Friday, November 27, 2015

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရှီးဟိုက်မွတ်ဆလင်များ ဝတ်ပြုသည့် ဗလီတစ်ခု တိုက်ခိုက်ခံရပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
သေနတ်သမားများသည် ဘင်္ဂလားဒေ့ရှ်မြောက်ပိုင်း၊ ဘိုဂရာဒေသရှိ ဗလီသို့ နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းက ဝင်ရောက်လာပြီး ဝတ်ပြုနေသူများကို ပစ်ခတ်ခဲ့ရာ နောက်ထပ် လူသုံးဦး ဒဏ်ရာများ ရရှိခဲ့သည်။
ဒါကာမြို့တော်ရှိ ရှီးဟိုက်မွတ်ဆလင် ဗလီတစ်ခုအတွင်း လက်ပစ်ဗုံးပစ်သွင်းသဖြင့် လူတစ်ဦးသေကာ ၈၀ ကျော် ဒဏ်ရာရခဲ့သည့် တိုက်ခိုက်မှုအပြီး တစ်လမျှအတွင်း ယခုတိုက်ခိုက်မှု ထပ်မံပေါ်ပေါက်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် လပိုင်းများအတွင်း ဘင်္ဂလားဒေ့ရှ်တွင် နိုင်ငံခြားသားများ၊ Bloggerများကို ပစ်မှတ်ထား တိုက်ခိုက်မှုများလည်း ဖြစ်ပေါ်ခဲ့သေးသည်။
ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ၎င်းတို့သည် စစ်သွေးကြွခေါင်းဆောင်တစ်ဦးဖြစ်သည့် အယ်လ်ဘာနီကို သုတ်သင်နိုင်ခဲ့ကြောင်း ကြေညာပြီးနောက် တစ်ရက်အကြာတွင် ဘိုဂရာရှိ ဗလီထဲသို့ အကြမ်းဖက်သမားများက ဝင်ရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်သည် ဆွန်နီ မွတ်ဆလင်အများစုနေထိုင်သည့်နိုင်ငံ ဖြစ်သော်လည်း ယခင်ကာလများက ရှီးဟိုက်မွတ်ဆလင်များကို ပစ်မှတ်ထား တိုက်ခိုက်မှုမျိုး အလွန်ရှားပါးခဲ့သည်။
လတ်တလော ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) လက်ချက်ဟု ခန့်မှန်းမှုများ ရှိနေသော်လည်း အစိုးရကမူ အိုင်အက်စ်သည် နိုင်ငံအတွင်း လှုပ်ရှားနေခြင်း မရှိကြောင်း တုံ့ပြန်ပြီး ပြည်တွင်းအခြေစိုက် စစ်သွေးကြွ အဖွဲ့အစည်းများကိုသာ အပြစ်တင်ထားသည်။
http://www.7daydaily.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။