NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သံတွဲ ခရီးစဉ်အား ကန့်ကွက် ဆန္ဒထုတ်ဖော်ရန် သံတွဲဒေသခံ မဟုတ်သူ နှစ်ဦးက သက်ဆိုင်ရာသို့ ဆန္ဒထုတ်ဖော်ခွင့် တင်


၂၀၁၂ ခုနှစ် ဇွန် ၅ ရက်ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာတွင် အစ္စလာမ် ဘာသာဝင် ၁၀ ဦး အသတ်ခံရမှုအား ဖော်ပြခဲ့သည်ကို တွေ့ရစဉ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သံတွဲ ခရီးစဉ်အား ကန့်ကွက် ဆန္ဒထုတ်ဖော်ရန် သံတွဲဒေသခံ မဟုတ်သူ နှစ်ဦးက သက်ဆိုင်ရာသို့ ဆန္ဒထုတ်ဖော်ခွင့် တင်ခဲ့ပြီး ကန့်ကွက် ဆန္ဒထုတ်ဖော်မှုမှာ သံတွဲမြို့နယ်ရှိ လူမှုအဖွဲ့အစည်းများ၊ စစ်တွေ လူမှုအဖွဲ့အစည်းများနှင့် ပတ်သက်မှု မရှိကြောင်းနှင့် ရခိုင်ပြည်သူ အားလုံးအား ကိုယ်စားပြုခြင်း မဟုတ်ဟု ဒေသခံများ ပြောကြားချက်များအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သံတွဲ ခရီးစဉ်အား ကန့်ကွက် ဆန္ဒပြရန် သံတွဲဒေသခံ မဟုတ်သော ဦးသိန်းရွှေနှင့် ဦးစံတင်ဆိုသူ နှစ်ဦးက အောက်တိုဘာ ၁၃ ရက်က သက်ဆိုင်ရာသို့ ဆန္ဒထုတ်ဖော်ခွင့် တင်ထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၆ ရက်တွင် သံတွဲမြို့သို့ ရောက်ရှိလာမည်ဖြစ်ပြီး တောင်ကုတ်မြို့နှင့် ဂွမြို့တို့တွင် လူထုဟောပြောပွဲများ ပြုလုပ်ရန်ရှိကြောင်း သိရသည်။

ယင်းခရီးစဉ်တွင် သံတွဲမြို့တွင် နေထိုင်သူ မဟုတ်သူ တစ်ဦးက သံတွဲမြို့ တစ်မြို့တည်းတွင် တကူးတက လာရောက် ဆန္ဒပြမည် ဆိုခြင်းမှာ သံတွဲမြို့၏ ပုံရိပ်ကို ထိခိုက်မှေးမှိန်စေလို၍ ဖြစ်သည်ဟု သံတွဲမြို့ခံများက ထင်မြင် ယူဆနေကြကြောင်းနှင့် သံတွဲမြို့မှ လူမှုအဖွဲ့အစည်းများ မြို့ခံများ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အား ကန့်ကွက် ဆန္ဒပြရန် အစီအစဉ် မရှိကြောင်း သံတွဲမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

