကားနိုင်မယ်။ တိုင်းပြည်ရဲ့ အပြောင်းအလဲကိုလည်း စစ်မှန် စေမယ်။ တိုးတက်မှုနှုန်းလည်း မြန်ဆန်စေမယ်ဆိုတာ သာမန်လေး တွေးကြည့်ရင်တောင် သိနိုင်ပါ တယ်။ ဒီလိုသိနိုင်ပါလျက်နဲ့ တိုး တက်မှုမြန်ဆန်အောင်မလုပ်နိုင် တဲ့ဘက်က ဘက်လိုက်လိုက်မယ် ဆိုရင် တိုင်းပြည်နဲ့တိုင်းသူပြည် သားတွေရဲ့ဘဝတွေပဲ နိမ့်ကျသွား မှာပေါ့နော်။ မြတ်စွာဘုရားရဲ့အ ဆုံးအမအရကြည့်ရင် ဘက်လိုက် တဲ့သူတွေတင်မကဘဲ သူတို့နေ ထိုင်တဲ့တိုင်းပြည်ပါ ဆုတ်ယုတ် သွားတာပေါ့နော်။ ရှေ့ဆက်ပြီး တော့ မဆုတ်ယုတ်စေသင့်တော့ ဘူးပေါ့နော်။ ဒါကြောင့် ဘာအ ကြောင်းကြောင့်မှ ဘက်မလိုက်ဖို့ အရေးကြီးပါတယ်။ တိုင်းသူပြည် သားတွေရဲ့ ဆန္ဒအမှန်အတိုင်း ရလဒ်ထွက်လာဖို့ အရေးကြီးပါ တယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းသူပြည်သားတွေရဲ့ဆန္ဒနဲ့ ရွေးချယ်မှတော့ ရွေးချယ်ခံရတဲ့ အဖွဲ့အစည်းက မကောင်းစရာမရှိ ပါဘူး။ ကိုယ့်ကိုဆိုးကျိုးပြုမယ့်သူ ကို ဘယ်သူမှ မဲပေးမှာမဟုတ် ဘူးလေ။ ကောင်းကျိုးပြုမယ့်လူ တွေကိုပဲ မဲပေးမှာပဲလေ။ ဒါ ကြောင့် ပြည်သူ့ဆန္ဒအမှန်ဖြစ်ပေါ် လာအောင် ကိုယ်က ကြီးကြပ်ပေး ရမယ့်သဘောပဲဖြစ်ရမှာပေါ့ နော်။ ဘေးကနေ ကူညီဆောင် ရွက်ပေးတဲ့သဘောပဲဖြစ်ရမှာပေါ့ နော်။ ဘယ်သူကတော့ ရွေး ကောက်ခံဖြစ်သင့်တယ်၊ ဘယ်သူကတော့ မဖြစ်သင့်ဘူးဆိုတာ ဆုံး ဖြတ်ရမှာမဟုတ်ဘူး။ အဲဒါကို ပါ ဝင်ဆုံးဖြတ်ရင် ကိုယ့်အလုပ်ကိုယ်လုပ်တာမဟုတ်တော့ဘူး။ ဒိုင်လူ ကြီးမပီသတဲ့အလုပ် မလုပ်သင့် ဘူး။ ဒိုင်လူကြီးမပီသတဲ့အလုပ် လုပ်ရင် ပရိသတ်က အရမ်းမုန်း တယ်။ အဲဒီတော့ ရွေးကောက်ပွဲ ကော်မရှင်က ဒိုင်လူကြီးမပီသတဲ့ အလုပ်လုပ်ရင် တိုင်းသူပြည်သား တွေရဲ့အမုန်းတရားကိုပဲ ရရှိပါ လိမ့်မယ်။ ရွေးကောက်ပွဲမှာ ရွေး ကောက်ပွဲကော်မရှင်က ညစ်ပတ် မယ်။ ဒိုင်လူကြီးမပီသဘူးဆိုရင် တိုင်းသူပြည်သားတည်းဟူသော ပရိသတ်က သူ့ကို ပြန်ပြီး အနီကတ်ပြရမှာပေါ့။ ပြည်သူလူထုက လည်း စောင့်ကြည့်လေ့လာဖို့ လို အပ်ပါတယ်။

