ရုရှား၏ လေကြောင်း တိုက်ခိုက်မှုများသည် IS တို့ကို ပစ်မှတ် မထားခဲ့ကြောင်း အမေရိကန်နှင့် မဟာမိတ်တို့က ပြောကြား


ရုရှားကာကွယ်ရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့် ဗီဒီယိုမှ စက်တင်ဘာ ၃၀ ရက်တွင် ရယူထားသော ဓာတ်ပုံများ၌ ဆီးရီးယားတွင် ရုရှားက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ထားသည်ဟု ယူဆရသော အခြေအနေများကို တွေ့ရစဉ်

မော်စကိုက ဆီးရီးယား စစ်ပွဲအတွင်း ၀င်ရောက်လာခဲ့ပြီးနောက် အမေရိကန်နှင့် ရုရှားတို့သည် ၎င်းတို့၏ တပ်ဖွဲ့များကြား ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်ရှားရန်အတွက် အရေးပေါ် စစ်ရေးဆွေးနွေးပွဲ ကျင်းပရန် စက်တင်ဘာ ၃၀ ရက်က သဘောတူညီခဲ့ကြသည်။ ရုရှား စစ်လေယာဉ်များသည် ဆိုဗီယက်ယူနီယံ ပြင်ပ၌ ၁၉၇၉ ခုနှစ် နောက်ပိုင်း ပထမဆုံး စစ်ရေးထိတွေ့မှုကို စတင်ခဲ့ပြီးနောက် အမေရိကန် အဆင့်မြင့် တာဝန်ရှိသူများက တိုက်ခိုက်မှုများအတွက် စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြသည်။

ရုရှားသည် အစွန်းရောက် အစ္စလာမ္မစ်အဖွဲ့ IS ကို တိုက်ခိုက်သည်ဟုဆိုကာ ဆီးရီးယား၏ ဘာရှားအယ်အာဆတ်ကို တိုက်ခိုက်နေသည့် သဘောထား အလယ်အလတ် သူပုန်အဖွဲ့များအား တိုက်ခိုက်ခြင်းဖြစ်ကြောင်း အမေရိကန်တို့က စွပ်စွဲခဲ့ကြသည်။  စက်တင်ဘာ ၂၇ ရက်က ဆီးရီးယားတွင် IS တို့အား ပထမဆုံးအကြိမ် လေကြောင်းမှ တိုက်ခိုက်ခဲ့သော ပြင်သစ်ကလည်း ရုရှား၏ လေကြောင်း တိုက်ခိုက်မှု ရည်ရွယ်ချက်နှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က စစ်သွေးကြွတို့ကို လက်ဦးမှု ရယူတိုက်ခိုက်ခြင်းဟု ပြောကြားခဲ့ပြီး ရုရှားကာကွယ်ရေး ၀န်ကြီးဌာနက ရုရှား စစ်လေယာဉ်များသည် IS တို့ပိုင်ဆိုင်သော နေရာရှစ်နေရာကို
ဖျက်ဆီးခဲ့သည်ဟု ပြောကြားခဲ့သည်။

ဆီးရီးယား၏ အဓိက အတိုက်အခံအဖွဲ့ National Coalition ၏ ခေါင်းဆောင်က ရုရှားသည် အာဆတ်အစိုးရကို ထောက်ပံ့ရန်အတွက် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆီးရီးယား အလယ်ပိုင်း ဟွမ်ပြည်နယ်တွင် အရပ်သား ၃၆ ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ ရုရှားကာကွယ်ရေး ၀န်ကြီးဌာနက လေကြောင်းမှ စစ်ဆင်ရေးအကြိမ် ၂၀ ဆောင်ရွက်ခဲ့ပြီး IS ပစ်မှတ် ရှစ်ခုကို ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