“အခု ဒေါ်စု ခရီးစဉ်ကို ကန့်ကွက် ဆန္ဒပြဖို့ စီစဉ်တဲ့ ဦးသိန်းရွှေဆိုတဲ့သူက သံတွဲဒေသခံလည်း မဟုတ်ပါ။ နောက် သံတွဲမှာ နေထိုင်သူလည်း မဟုတ်ပါဘူး။ သူက စစ်တွေမြို့ကလို့ သိရတယ်။ သံတွဲက လူမှုအဖွဲ့အစည်းတွေကတော့ ဒေါ်စု ခရီးစဉ်ကို ကန့်ကွက် ဆန္ဒထုတ်ဖော်ဖို့ အစီအစဉ် မရှိပါဘူး။ ဒေါ်စု ခရီးစဉ်က သံတွဲ၊ တောင်ကုတ်၊ ဂွသုံးမြို့ ဖြစ်ရဲ့သားနဲ့ သံတွဲမြို့မှာမှ ကန့်ကွက် ဆန္ဒပြတာဟာ သံတွဲမြို့ကိုများ တမင်တကာ သိက္ခာကျအောင် လုပ်နေသလားလို့ ခံစားရပါတယ်။ အခု ဆန္ဒပြတဲ့ဟာမှာ သံတွဲမြို့ခံတွေက ကျွန်တော့လိုပဲ ခံစားနေရပါတယ်။ အခု ဆန္ဒပြဖို့ ဦးဆောင်သူတွေထဲမှာ ဂျိတ်တောက ဦးစံတင် ဆိုတဲ့သူလည်း ပါပါတယ်။ ဦးသိန်းရွှေက စစ်တွေက လာတဲ့သူလို့ သိရတယ်။ ဒါပေမဲ့ ဦးသိန်းရွှေဟာ စစ်တွေမြို့က လူမှုအဖွဲ့အစည်းနဲ့ ပတ်သက်မှု မရှိဘူးလို့ ပြောကြတယ်။ အခု ဆန္ဒပြတဲ့ အထဲမှာတော့ ကျွန်တော်တို့ သံတွဲ လူမှုအဖွဲ့အစည်းတွေနဲ့ လုံးဝ မသက်ဆိုင်သူတွေနဲ့ ဘာမှ နားမလည်တဲ့သူတွေ၊ ငွေပေးလို့ ရတဲ့သူတွေလောက် ပါကောင်းပါနိုင်ပါတယ်။ လောလောဆယ် သံတွဲ အခြေအနေက ပါတီဝင်တွေကတော့ ဒေါ်စု ခရီးစဉ်အတွက် စီစဉ်နေတာ တွေ့ရတယ်။ ကျွန်တော်တို့ လူမှုအဖွဲ့အစည်းတွေကတော့ ဆန္ဒပြ ကန့်ကွက်ဖို့ အစီအစဉ် မရှိသလို သွားရောက် ကြိုဆိုဖို့လည်း မရှိဘူး။ ဒါပေမဲ့ ဒေါ်စု ခရီးစဉ်မှာ တစ်ခုခု အနှောင့်အယှက်တွေ မဖြစ်ရအောင်တော့ တတ်နိုင်သလောက် စောင့်ကြည့်သွားပါမယ်။ ကျွန်တော်တို့ သံတွဲ ဒေသခံတွေကတော့ ဒေါ်စု ခရီးစဉ်မှာ ဘာမှ အဟန့်အတား အထိအခိုက် မရှိစေချင်ပါဘူး” ဟု သံတွဲ လူမှုကွန်ရက်မှ ဦးမြင့်မိုးက ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အား ကန့်ကွက် ဆန္ဒပြမည့်သူ တစ်ဦးမှာ စစ်တွေမြို့ခံ ဖြစ်နေသော်လည်း စစ်တွေမြို့မှ လူမှုအဖွဲ့အစည်းများ၊ ပြည်သူလူထုများနှင့် ပတ်သက်သူ မဟုတ်ကြောင်းလည်း စစ်တွေအခြေစိုက် ရခိုင်လူမှု အဖွဲ့အစည်းများ ညှိနှိုင်းရေး ကော်မတီမှ သိရသည်။