အနိုင်အရှုံးအဆုံးအဖြတ်အပေါ် ယှဉ်ပြိုင်ခဲ့တဲ့ သူတွေက ရွေး ကောက်ပွဲအလွန်ကာလမှာ ဘယ် လို  သဘောထားသင့်ပါသလဲ ဘုရား။

အနိုင်အရှုံးဆိုတာ ရှိပါ တယ်။ ရှိတဲ့အခါ နိုင်တဲ့သူက လည်း အနိုင်မာနရှိပြီး ရှုံးတဲ့သူက လည်း အရှုံးမာနရှိတတ်ပါတယ်။ နိုင်တဲ့သူက အနိုင်အပေါ် သာယာ ပြီး လောဘဖြစ်သလို ရှုံးတဲ့သူက လည်း ဒေါသဖြစ်တတ်တယ်။ အဲဒီလောဘနဲ့ ဒေါသကို မထိန်းနိုင်တဲ့ အခါ နိုင်သူနဲ့ ရှုံးသူကြားမှာ ပြဿ နာတွေ တက်လာနိုင်တာပေါ့။ ဒါ ကြောင့် အနိုင်အရှုံးက မှန်ကန်ခဲ့ ရင် ကျေကျေနပ်နပ်လက်ခံနိုင်ဖို့ လိုအပ်တာပေါ့။ စစ်မှန်တဲ့အနိုင် အရှုံးရလဒ်ထွက်ခဲ့ရင်တော့ နိုင်တဲ့သူကလည်း မထောင်လွှားသင့် ဘူး။ ရှုံးတဲ့သူကလည်း မလုပ်သင့် တာတွေ မလုပ်ရဘူး။ နိုင်ငံရေး လုပ်တဲ့ ကိုယ့်ရဲ့ရည်ရွယ်ချက်ကို ပြန်ကြည့်ဖို့လိုတယ်။ နိုင်တဲ့သူက ငါကတော့ နိုင်သွားလို့ နိုင်ငံ့ ကောင်းကျိုးကို ဆောင်ရွက်ခွင့် ရပြီ၊ ကိုယ့်ဒေသကောင်းကျိုးကို ဆောင်ရွက်ခွင့်ရပြီဆိုပြီး ဝမ်းသာ သင့်တယ်။ ရှုံးတဲ့သူကလည်း ကိုယ့်နိုင်ငံ့ကောင်းကျိုး၊ ကိုယ့် ဒေသကောင်းကျိုးကို ဆောင်ရွက် ဖို့ဆိုတဲ့စိတ်နဲ့ ရွေးကောက်ပွဲဝင် တာဆိုရင် ရွေးကောက်ပွဲမှာ ရှုံး သွားလို့ ဒေသကောင်းကျိုး၊ နိုင်ငံ ကောင်းကျိုးဆောင်ရွက်ခွင့်မရ တော့တာမှမဟုတ်တာ။ ဒေသ ကောင်းကျိုး၊ နိုင်ငံကောင်းကျိုးကို တတ်နိုင်တဲ့ဘက်က ဆောင်ရွက် လို့ရတာပါပဲ။ နိုင်တဲ့သူကလည်း နိုင်တဲ့အလျောက် ဘဝင်မြင့်ပြီး ထောင်လွှားတာမျိုးမလုပ်ဘဲ ကိုယ်ဆက်လုပ်ရမယ့်အလုပ်တွေ ကို အာရုံစိုက်ရမယ်။ ရှုံးတဲ့သူက လည်း ရည်ရွယ်ချက်သာ မှန်ရင် ရှုံးတယ်မဆိုနိုင်ပါဘူး။ နိုင်သူရော ရှုံးသူပါ ရည်ရွယ်ချက်မှန်ကန်မယ် ဆိုရင် အနိုင်အရှုံးအပေါ်မှာ ခံစား ပြီး မကောင်းတဲ့လုပ်ရပ်တွေ၊ ပြ ဿနာတွေ ပေါ်ပေါက်တော့မှာ မဟုတ်ပါဘူး။ အနိုင်အရှုံးဆိုတာ လက်ခံတတ်ရပါတယ်။ လက်မခံ ရင်တော့ စိတ်ခံရတာပေါ့။