IS တို့ကို တိုက်ခိုက်ရမည့်အစား ရုရှား၏ ရန်ဘက် သူပုန်အဖွဲ့များကို ရုရှားက ဗုံးကြဲခဲ့ကြောင်း စွပ်စွဲချက်များအား အောက်တိုဘာ ၁ ရက်တွင် ရုရှားက ပယ်ချခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် တွေ့ဆုံခဲ့ပြီးနောက် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့က  ရုရှား၏ လေကြောင်း ပစ်မှတ်များသည် IS တို့၏ စခန်းများ မဟုတ်ကြောင်း စွပ်စွဲချက်များသည် အခြေအမြစ် မရှိဟု ပယ်ချခဲ့သည်။

ရုရှားပါလီမန်က သမ္မတပူတင်ကို နိုင်ငံရပ်ခြား၌ အင်အား သုံးစွဲခွင့် ပေးခဲ့ပြီးနောက် ရုရှားသည် နှစ်ပေါင်း ၄၀ နီးပါးအတွင်း ပထမဆုံး ပြည်ပထိုးစစ်ကို ဆောင်ရွက်ခဲ့ပြီး ဆီးရီးယားတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

IS အဖွဲ့ကို ချေမှုန်းရန် နည်းလမ်းများကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် ရုရှားသမ္မတ ပူတင်တို့က အပြိုင်ကြေညာနေကြပြီး ဆီးရီးယား သမ္မတ အာဆတ်၏ ကံကြမ္မာနှင့် ပတ်သက်၍ အငြင်းပွားနေကြစဉ် ရုရှားပါလီမန်က ဆီးရီးယား လေကြောင်း စစ်ဆင်ရေးကို ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ပြည်ပသို့ ရုရှားတပ်များဖြန့်ရန် ပူတင်၏ တောင်းဆိုမှုကို အထက်လွှတ်တော်က အတည်ပြုခဲ့ပြီးနောက် ကရင်မလင်မှ ဆာဂေးအီဗန်နော့ဗ်က “သမ္မတရဲ့ တောင်းဆိုမှုကို ဖက်ဒရေးရှင်း ကောင်စီက ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်” ဟု ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည်။  ဆီးရီးယားသို့ ရုရှား မြေပြင်တပ်များ စေလွှတ်မည့် အရေးကိုမူ ၎င်းက ငြင်းဆန်ခဲ့သည်။

ရုရှားသည် အီရတ်၊ အီရန်၊ ဆီးရီးယားတို့နှင့် ပူးပေါင်းပြီး ထောက်လှမ်းရေး တပ်ဖွဲ့တစ်ခုကို တည်ထောင်ရန် စီစဉ်နေသည်။

ရုရှားသည် ဆီးရီးယားတွင် တိုက်လေယာဉ်များ၊ ဗုံးကြဲ လေယာဉ်များ၊ ရဟတ်ယာဉ်များ တပ်ဖြန့်ထားကြောင်း၊ တပ်ဖြန့်ထားသော လေယာဉ်များတွင် Su-24 M, Su-34, Su-30, Mi-24 တို့ ပါဝင်ကြောင်း ရုရှားနေ့စဉ် သတင်းစာ Kommersant က အောက်တိုဘာ ၁ ရက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်နှင့် ရုရှားတို့သည် IS ကို နှိမ်နင်းရန် လိုအပ်ကြောင်းကို သဘောတူညီသော်လည်း အာဆတ်နှင့် ပတ်သက်၍ သဘောထား ကွဲလွဲနေသည်။

၂၀၁၁ ခုနှစ် မတ်လက စတင်ခဲ့သော ဆီးရီးယား ပြည်တွင်းစစ်သည် လူ ၂၅၀၀၀၀ ကျော် သေဆုံးစေခဲ့ပြီး ဖြစ်သည်။ ဆီးရီးယား ပြည်သူ သန်းပေါင်းများစွာသည် နေရပ်စွန့် ခွာ ထွက်ပြေးနေကြပြီး ဥရောပနှင့် အရှေ့ အလယ်ပိုင်းသို့ အလုံးအရင်းနှင့် ရွှေ့ပြောင်းနေကြသည်။

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။