ယင်းနှင့် ပတ်သက်ပြီး စစ်တွေ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက “ဦးသိန်းရွှေကတော့ စစ်တွေလူမှု အဖွဲ့အစည်း တစ်ခုမှာလည်း မပါဘူး။ ပါတီနဲ့လည်း မပတ်သက်ဘူး။ သူကတော့ သာမန်စီးပွားရေးသမား ဖြစ်တယ်။ နိုင်ငံရေး ပါတီတွေမှာ ဘယ်ပါတီပဲ ဖြစ်ဖြစ် မဲဆွယ်စည်းရုံးရေး ဆင်းခွင့်ရှိတယ်။ ပြည်သူလူထု အနေနဲ့လည်း ကိုယ်မကြိုက်တဲ့ ပါတီ မဲမထည့်နဲ့ပေါ့။ သူ့ခရီးစဉ်ကို ကန့်ကွက်တာဟာ ဒီမိုကရေစီ အခွင့်အရေးကို ပိတ်ပင်ရာ ရောက်တယ်။ ဒေါ်စု ရခိုင်နဲ့ ပတ်သက်ပြီး ဘာပဲ ပြောခဲ့ပြောခဲ့။ မကျေနပ်သူတွေလည်း ရှိလိမ့်မယ်။ စစ်တွေ လူမှုအဖွဲ့အစည်းတွေ အားလုံးကတော့ ဒေါ်စု ခရီးစဉ်နဲ့ ပတ်သက်ပြီး ကန့်ကွက် ဆန္ဒပြတဲ့ဟာကို မထောက်ခံဘူး။ ဒါဟာ မလုပ်သင့်ဘူး။ ကန့်ကွက် ဆန္ဒပြခဲ့ရင် NLD အသိုင်းအ၀န်းက ရခိုင်လူထုအပေါ် အမြင်မကြည်လင်တဲ့ အပိုင်းနဲ့ ပါလာတဲ့ မီဒီယာတွေကလည်း ရခိုင်တိုင်းရင်းသားတွေကို လူရိုင်းတွေအဖြစ် ပုံဖော်သွားမှာကို စိုးရိမ်နေကြတယ်။ နောက်တစ်ချက်က သံတွဲမြို့ခံသားတွေ မပါဝင်ဘဲနဲ့ သံတွဲမြို့ခံ မဟုတ်တဲ့ သူတစ်ဦးက သွားပြီးတော့ လုပ်တာဟာ သံတွဲမြို့ခံတွေက ကျေနပ်မှာ မဟုတ်ဘူး။ ဒါဟာလည်း ရခိုင်လူမျိုး အချင်းချင်း စည်းရုံးညီညွတ်မှုကို နည်းနည်းပါးပါး အထိအခိုက် ဖြစ်စေပါတယ်။  အခု လူထုခေါင်းဆောင် တစ်ဦးလို့ ဆိုထားသူ တစ်ဦးကို ရခိုင်သားတွေက ကန့်ကွက် ဆန္ဒပြတာနဲ့ ပတ်သက်လို့ မီဒီယာတွေက ဖွလိုက်ရင် ရခိုင်သားတွေပုံရိပ် ထိခိုက်သွားနိုင်မှာကိုလည်း ရခိုင်လူထုက စိုးရိမ်နေကြတယ်” ဟု ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ခရီးစဉ်အား ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခြင်းသည် ရခိုင်လူထု၏ ပုံရိပ်ကို ထိခိုက်စေပြီး ယင်းသို့ ဆန္ဒပြရန် ကြိုးစားသူများ၏ နောက်ကွယ်တွင် တစ်စုံတစ်ခုသော အဖွဲ့အစည်းများ ရှိနိုင်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။

“အခု ဒေါ်စုလာမယ့် သံတွဲခရီးစဉ်မှာ ကန့်ကွက်ဆန္ဒပြဖို့ ကြိုးစားနေသူတွေရဲ့ နောက်ကွယ်မှာ မမြင်နိုင်တဲ့ နောက်ကွယ်က အဖွဲ့အစည်း တစ်ခုများ ရှိနေမလားလို့ သုံးသပ်မိပါတယ်” ဟု ဦးသန်းထွန်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ် ခရီးစဉ်မှာ သုံးရက် ကြာမြင့်မည်ဖြစ်ပြီး ၁၃ နှစ်အတွင်း ပထမအကြိမ် သွားရောက်သည့် ခရီးစဉ် ဖြစ်ကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အား ကန့်ကွက်ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ဦးသိန်းရွှေက “ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည် လာမယ့်နေ့ ဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုချက် တင်ထားပါတယ်။ အောက်တိုဘာ ၁၆ ရက်မှာ သံတွဲ ငပိန်လမ်းဆုံကနေ လေဆိပ်အထိ လမ်းဘေးဝဲယာကနေပြီး ဆန္ဒထုတ်ဖော်မှာ ဖြစ်ပါတယ်။ ဒေါ်စုလာခြင်းကို ရခိုင်ပြည်သူ ပြည်သား အလိုမရှိ၊ ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင် ခရီးစဉ်သည် ရခိုင်ပြည်သူအတွက် မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည် လာခြင်းသည် ရခိုင်ပြည် ငြိမ်းချမ်းရေးအတွက် မဟုတ်ပါ။ ဆူပူမှုကို ဖြစ်စေအောင် သွေးထိုးလှုံဆော်မှုသာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ဖို့ ဖြစ်ပါတယ်။ ဒီကနေ့ ရဲက ကျွန်တော်တို့ တင်ထားတဲ့ဟာကို ပြန်ရုပ်သိမ်းကြောင်း စာတင်ဖို့ ပြောတယ်။ ကျွန်တော်တို့ကတော့ လုံးဝ မရုပ်သိမ်းနိုင်ဘူး။ မဖြစ်ဖြစ်အောင် ဆန္ဒထုတ်ဖော်သွားမှာ ဖြစ်တယ်။ ဘယ်ပါတီနဲ့မှ မဆိုင်ဘဲ ရခိုင်ပြည်သူလူထု ကိုယ်စား အမျိုးသားရေးတာဝန် အနေနဲ့ ကန့်ကွက် ဆန္ဒပြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့နောက်မှာ ကိုယ်ခံပညာ အင်အားစု၊ မဟာရက္ခိတ အင်အားစုတွေ ရှိပါတယ်။ ဒီအင်အားစုတွေဟာ ကိုယ်ကျိုးမဖက် အများအကျိုးအတွက် လုပ်တာပါ။ ကျွန်တော်တို့ နောက်ကွယ်မှာ ဘာမှ မရှိပါဘူး။ လုပ်ရမယ် လုပ်သင့်တယ် ထင်လို့ လုပ်တာပါ။ ခွင့်ပြုချက် မရလဲ ဆန္ဒထုတ်ဖော်ပါမယ်” ဟု ဆိုသည်။