NLD ပါတီအာဏာရလာရင် ဗုဒ္ဓ ဘာသာမှေးမှိန်ပြီး ဘာသာခြား တွေ အားကောင်းလာနိုင်တယ်ဆို တဲ့ပြောဆိုနေမှုတွေအပေါ် အရှင် ဘုရားဘယ်လိုသုံးသပ်ချင်ပါသ လဲဘုရား။

ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်တဲ့ NLD ပါတီအာဏာရ လာရင် ဗုဒ္ဓဘာသာ မှေးမှိန် ပျောက်ကွယ်သွားမယ်ဆိုတာ အင်မတန်မှကို အခြေအမြစ်မရှိ တဲ့ဝါဒဖြန့် လှုံ့ဆော်မှုသက်သက် ပါ။ ဗုဒ္ဓဘာသာမှေးမှိန်ပျောက် ကွယ်အောင် ဒေါ်အောင်ဆန်းစုကြည်လည်း လုပ်လို့ မရဘူး၊ NLDပါတီလည်း လုပ်လို့ မရဘူး။ လုပ်မယ့်သူတွေလည်း မဟုတ် ဘူး။  NLD ပါတီအနိုင်ရလာရင် ဘာသာခြားတွေလွှမ်းမိုးမှုရှိလာ လိမ့်မယ်လို့ ပြောကြတာပေါ့နော်။ မြန်မာနိုင်ငံမှာ ဘာသာရေးပြဿနာတွေဖြစ်တာ ဘယ်သူတွေ ကြောင့်လဲဆိုတာ စဉ်းစားဖို့ လို တာပေါ့နော်။ အဲဒါတွေက ဒေါ် အောင်ဆန်းစုကြည်ကြောင့် ဖြစ် တာလည်း မဟုတ်ဘူး။ NLD ပါတီကြောင့်ဖြစ်တာလည်း မဟုတ် ဘူး။ ဗုဒ္ဓဘာသာမှေးမှိန်ပျောက် ကွယ်အောင် ဒေါ်အောင်ဆန်းစု ကြည်နဲ့ NLD ပါတီက လုပ်ရင် လည်း ပြည်သူလူထုက လက်ခံ မှာမဟုတ်ပါဘူး။ ကန့်ကွက်ဆန္ဒ ပြကြမှာပါပဲ။ ဒီမိုကရေစီအစိုးရ တွေဆိုတာ ပြည်သူထောက်ခံမှု ဆက်လက်ရရှိဖို့အတွက် ပြည်သူ မကြိုက်တဲ့ကိစ္စကို လုပ်မှာမဟုတ် ပါဘူး။ လူ့အခွင့်အရေးကို လေး စားလိုက်နာဖို့ ပြောတာဟာ ဘာ သာခြားတွေဘက်က ရပ်တည် တာမဟုတ်ဘူးလေ။ ဘာသာရေး ဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ အတွေးအခေါ်အယူအဆအပေါ် အခြေခံပြီး လွတ်လပ်စွာကိုးကွယ် ယုံကြည်ခွင့်ရှိတဲ့ ကိုယ်ရေးကိုယ် တာကိစ္စပဲလေ။ အဲဒီကိစ္စတွေက ကာယကံရှင်ကပဲ ဆုံးဖြတ်သွား မှာပါပဲ။ အဲဒါကို အစိုးရတစ်ရပ်က ဗုဒ္ဓဘာသာမှေးမှိန်ပျောက်ကွယ် သွားအောင် ဘာသာခြားတွေ လွှမ်းမိုးသွားအောင် လုပ်ဆောင် လို့ရတာမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓ ဘာသာထွန်းကားပြန့်ပွားဖို့ဆို တာ ရဟန်းသံဃာတွေ အဓိက လုပ်ရမယ့်ကိစ္စပါပဲ။ တိုင်းသူပြည် သားတွေကို ဗုဒ္ဓအဆုံးအမတွေ ဖြန့်ဝေပေးမယ်ဆိုရင် ထွန်းကား မှာပါပဲ။ ဗုဒ္ဓဘာသာထွန်းကားပြန့် ပွားဖို့ ဆရာဒကာပူးပေါင်းဆောင် ရွက်ရမယ်။ အစိုးရက အားပေးဖို့ တော့ လိုတာပေါ့နော်။ ဒကာမ ကြီး ဒေါ်အောင်ဆန်းစုကြည်က အားပေးမှာပါပဲ။ တချို့ကလည်း ဘုရားတည်ကျောင်းဆောက်တာ ကိုပဲ ဘာသာတရားကိုင်းရှိုင်း တယ်လို့ ယူဆကြတာပေါ့နော်။ ဘာသာတရားကိုင်းရှိုင်းတယ်ဆို တာ ဘာသာတရားရဲ့ အဆုံးအမ အတိုင်း လိုက်နာတာကို ခေါ်တာပဲ။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားတွေကို မတရားဖမ်း ဆီးနှိပ်စက်သတ်ဖြတ်နေတာဟာ ဘာသာတရားကိုင်းရှိုင်းတာမ ဟုတ်ဘူးလေ။ ဘုရားတည် ကျောင်းဆောက်နေပေမယ့် ၂၀၀၇က ရွှေဝါရောင်တော်လှန်ရေးမှာ ဗုဒ္ဓဘာသာရဟန်းသံဃာတွေကို ဖမ်းဆီးရိုက်နှက်သတ်ဖြတ် ထောင်ချတာဟာ ဘာသာတရား ကိုင်းရှိုင်းတာမဟုတ်ဘူးလေ။ အခုလည်း ဘာသာရေးပဋိပက္ခ တွေဖြစ်စေမယ့် အမုန်းစကားတွေနဲ့ လှုံ့ဆော်နေတဲ့သူတွေကျတော့ လွှတ်ထားပြီး ရပ်ရွာကောင်းကျိုး၊ ဘာသာသာသနာကောင်းကျိုးကို လုပ်ဆောင်နေတဲ့ ရေပူဆရာ တော်လိုမျိုး ပုဂ္ဂိုလ်ကိုကျတော့ ဖမ်းဆီးချုပ်နှောင်ထားတယ်။ ဒါ တွေဟာ ဘာသာတရားကိုင်းရှိုင်း တာဟုတ်၊ မဟုတ်သက်သေပါပဲ။ ဒကာမကြီး ဒေါ်အောင်ဆန်းစု ကြည်ဟာ မေတ္တာတရားကြီးမား လို့ နှစ်ပေါင်း ၃၀ နီးပါး အခက်အခဲ အကျပ်အတည်းတွေကြားကနေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အစဉ်တစိုက်တောင်းဆိုခဲ့တယ်။ သစ္စာတရားကြီးမားလို့ ကိုယ်ကျိုး စွန့်ပြီး အမှန်တရားဘက်ကနေပဲ အမြဲရပ်တည်ခဲ့တယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် တဲ့ NLD ပါတီအာဏာရလာရင် ဗုဒ္ဓဘာသာမှေးမှိန်ပျောက်ကွယ် သွားမယ်ဆိုတာ အင်မတန်မှကို အခြေအမြစ်မရှိတဲ့ ၀ါဒဖြန့်လှုံ့ ဆော်မှုသတ်သတ်ပါ။ ဘာသာ ခြားမုန်းတီးရေးတွေ လှုံ့ဆော်နေ ရုံသက်သက်နဲ့တော့ ဗုဒ္ဓဘာသာ မတည်မြဲနိုင်ပါဘူး။ ဘာသာခြား အန္တရာယ်ကို ဖိတ်ခေါ်သလို တောင် ဖြစ်နေပါသေးတယ်။

