NCA လက်မှတ် ရေးထိုးမည့် ABSDF အဖွဲ့၏ တပ်စခန်းများ ပြောင်းရွှေ့မည် မဟုတ်

တိုင်းရင်းသား, NCA, ABSDF
ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပသော ABSDF ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနား (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) ကို ပါဝင် လက်မှတ်ထိုးရန် ဆုံးဖြတ်ထားသည့် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ၄င်းတို့၏ တပ်စခန်းများကို နဂို အခြေစိုက်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် နယ်မြေများတွင် ဆက် လက်ထားရှိသွားမည် ဖြစ်ကြောင်း  ABSDF ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းက ဧရာဝတီသို့ ပြောသည်။

ဒုဥက္ကဌ ဦးမျိုးဝင်းက “အားလုံးသိတဲ့အတိုင်း ABSDF က ကိုယ်ပိုင်နယ်မြေ မရှိဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးရဲ့ နယ်မြေတွေမှာ အခြေတည်ရပါတယ်။ ကိုယ်အခြေပြုထားတဲ့ ဧရိယာတွေမှာ NCA မထိုးဘူး ဆိုပေမယ့် တပ်စခန်းတွေကိုတော့ ဒီအတိုင်းထားရှိသွားမှာပါ” ဟု ပြောသည်။

ABSDF သည် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ် နယ်မြေ၊ ကချင်ပြည်နယ်ရှိ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ၏ မြို့တော် လိုင်ဇာမြို့၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့၏ နယ်မြေများတွင် အရှေ့၊ အနောက်၊ တောင်၊ မြောက် ဟူ၍ အခြေစိုက် စစ်စခန်းများ ချထားပြီး ယင်းတိုင်းရင်းသားအဖွဲများနှင့် မဟာမိတ်များ ဖွဲ့ထားသည့် အဖွဲ့တခု ဖြစ်သည်။

NCA လက်မှတ်မထိုးသည့် တိုင်းရင်းသား လက်နက်ကိုင် နယ်မြေများရှိ ABSDF စခန်းများမှာလည်း NCA ကို လက်မှတ်ထိုးရန် သဘောတူညီထားသည်ဟု သိရသည်။

KNU မှာ NCA လက်မှတ် ရေးထိုးမည့် အဖွဲ့တခု ဖြစ်သဖြင့် ယင်းနယ်မြေရှိ ABSDF အဖွဲ့များ အတွက် ပြဿနာ မရှိသော်လည်း KIA၊ KNPP၊ NMSP တို့မှာ NCA ကို လက်မှတ် ရေထိုးမည့် အဖွဲ့များ မဟုတ်သေးသဖြင့် ယင်းတိုင်းရင်းသား အဖွဲ့များ၏ သဘောထားမှာ ABSDF အဖွဲ့အတွက် ရိုက်ခတ်မှုများ ရှိနိုင်သည်ဟု သိရသည်။

KNPP ဗဟိုကော်မတီဝင် ဦးငေးရယ်က “ABSDF က ကျနော်တို့ တလျှောက်လုံး အမြဲတမ်း မဟာမိတ် အနေနဲ့ပဲ နေခဲ့တယ်။ အခုက ထိုးတဲ့အဖွဲ့နဲ့ မထိုးတဲ့ အဖွဲ့ရယ် ဖြစ်လာတော့ ပြန်ဆွေးနွေးစရာတော့ ရှိလာပါလိမ့်မယ်။ လောလောဆယ်တော့ သူတို့နဲ့ မဆွေးနွေးရသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ABSDF တပ်စခန်းနေရာ ကိစ္စများကို တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အဆုံးအဖြတ်ကို မေးမြန်းပြီး လိုက်နာသွားမည်ဟုလည်း ဦးငေးရယ်က ပြောသည်။

နယ်မြေတခုတွင် အတူတကွ ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှာ မဟာမိတ်များ ဖွဲ့ထားပြီး အစိုးရနှင့် အဖွဲ့တဖွဲ့မှ တိုက်ပွဲ ဖြစ်ပါက နယ်မြေ ထိစပ်နေသည့် အဖွဲ့များကလည်း စစ်ကူတိုက်ပေးလေ့ ရှိသည်မှာ မဟာမိတ်တို့ ထုံးစံပင် ဖြစ်သည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် တဦးက ဧရာဝတီသို့ ပြောသည်။

ABSDF မှာ အောက်တိုဘာလ ၁၅ရက်တွင် နေပြည်တော်၌ ကရင် အမျိုးသားအစည်းအရုံး(KNU) ၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်(DKBA) ၊ ချင်း အမျိုး သား တပ်ဦး(CNF) ၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ရခိုင် အမျိုးသား လွတ် မြောက်ရေး ပါတီ(ALP) တို့နှင့် အတူ NCA ကို လက်မှတ် ရေးထိုးရန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နှင့် သဘောတူထားပြီး ဖြစ်သည်။

NCA စာချုပ်အရ လက်မှတ်ရေးထိုးပြီးပါက လက်မှတ်ထိုးထားသည့် အဖွဲ့များနှင့် တပ်မတော်အကြား ပစ်ခတ်မှုများ မဖြစ်ပွားစေရန် NCA ထိုးပြီး တလအတွင်း တပ်ပိုင်းဆိုင်ရာ လိုက်နာရမည့် စစ်သည်တော် ကျင့်ဝတ်များကို ရေးဆွဲကာ လိုက်နာစေရမည် ဖြစ်သည်ဟု သိရသည်။
NCA ကို လက်မှတ်မထိုးထားသည့် အဖွဲ့များမှာ ပဏာမ အပစ်ရပ်စာချုပ်များ ချုပ်ဆိုထားသည့် သဘော တူညီမှုများဖြင့်သာ ဆက်လက်သွားမည်ဟု သိရသည်။

ထို့ကြောင့် NCA မထိုးထားသည့် အဖွဲ့များမှာ အစိုးရနှင့် ဆက်ဆံရေးတွင် ပြောင်းလဲခြင်းမရှိဘဲ ယခင် အတိုင်း (တိုက်ပွဲ ဖြစ်လျှင် ဆက်ဖြစ် ) ဆက်လက် သွားမည် ဖြစ်သဖြင့် NCA မထိုးထားသည့် နယ်မြေများတွင် ရှိနေသည့် ABSDF စခန်းများက မည်သို့ လုပ်ဆောင်ရမည်ကိုမူ ABSDF ဗဟိုကော်မတီက ဆုံးဖြတ် ချက်ချသွားမည်ဟု သိရသည်။

ABSDF က ၎င်းတို့ တပ်စခန်းများရှိရာ နယ်မြေပိုင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် စက်တင်ဘာ လအတွင်းက ချင်းမိုင်မြို့တွင် နိုင်ငံရေး သဘောတူညီမှုများ ပြုလုပ်ထားပြီးဖြစ်ပြီး ထပ်မံ ညှိနှိုင်း ဆောင်ရွက် သွားမည်ဟုလည်း ပြောဆိုသည်။

http://mobile.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။