“ကျွန်တော့်ကို လုပ်ကြံတုန်းက ပုဂ္ဂိုလ်ရေး အပုတ်ချတာကိုပါ တစ်ပြိုင်တည်း လုပ်သွားခဲ့တာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ နှစ် ၂၀ ကျော် အရမ်းရင်းနှီးတဲ့သူ အချို့ကိုပါ ပုဂ္ဂိုလ်ရေး အပုတ်ချတဲ့ နေရာမှာ အသုံးချဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုတွေ ခပ်စိတ်စိတ် လုပ်လာတယ်။ ထိပ်ပိုင်း ပုဂ္ဂိုလ်တွေ အထိ ပါဝင်ပတ်သက် လာတယ်။ ခြောက်တာပဲ ဖြစ်ဖြစ် တကယ်လုပ်တာပဲ ဖြစ်ဖြစ် သတိထားရမယ့် အချိန် ဖြစ်ပါတယ်” ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားသည်။

၂၀၁၂ ခုနှစ် ဇွန် ၃ ရက် ညနေပိုင်းကလည်း ရခိုင်ပြည်နယ် သံတွဲမြို့မှ ရန်ကုန်သို့ ထွက်လာသည့် ရိုးမသစ္စာ ခရီးသည်တင်ယာဉ်အား သံတွဲ-တောင်ကုတ် ကားလမ်းဆုံ၌ အသင့်စောင့်နေသည့် မည်သူမည်ဝါ မည်သည့်နေရာမှ လာမှန်းမသိသော လူအုပ်စုက ပိတ်ဆို့ တားဆီးကာ ကားပေါ်၌ ပါလာသော အစ္စလာမ် ဘာသာဝင် ၁၀ ဦးအား သတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။  

အဆိုပါ တောင်ကုတ်ဖြစ်စဉ်ကို အစိုးရသတင်းစာများက သတင်းဖော်ပြရာ၌ “သံတွဲမှ ရန်ကုန်သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ မွတ်ဆလင်ကုလား ၁၀ ဦး အသတ်ခံရ” ဟု ဖော်ပြခဲ့ပြီး ထိုဖော်ပြချက်ကြောင့် တင်းမာမှုများ ဆက်လက် ဖြစ်ပေါ်ကာ နောက်ဆက်တွဲ အနေဖြင့် မောင်တောနှင့် စစ်တွေမြို့များတွင် ပျက်စီးဆုံးရှုံးမှု ကြီးမားပြီး လူဦးရေ သောင်းချီ အိုးမဲ့၊ အိမ်မဲ့ ဖြစ်ခဲ့ရသော ဘာသာရေး အဓိကရုဏ်းအသွင် ပဋိပက္ခများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ရပါသည်။

အစိုးရ အနေဖြင့် တောင်ကုတ်ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများအား ချက်ချင်း ဖော်ထုတ်ခြင်း မရှိခဲ့ဘဲ တစ်နှစ်ခန့် အကြာတွင် မင်္သကာသူ ခြောက်ဦးကို ဖမ်းဆီးခဲ့ပြီး ၂၀၁၄ ခုနှစ် မေလတွင် သံသယဖြင့် ဖမ်းဆီး တရားစွဲခံရသူများကို လူသတ်မှု၊ ကြံစည်မှုများဖြင့် တရားစွဲရန် ဆုံးဖြတ်ခဲ့ကာ ၂၀၁၄ ခုနှစ် အောက်တိုဘာတွင် လူ ၇ ဦးကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့သည်။

Writer:
သားရွှေဦး (ကစ္ဆပ)

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။