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ကာလမှာ ယတြာနဲ့ ပတ်သက်  တဲ့ သတင်းတွေ ကြားရပါတယ်။ အစိုးရအဆက်ဆက်က သူတို့ အာဏာတည်မြဲဖို့အတွက် ယတြာ နှင့် ပတ်သက်ပြီး အယုံအကြည်ရှိ ကြပါတယ်။ ဗုဒ္ဓဘာသာရဟန်း တော် တစ်ပါးအနေနဲ့ ယတြာနှင့်ပတ်သက်ပြီး မိန့်ကြားပေးပါဦး ဘုရား။

ရွေးကောက်ပွဲအကြိုမဲဆွယ် ကာလတွေမှာ ယတြာနဲ့ ပတ်သက်ပြီး သတင်းစာ၊ ဂျာနယ်တွေမှာ နာ မည်ကြီးတာက ကျောက်ဖရုံသီး ယတြာအကြောင်းပါပဲ။ စတာ တော့ အင်းစိန်ဈေးကြီးဆိုတဲ့ စ ကားလုံးရဲ့ အပေါ်တည့်တည့်မှာ ပဲ ကျောက်ဖရုံသီးတင်ထားတာ ပေါ့လေ။ ဒါကတော့ ကက်ကင်း ရိုက်တဲ့ သဘောပေါ့လေ။ အင်း စိန်ဈေးကြီးဆိုတာ အောင်ဆန်းစု ကြည်ဆိုတဲ့ စကားလုံးနဲ့ ကွက်တိ ကို တူတာ။ အသွားကက်ကင်းလို့ ခေါ်တာပေါ့။ တနင်္ဂနွေ၊ အင်္ဂါနှစ် ခု၊ ပြီးတော့ တနင်္လာပေါ့။ နေ့နံ တင်မကဘူး။ စကားလုံးအစီအ စဉ်ပါ ချွတ်စွပ်တူတယ်။ အင်းစိန်ဈေးကြီးဆိုတော့ အနဲ့စပြီး ကနဲ့ ဆုံးတယ်။ အဲဒါက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အစ စကားလုံးနဲ့ အဆုံးစကားလုံးတူနေ တယ်။ တနင်္ဂနွေအစ တနင်္လာ အဆုံးပေါ့လေ။ ကျောက်ဖရုံဆို တာကျတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပေါ့လေ။ တနင်္လာနဲ့ စတယ်။ ဗုဒ္ဓ ဟူးနဲ့ ဆုံးတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး  ကိုယ်စားပြုတဲ့ ကျောက်ဖရုံပေါ့။  ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တို့ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးက အပေါ်စီးက နိုင်မယ်ဆိုတဲ့ သဘောမျိုး ယူဆရတာပေါ့။ အသွားကက်ကင်းနဲ့ ကက် ကင်းရိုက်တာပေါ့လေ။ သတင်းစာ၊ ဂျာနယ်တွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖြေရှင်းတာ တွေ့ ရတာ ယတြာမဟုတ်ပါဘူး။ မိုးကြိုးလွှဲတာပါပေါ့။ ဒါပေမဲ့ ၀ါရင့်မိုးလေ၀သပညာရှင်ကြီး တွေက ကျောက်ဖရုံသီးက မိုးကြိုး လွှဲစေတယ်ဆိုတာ တစ်သက်နဲ့ တစ်ကိုယ်တစ်ခါမှ မကြားဖူးပါ ဘူးလို့၊ မိုးလေ၀သပညာရပ်တွေ မှာလည်း လုံးဝမပါဘူးလို့ ပြော ကြတယ်လေ။ မိုးလေ၀သပညာ ရှင်ရဲ့ ပြောကြားချက်အရ ကျောက်ဖရုံသီးက မိုးကြိုးလွှဲစေ တာ ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်လို့ ယတြာလို့ပဲ ယူဆရ တာပေါ့။ ကျွမ်းကျင်တဲ့ ဗေဒင် ပညာရှင်တွေကလည်း ဒါဗေဒင် နဲ့ လုံးဝမဆိုင်ဘူး။ ဒီယတြာဟာ ပညာသားလုံးဝမပါတဲ့ ယတြာပဲ လို့ ပြောကြတာပဲလေ။ အဲဒီတော့ ကက်ကင်းဖြစ်ရင်ပြီးရောဆိုတဲ့ ခပ်ညံ့ညံ့ယတြာမျိုးဖြစ်နေတာ ပေါ့။ ယတြာကို ယတြာမှန်းသိ သွားရင်လည်း မစွမ်းတော့ဘူးလို့ ပြောကြတာပေါ့။ ဘယ်လိုပဲဖြစ် ဖြစ် အာဏာရှင်ခေတ်အဆက် လက်မှာလည်း ယတြာချေခဲ့ကြ တာပဲ။ အားကိုးခဲ့ကြတာပဲ။ တ ချို့အာဏာရှင်တွေက ကိုယ်အာ ဏာတည်မြဲတာဟာ ယတြာ ကောင်းလို့လို့ ထင်ကြတာပေါ့။ တကယ်တမ်းကြတော့ လက် နက်အားကိုးနဲ့ အာဏာတည်မြဲ နေတာပေါ့။ တိုင်းသူပြည်သား တွေကို အကြောက်တရားနဲ့ ခြိမ်း ခြောက်ပြီးတော့ အာဏာတည်မြဲ နေတာပေါ့။ လက်နက်ကို ကြောက်လို့သာ တိုင်းသူပြည် သားတွေက ငြိမ်ဝပ်ပိပြားနေတာ ကို ကိုယ်အာဏာသက်ရောက်မှု ရှိတယ်လို့ ထင်နေကြတာ။ လက် နက်ကြောင့် အာဏာတည်မြဲနေ တာကို ယတြာကြောင့် အာဏာ တည်မြဲနေတာလို့ ထင်နေကြ တာ။ ထင်ပြီးတော့ ယတြာတွေ တစ်ခုပြီး တစ်ခုလုပ်နေကြတာ ပေါ့။ ဒီလိုပြောလိုက်လို့ ယတြာ ကို မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဦးပဉ္စင်းတို့က ဗေဒင်လည်း မကျွမ်းပါဘူး။ ပညာရပ်တစ်ခုရဲ့ အတိမ်အနက်ကို မသိတဲ့အတွက် ယတြာကို မ ကောင်းဘူးလို့ မပြောချင်ပါဘူး။ စိတ်ရဲ့ ထွက်ပေါက်တစ်ခုအနေ နဲ့ ယတြာလုပ်တာကတော့ အ ပြစ်ပြောစရာမရှိပါဘူး။ ဒါပေမဲ့ ငွေကုန်ကြေးကျများတယ်။ သူ တစ်ပါးကိုလည်း ထိခိုက်မယ်ဆို ရင် အပြစ်ပြောစရာရှိသွားတယ်။ ဒီလိုယတြာမျိုးက လုံးဝမလုပ်သင့်ဘူးပေါ့။ အာဏာရှင်ခေတ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နာ မည်ကြီးတဲ့ ယတြာက ကြက်ဆူ ယတြာပေါ့။ နိုင်ငံအနှံ့အပြားမှာ ကြက်ဆူပင် စိုက်ကြတာလေ။ စုကြည်ကို ပြောင်းပြန်လှန်လိုက် တဲ့အခါ တနင်္လာနဲ့ အင်္ဂါနံဖြစ် သွားတယ်။ သူကျတော့ အပြန် ကက်ကင်းပေါ့။ ဘယ်ပညာရှင် ကများ အကြံပေးလိုက်လဲ မသိ ဘူး။ ကြက်ဆူယတြာလုပ်လိုက် တဲ့အတွက် တိုင်းပြည်ဘဏ္ဍာငွေ လည်း ဆုံးရှုံးသွားတယ်။ စိုက်ပျိုး ရတဲ့ သူတွေလည်း အလုပ်ရှုပ် တာပေါ့။ ဒီလိုယတြာကတော့ ဘယ်လိုမှ အကျိုးမရှိတဲ့ ယတြာ ပေါ့။ သူတို့စုကြည်လို့ ခေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကမ္ဘာအလယ်မှာရော မြန်မာအ လယ်မှာပါ တင့်တယ်ထည်ဝါနေ တာပါပဲ။ နိုင်ငံရေး အာဏာရရှိ ဖို့အတွက် ယတြာလုပ်တယ်ဆို ရင် မရသေးတဲ့ နိုင်ငံရေးအာဏာ ရရှိချင်တယ်။ ရပြီးသား နိုင်ငံရေး အာဏာတည်မြဲချင်တယ်ဆိုရင် အကောင်းဆုံးယတြာကတော့ ပြည်သူလူထုရဲ့ ကောင်းကျိုးကို  အစွမ်းကုန်သယ်ပိုးခြင်းပါပဲ။ အဲဒီလိုသယ်ပိုးဖို့ အဓိကကတော့ မေတ္တာတရားနဲ့ ပညာတရားရှိရ မှာပါပဲ။ နိုင်ငံရေးသမားတစ်ယောက်အတွက် အာဏာတည်မြဲစေဖို့ အကောင်းဆုံးယတြာက တော့ မေတ္တာယတြာနဲ့ ပညာ ယတြာပဲပေါ့။ နိုင်ငံသူနိုင်ငံသား တွေရဲ့ ကောင်းကျိုးကို ဆောင် ရွက်လိုတဲ့ မေတ္တာစိတ်ရှိရမယ်။ ဆောင်ရွက်တဲ့အခါမှာလည်း ပညာဉာဏ်ပါပါနဲ့ လုပ်ဆောင် တတ်ဖို့ လိုအပ်တယ်။ မေတ္တာ တော့ရှိပါရဲ့၊ ပညာမရှိဘူးဆိုရင် လည်း အဆင်မပြေဘူးလေ။ အဲဒီတော့ အာဏာတည်မြဲဖို့ အ ကောင်းဆုံးယတြာကတော့ နိုင်ငံ သူနိုင်ငံသားတွေရဲ့ အကျိုးကို အစွမ်းကုန်သယ်ပိုးခြင်းပါပဲ။ စင် ကာပူကိုပဲ ကြည့်ပါ။ အာဏာရှင် နိုင်ငံဆိုပေမယ့် သူတို့ရဲ့ ခေါင်း ဆောင်ကြီး လီကွမ်ယုရဲ့ နိုင်ငံကို  ကောင်းစေချင်တဲ့ မေတ္တာအား ကြီးတာကြောင့် အာဏာနဲ့ အုပ် ချုပ်ပေမယ့်လို့ တိုင်းပြည်က တိုး တက်သွားတယ်။ မေတ္တာနဲ့ ပညာနဲ့ အုပ်ချုပ်တဲ့အတွက် အာဏာရှင်နိုင်ငံဆိုပေမယ့် တိုးတက်သွား တယ်။  

ဦးတင်ပါတယ်ဘုရား။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။